Friday, April 10, 2009

ဆက်ထုံးလေးများ

Posted on 10:20 AM by nweminthit

ဒီတစ်ခါကျနော့်အတွေးက သံယောဇဉ်ကြိုးကလေးအကြောင်းပေါ့။မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊ညီအကိုမောင်နှမ အချင်းချင်း၊သူငယ်ချင်း အချင်းချင်းကနေ ချစ်သူအချင်းချင်းအထိ။နောက်ဆုံးပြောရရင် သက်ရှိသက်မဲ့ ဘယ်လို သံ ယောဇဉ်ထားမှုမျိုးကို မဆိုပါဝင်နိုင်ပါတယ်။ကျနော်က သံယောဇဉ်ကို နူးညံ့ချောမွေ့တဲ့ကြိုးလေးတစ်ချောင်းအဖြစ် မြင်ကြည့်တယ်။ဖြောင့်ဆင်းတဲ့ အထုံးမရှိတဲ့ ကြိုးကလေးတစ်ချောင်းပေါ့။အထက်က ကျနော်ပြောခဲ့သလို အချင်းချင်း ကြားမှာ ဘယ်အချိန်က ဘယ်လိုသွယ်တန်းခဲ့မှန်း မသိနိုင်တဲ့ ကြိုးလေးတွေ ရှိနေတယ်လေ။လူတိုင်း ပုံစံမတူရင်သာ ရှိမယ် သံယောဇဉ်တော့ ရှိကြမှာပါပဲ။ဒီကြိုးလေး ဖြောင့်ဆင်းချောမွေ့နေရာက အကြောင်းတစ်ခုခုကြောင့် နှစ်ဦးနှစ်ဖက် ကြားမှာ စိတ်မခန့်သင့်လို့ ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ဦးတည်းက အမြင်တစ်မျိုးမြင်ပြီး တဘက်သက်ဖြစ်ဖြစ် စိတ်ကွက်စ ရာ စိတ်မသန့်စရာ ကြုံလိုက်ရင် အထုံးအဖုလေး ကြားထဲမှာ သွားခံနေတတ်တယ်လေ။တစ်ခဏတာ ပြတ်သွားတဲ့ သံ ယောဇဉ်ကြိုးလေးပေါ့။အကြာကြီးလဲ ဖြစ်ချင်ဖြစ်မယ် အခိုက်အတန့်လဲ ဖြစ်နိုင်ပါတယ် ပြီးတော့ ပြန်ဆက်သွားပြန် တယ်။အဲဒီမှာ အထုံးလေး ဆက်ထားတဲ့နေရာမှာ ကျန်နေတော့တယ်။ချောမွေ့တဲ့ သံယောဇဉ်ကြိုးလေးခမျာ ဆက်ထုံး လေး ခုသွားