Friday, April 10, 2009
ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု
ဤသုတေသန ဆောင်းပါးကို ရေးချင်ခြင်း၊ ပြောလိုချင်း ဆန္ဒ အမြစ်တွယ် နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဘိုင်နရီခေတ် (Binary Era)၊ အိုင်တီ ခေတ် (IT Era) တွင် မြန်မာစာ၊ မြန်မာစကား နှင့် ယူနီကုဒ် တို့၏ ရှုပ်ထွေး ကျယ်ပြန့်လှသော ပြဿနာများ အကြောင်း ဆွေးနွေးမှုများ၊ ငြင်းခုန်မှုများ တွေ့တိုင်း၊ မြင်တိုင်း၊ ကြားမိတိုင်းတွင် တစ်စုံတစ်ခုကို ဝင်ရောက် ဆွေးနွေး ပြောဆို လိုခြင်း ဆိုသည့် ပြင်းပြသော ဆန္ဒအား အရင်းခံသည် ဟုဆိုနိုင်ပါ၏။ သို့သော်လည်း ပြောရေးသာရှိ၊ ပြောစရာ မရှိ ဆိုသလို ပြောချင်သော အကြောင်းအရာနှင့် ပတ်သတ်၍ကား ထဲထဲဝင်ဝင်၊ ပိုင်ပိုင် နိုင်နိုင် သိကျွမ်း နားလည်သူ မဟုတ်သဖြင့် ပြောနိုင်သော အစွမ်းမဲ့ကာ နှုတ်ဆိတ် နေခဲ့ရ၏။ ယခုတော့ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ထဲဝင် ပိုင်နိုင်စွာ သိကျွမ်းသူ အဖြစ် မဟုတ်စေကာမူ အပြီးသတ် ရယူသုံးစွဲသူ (End User) တစ်ဦး အနေဖြင့် သော် လည်းကောင်း၊ မြန်မာစာ မြန်မာစကားကို အများ လက်ခံ သဘောတူညီသော ခိုင်မာတည်တံ့သည့် စံနှုန်း၊ နည်းစနစ် တစ်ခု ဖြင့် ဘိုင်နရီခေတ်၏ ယူနီကုဒ် မြင်းရိုင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ စီးနင်းပြီး တိုးတက်ဖွံ့ဖြိုးမှု ဆီသို့ ဆက်လက် ဦးတည်စေလိုသော မြန်မာ လူမျိုး တစ်ယောက်၏ ဆန္ဒရင်း၊ စေတနာ ဖြင့်သော် လည်းကောင်း ဖတ်ရှုလေ့လာ၊ မှတ်သားမိသမျှ အသိဥာဏ်အား အခြခံ၍ ဤဆောင်းပါးအား ရေးသား လိုက်ရပါကြောင်းနှင့် ဝိုင်းဝန်း၊ ဝေဖန်၊ အကြံပြု၊ မှတ်ချက်ချ၊ ဆွေးနွေးခြင်းများ လွတ်လပ်စွာ ပြုလုပ်နိုင်ကြပါကြောင်း စာဖတ်သူ အပေါင်းအား လေးစားစွာ အသိပေးလိုပါ၏။
ဘိုင်နရီ ခေတ်၏ ယူနီကုဒ် မြင်းရိုင်း
စက်မှု အင်ဂျင်နီယာနှင့် စွမ်းအင် အင်ဂျင်နီယာ ဘာသာရပ်များ (Mechanical & Dynamic Engineering) တွင် မြင်းကောင်ရေ အား (Horsepower) ဆိုသည့် စွမ်းအင် (Power) ကိုတိုင်းတာသော အတိုင်းအတာ (Unit) တစ်ခုရှိသည်။ စက်မှုခေတ်ပြောင်း တော်လှန်ရေး၏ အစဟု ဆိုနိုင်သော ကာလ (၁၇၀၂-ခုနှစ်) ၊ စက်မှု သိပ္ပံပညာရှင် (Thomas Savery) နှင့် (James Watt) တို့မှ မြင်း တို့၏ သန်မာ ဖြတ်လတ်လှသော ခွန်အားကို စံထား သတ်မှတ်ကာ စက်ပစ္စည်း များအတွက် စွမ်းအင် အတိုင်းအတာ အဖြစ် စတင်တီထွင် သုံးစွဲ လာခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ အိုင်တီ ခေတ်ပြောင်း တော်လှန်ရေး တွင် စွမ်းဆောင်ရည် မြင့်လှသော ကွန်ပြူတာ ဆိုသည့် Binary စနစ် သုံး ဂဏန်းနှစ်လုံး (Digital) ပစ္စည်းများ ပေါ်ထွန်းလာ ပြီးနောက် ကမ္ဘာ အနှံ့အပြားရှိ အသီးသီးသော နိုင်ငံ၊ လူမျိုး အပေါင်းတို့သည်လည်း သန်မာ ဖြတ်လတ်လှပြီး အင်အား ကောင်းမွန်လှသည့် ယူနီကုဒ် (Unicode) ဆိုသော မြင်းရိုင်းကြီး ကို စီးနှင်ကာ အသီးသီးသော အပျော့ထည်များ (Softwares)၊ အသုံးချ ညွှန်ကြားချက် အစုများ (Applications)ကို မိမိတို့ကိုယ်ပိုင် ဘာသာစကား ဖြင့် မိမိတို့ ကိုယ်ပိုင် ယဉ်ကျေးမှုသို့ ပြုလုပ်ဖန်တီးပြီး သကာလ သတင်းနှင့် နည်းပညာ ခေတ်ကြီး (IT Era or Digital Era) အတွင်း အပြေးအလွှား ဖြတ်သန်း ခရီးနှင်လျက် ရှိကြသည်။
ဝှက်စာဖွဲ့ခြင်း (Character Encoding) နှင့် ASCII Code နည်းစနစ်၏ ကန့်သတ်ချက်များ
ကိန်းဂဏန်း အတိုင်းအတာများကို ဖော်ပြရန် အလင်းလွှတ် ဒိုင်အုတ်မီးလုံးများ (Light Emitting Diode-LED) ကိုသာ အသုံးပြုသည့် အန်နာလော့ဂ် (Analog) ခေတ် ကွန်ပြူတာ မှသည် တစ်ပိုင်းလျှပ်ခံ ပစ္စည်း (Transistor)၊ လျှပ်သို (Capacitor) နှင့် လျှပ်ခံ (Resistor) အစရှိသည်တို့ကို သုံးသော ဘိုင်နရီခေတ်၊ တဖန် ဘိုင်နရီခေတ် အလွန် တစ်ပိုင်း လျှပ်ကူး ပစ္စည်းများ (Semiconductors) နှင့် တစ်ပိုင်းလျှပ်ခံ၊ လျှပ်သို၊ လျှပ်ခံ ပစ္စည်းများကို ဆီလီကွန် အလွှာတစ်လွှာ ထဲတွင် စုပေါင်းထည့်သွင်း အသုံးပြုသော ပေါင်းစပ်လျှပ်စီး ပတ်လမ်းပစ္စည်းများ (Integrated Circuit – IC)၊ မိုက်ခရို ပရိုဆက်ဆာ (Microprocessor) များ စသည်တို့အား အသုံးပြုသော ယနေ့ခေတ်၊ အချိန်အထိ ကွန်ပြူတာ ဆိုသည့် စွမ်းဆောင်ရည်မြင့် ဂဏန်းနှစ်လုံး စက်ပစ္စည်း ကိရိယာ (Digital Devices) များကို လူတို့ ခိုင်းလို၊ ပြောဆိုလိုသည့် အမိန့်များ၊ စာများအား နားလည် လုပ်ဆောင် ပေးရန် အတွက် စက်နားလည်သော ဘာသာစကား ဖြစ်သည့် ဝှက်စာဖွဲ့ခြင်း (Character Encoding) နည်းလမ်းများဖြင့် အမိန့်ပေး ခိုင်းစေ၊ အသုံးပြု လုပ်ဆောင် ခဲ့ကြသည်။ တဖန် ထိုဝှက်စာဖွဲ့ထားသော စက်သာ နားလည်သည့် ဘာသာစကားကို စက်ပစ္စည်းကိရိယာ၏ အထွက်ရလာဒ် (Output Result) တွင် လူတို့နားလည်သော ဘာသာစကားဖြစ်အောင် ဝှက်စာ ဖော်ခြင်း (Decoding or Parsing) အမှုကို ပြန်ပြုရ၏။ ထိုသို့ ကွန်ပြူတာ နှင့်တကွ အခြားသော ဒီဂျစ်တယ် ပစ္စည်းများတွင် ဝှက်စာဖွဲ့ခြင်း နှင့် ဝှက်စာဖော်ခြင်း လုပ်ငန်း (၂) ရပ်ကို ပင် ယနေ့ သတင်းနှင့်နည်းပညာ ခေတ်တွင် ကွန်ပြူတာ အစီအစဉ်ရေးဆွဲခြင်း သို့မဟုတ် Computer Programming ဟု ခေါ်ဆိုနေကြခြင်း ဖြစ်၏။
ဤနေရာတွင် အဓိကထား ဆွေးနွေး ပြောဆိုလိုသည်မှာ ဝှက်စာဖွဲ့ခြင်း (Character Encoding) အပိုင်းဖြစ်သည်။ အများ သိကြသည့် အတိုင်း ကမ္ဘာပေါ်တွင် ဝှက်စာနှင့် တွဲဘက် သိမြင်တတ်ကြသည်မှာ ရေဒီယို ဆက်သွယ်ရေး ဖြစ်သည်။ ကွန်ပြူတာ လောက၏ အခြေခံ အကျဆုံးသော နှင့် ယနေ့ထက်တိုင် ဖွံ့ဖြိုးသုံးစွဲလာသည့် ဝှက်စာဖွဲ့ခြင်း နည်းစနစ် ASCII Code (American Standard Code for Information Interchange) အားလည်း ရေဒီယို ဆက်သွယ်ရေး စနစ် ၏ ကျော်ကြားသော ဝှက်စာဖွဲ့ခြင်း နည်းလမ်း ဖြစ်သည့် မော့စ်ဆ်ကုဒ် (Morse Code) အိုင်ဒီယာ ကိုပင် အခြေပြု ဖန်တီးခဲ့ကြ၏၊
မူလ ပထမ ASCII Code များတွင် Morse Code ၏ အခြေခံ မူလကုဒ်များ ဖြစ်သည့် အင်္ဂလိပ် အက္ခရာ (English Alphabets) - ၂၆ လုံး နှင့် ကိန်းဂဏန်း (Numerical Digits) - ၁၀ လုံးသာ ပါရှိခဲ့သည်။ နောက်ပိုင်း ကာလများတွင် အက္ခရာများကို အကြီးအသေး ခွဲခြား သတ်မှတ်ခြင်း၊ ပုဒ်ဖြတ်၊ ပုဒ်ရပ် သင်္ကေတ (Comma, Full Stop, Exclamation Mark, Semi-Columns) များ၊ သချာင်္ဆိုင်ရာ သင်္ကေတများ (Plus, Minus, Multiple, Divide, Percent, Greater Than & Less Than) ၊ ငွေကြေး သင်္ကေတများ ($)၊ အခြား အထူး သင်္ကေတများ ( [ ], { }, &, *, |, \, /, ~,`, ^) ၊ ပုံနှိပ်ခြင်း မပြုနိုင်သော အက္ခရာများ (Space Key, Delete Key, Ctrl Key, Shift Key. etc) အစရှိသည် တို့ကိုပါ ထပ်မံထည့်သွင်း လာခဲ့ပြီး ပုံနှိပ်နိုင်သော အက္ခရာများ (Printable Characters) - ၉၄ လုံး နှင့် ပုံနှိပ်ခြင်း မပြုနိုင်သော အက္ခရာများ (Non-printing Characters) - ၃၃ လုံး တို့ဖြင့် ASCII Code စနစ်တွင် အက္ခရာ- ၁၂၈ လုံး သို့ ရောက်ရှိ အဆုံးသတ်ခဲ့သည်။ (Space Key ကို မမြင်နိုင်သော ရုပ်ပုံဖော်ပြချက် (Invisible Graphic) တစ်ခု အဖြစ် အသုံးပြုသော ကြောင့် ထည့်သွင်း ရေတွက်ခြင်း မပြု)
ဘိုင်နရီ ခေတ်၏ ဂလိုဘယ် ယဉ်ကျေးမှု နှင့် ပြည်တွင်းမှု ပြုခြင်း ဖြစ်စဉ်များ (Localizations) နှင့် အတွေ့တွင် ရိုမန် နှင့် လက်တင် အက္ခရာများ (Roman Characters) အပေါ်၌သာ အလုံးစုံ ဗဟိုပြုထားသော ASCII Code စနစ် သည် အားနည်းချက်ပေါင်း များစွာတို့ ဖြင့် ပြိုင်ဘက်မရှိ ပထမနေရာမှ လျောကျပြိုဆင်း ခဲ့ရလေ၏။ အဘယ့်ကြောင့် နည်း။ ASCII Code ဖြင့် ဝှက်စာဖွဲ့ခြင်း နည်းစနစ်တွင် မူလ ရိုမန် နှင့် လက်တင် အက္ခရာ ၂၆-လုံး နှင့် ကိန်းဂဏန်းများ သင်္ကေတများ အပါအဝင် စုစုပေါင်း အက္ခရာ- ၁၂၈ လုံး အတွက် အဓိက လေးလုံးဂဏန်း (Four Digits) 0000 မှ 1111 အထိသာ ကုဒ်နံပါတ်များ အတွက် နေရာသတ်မှတ်ထားပြီး၊ အခြားသော ဘာသာစကားများ အတွက် နေရာ ထပ်မံ တိုးချဲ့သတ်မှတ်ခြင်း မပြုနိုင်တော့ချေ။ သို့အတွက် ကွန်ပြူတာတွင် ကမ္ဘာပေါ်ရှိ ရိုမန်ဘာသာစကား အပြင် အခြားသော ဘာသာစကား သုံးစွဲသူများ (China, Japan, Russia, Arabic… etc) ၏ အက္ခရာများ၊ စာလုံးများ အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ဘာသာအလိုက် အက္ခရာများကို ကုဒ်နံပါတ်နေရာ (Code Space) သတ်မှတ်ပေးရန် လိုအပ်လာ၏။
ဒါဖြင့် ယူနီကုဒ်ဆိုတာ ဘာလဲ? ဘာ့ကြောင့် အရေးပါတာလဲ?
သို့အတွက် ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီး တို့၏ ဘာသာစကား၊ အက္ခရာများအား ကွန်ပြူတာတစ်လုံး အတွင်း သဟဇာတ ဖြစ်စွာ ထည့်သွင်း အသုံး ပြုနိုင်ရန် အတွက် လည်းကောင်း၊ ISO 8859 ကဲ့သို့ ကန့်သတ်ချက်များစွာ ရှိနေသော ASCII ၏ ဝှက်စွာဖွဲ့ခြင်း နည်းစနစ် (Character Encoding) ကို ရှောင်လွှဲ အသုံးပြုနိုင်ရန် အတွက် သော်လည်းကောင်း ကွန်ပြူတာ ပညာရှင်တို့ အသီးသီး အသက ကြံဆဆောင်ရွက် ခဲ့ကြရာတွင် Xerox Company မှ Joe Becker ၊ Apple Company မှ Lee Collins and Mark Davis တို့ ကနဦးပြု လေ့လာ ဆောင်ရွက်ခဲ့ကြသော “ယူနီကုဒ် ဟု ခေါ်တွင်သည့် နိုင်ငံတကာ/ဘာသာစကားမျိုးစုံ အက္ခရာများ ဝှက်စာဖွဲ့ခြင်း နည်းစနစ်” သည် ၁၉၈၇-ခုနှစ်တွင် “ယူနီကုဒ်-၈၈“ အမည်ဖြင့် စာတမ်းတစ်ခု စတင်ထွက်ရှိလာခဲ့သည်။
၁၉၈၉ - နှစ်ဦးပိုင်းနှင့် ၁၉၉၀ ခုနှစ်များတွင် ယူနီကုဒ် အဖွဲ့သို့ Ken Whistler ၊ Mike Kernaghan နှင့် Karen Smith-Yoshimura၊ RLG အဖွဲ့မှ Joan Aliprand ၊ Sun Microsystems မှ Gleen Wright ၊ Microsoft မှ Michel Suignard နှင့် Asmus Freytag တို့ စသဖြင့် ပူးပေါင်း ပါဝင်လာခဲ့ကြပြီးနောက် ၁၉၉၁-ခုနှစ်၊ ဇန်နဝါရီလ-၃ ရက်နေ့တွင် အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် “ယူနီကုဒ် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီး” (Unicode Consortium) အား တည်ထောင် ဖွဲ့စည်းခဲ့ကြသည်။ ထိုနှစ်ထဲတွင်ပင် ယူနီကုဒ်စနစ် ၏ ပထမ တည်းဖြတ်မူအား ပုံနှိပ် ဖြန့်ချီခဲ့သည်။
ယူနီကုဒ် စနစ်တွင် ဝှက်စာဖွဲ့ရာ၌ ASCII Code စနစ်မှာကဲ့သို့ အက္ခရာများ၊ ကိန်းဂဏန်းများ ကို ရုပ်ပုံ ဖော်ပြချက်များ (Glyphs) ဖြင့် ကိုယ်စားမပြုပဲ အက္ခရာ၊ ကိန်းဂဏန်း တစ်လုံးချင်းစီ အလိုက် Code Point ဟုခေါ်သည့် ကိုယ်ပိုင် ထူးခြားသော ဂဏန်းတန်ဖိုးများ သတ်မှတ်ထားရှိပေးပြီး ၎င်း အက္ခရာများကို ဝဘ်ဘရောက်ဇာ များ၊ Word Processing များတွင် ပြန်လည် ဝှက်စာဖော် ပြသရာတွင်လည်း သတ်မှတ်ထားသည့် ကုဒ်နံပါတ် အလိုက် စိတ္တဇနာမ်များ သက်သက် ကိုသာ ဖော်ပြခြင်း ဖြစ်ပြီး အရွယ်အစား၊ ပုံသဏ္ဌာန်၊ ဖောင့်ထ် နှင့် ပုံစံ တို့အပေါ်တွင်သာ အဓိက အမှီပြု ထားရသည့် ဆော့ဖ်ဝဲရ် အများစုတို့၏ အမြင်အာရုံ ပုံဖော်ခြင်းနည်းစနစ် (Visual Rendering) အား အသုံးပြုမှုကို လျော့ချနိုင်ခဲ့၏။
ယူနီကုဒ်တွင် အက္ခရာများအား Code Point များဖြင့် သတ်မှတ် သိမ်းဆည်းပုံ နည်းစနစ် တစ်မျိုး
ယူနီကုဒ် နည်းစနစ်တွင် အက္ခရာများ၊ ကိန်းဂဏန်းများကို နေရာပေး သတ်မှတ်ရန် Code Space တစ်ခုအတွက်၊ Code Point ပေါင်း ၁,၁၁၄,၁၁၂ ခုဖြင့် အကွာ အဝေး 0hex မှ 10FFFFhex ထိ သတ်မှတ်ထားရှိသည်။ (စကားချပ် - ASCII Code စနစ်၏ အကွာအဝေး သတ်မှတ်ချက် 0000 မှ 1111 ထိ အက္ခရာ ၁၂၈-လုံး နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။) ဤနေရာတွင် အက္ခရာများအား တန်ဖိုး သတ်မှတ် ဖော်ပြရန် အတွက် ယူနီကုဒ် ဆိုသည်အား လွယ်ကူစွာ ရည်ညွှန်းချက် ပေးနိုင်သော “U+” ဆိုသည့် စာလုံး နှင့် ၎င်း၏ နောက်မှ အက္ခရာ တစ်ခုချင်းစီ အလိုက် ကိုယ်စားပြုသော Hexadecimal နံပါတ် ၄-လုံး မှ ၈-လုံး အထိ တွဲရက် ဖော်ပြလေ့ရှိသည်ကို မှတ်သား ထားနိုင်သည်။ ဥပမာ အားဖြင့် အခြေခံ ဘာသာစုံ အကန့် (Basic Multilingual Plane -BMP) တွင် “U+0058” ဆိုသည်က Latin Capital Letter – “X” အား ကိုယ်စားပြုပြီး၊ Supplementary Multilingual Plane – SMP တွင် ပါဝင်သော “U+1000” ဆိုသည်က မြန်မာဘာသာစကား ၏ ပထမ အက္ခရာ “က” အား ကိုယ်စားပြုပါသည်။ ယူနီကုဒ် နည်းစနစ် တစ်ခုလုံး (Code Space) အတွက် အထက်ပါ အတိုင်း အက္ခရာများ၏ ကိုယ်စားပြု ကိန်းဂဏန်းများ (Code Points) ကို အကန့်များ (Plane) ဖြင့် ခွဲခြား သတ်မှတ်ထားရာတွင် စုစုပေါင်း အကန့် ၁၇-ကန့် အတွက် ၁-ကန့်စီ လျင် Code Point ပေါင်း ၆၅,၅၃၆ - ခု ဖြင့် အတန်း ၂၅၆ - တန်း နှင့် ၂၅၆ နေရာ စီ သတ်မှတ်ထားရှိသည်။
အောက်ပါ ပုံတွင် ယူနီကုဒ် နည်းစနစ်၏ နေရာ နှင့် အကန့် ၊ အကွာအဝေး သတ်မှတ်ချက်များကို လေ့လာကြည့်ရှုနိုင်သည်။
Unicode Code Planes
ဤသို့ ကြီးမား ကျယ်ပြန့်လှသော ယူနီကုဒ် ဖြင့် ဝှက်စာဖွဲ့ခြင်း နည်းစနစ် သည် ကွန်ပြူတာ လောက၏ ကနဦး သမိုင်းဝင် အက္ခရာ ၁၂၈ -လုံး သာပါဝင်သော ASCII Code စနစ်ကြီး တစ်ခုလုံး အား သူ၏ ပထမ အကန့်သာဖြစ်သော BMP အတွင်းသို့ Code Point ရာနှုန်း အနည်းငယ်သာ အသုံးပြု၍ အောင်မြင်စွာ ထည့်သွင်းပစ်ခဲ့ခြင်း ဖြင့် ယူနီကုဒ် နည်းစနစ်အား တစ်ကမ္ဘာလုံးရှိ လူမျိုးတိုင်း ကျယ့်ပြန့်စွာ ပါဝင် အသုံးပြုနိုင်ကြောင်းကို ပြသနိုင်ခဲ့သည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်း၏ အက္ခရာတိုင်း တို့အား နည်းစနစ် တစ်ခုတည်းအောက်ရှိ တိကျသော ကိုယ်ပိုင် နေရာပေးမှုနှင့် ကိန်းဂဏန်း တန်ဖိုးသတ်မှတ်မှု ကိုသာ အသုံးပြုသဖြင့် ဘာသာစကား တစ်ခုမှ အခြားတစ်ခုသို့ လွယ်ကူစွာ ဘာသာပြန်နိုင်ခြင်း၊ ယူနီကုဒ်၏ စံသတ်မှတ်ချက်များကို Adobe Systems, Apple, Google, HP, IBM, Microsoft, Sun Microsystems နှင့် Yahoo အစရှိသည့် ဦးဆောင် ဆော့ဖ်ဝဲရ် ထုတ်လုပ်သော ကော်ပိုရေးရှင်းကြီးများ ကိုယ်တိုင် လက်ခံသုံးစွဲကြပြီး မည်သည့် Platform, မည်သည့် Program, မည်သည့် ဆော့ဖ်ဝဲရ် ထုတ်ကုန် ပစ္စည်း၌ မဆို မိမိ တို့ ကိုယ်ပိုင် ဘာသာစကားဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ ယူနီကုဒ် နည်းစနစ်ကို အသုံးပြုပြီး အင်တာနက် ဒေတာဘေ့စ်များတွင် မိမိတို့ ကိုယ်ပိုင် ဘာသာစကားဖြင့် ပညာရပ်ဆိုင်ရာ ဘာသာရပ် အဘိဓာန်များ တည်ဆောက်ခြင်း၊ သိလိုသော အကြောင်း အရာများအား လွယ်ကူစွာ ရှာဖွေနိုင်ခြင်း အစရှိသော မရေ မတွက်နိုင်သော အကျိုးကျေးဇူးများစွာ တို့ကိုပါ ရရှိစေပါသည်။
သို့ အတွက် ယူနီကုဒ်၏ အဓိပ္ပါယ်ကို အောက်ပါ အတိုင်း မြန်မာဘာသာဖြင့် သတ်မှတ်ဖော်ပြလို၏။
“ယူနီကုဒ် ဆိုသည်မှာ မည်သည့် ဘာသာစကား (Language)၊ မည်သည့် အခြေခံ အဆောက်အဦး (Platform)၊ မည်သည့် ညွှန်ကြားချက် အစုအဝေး (Program) ၌ မဆို အက္ခရာ တစ်ခုချင်းစီ အလိုက် ကိန်းဂဏန်း တန်ဖိုးသတ်မှတ် ပေးနိုင်သော ဝှက်စာဖွဲ့ခြင်း နည်းစနစ် (Character Encoding) ဖြစ်သည်။ ”
ပြီးခဲ့သော ဧပြီလ - ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ယနေ့ခေတ်၏ နောက်ဆုံးပေါ် ယူနီကုဒ် ၅.၁.၀ တွင် ကမ္ဘာပေါ်ရှိ ဘာသာစကားများ၏ အက္ခရာ ပေါင်း ၁၀၀,၇၁၃ လုံးပါရှိခဲ့ပြီး၊ မြန်မာ၊ ဗီယက်နမ် တို့၏ ဖြည့်စွက်ပြင်ဆင်ချက် အက္ခရာသစ်များ အပါအဝင် အခြားသော ဘာသာစကား ၁၃-ခု တို၏ အက္ခရာအသစ်များ ပါရှိခဲ့သည်။ ၎င်း မတိုင်မှီ နောက်ဆုံး တည်းဖြတ်မူ (Version) ဖြစ်သော ယူနီကုဒ် ၅.၀.၀ တွင် အက္ခရာစာလုံး သတ်မှတ်ချက်ပေါင်း ၉၉,၀၈၉ - လုံး ပါဝင်ခဲ့ပြီး ယူနီကုဒ် နည်းစနစ်တစ်ခုလုံး အတွက် “နိုင်ငံတကာ စံပြုအဖွဲ့အစည်း” မှ စံသတ်မှတ်ချက် နံပါတ်မှာ ISO/IEC 10646 ဖြစ်သည်။
No Response to "ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု"
Leave A Reply
အပြောများ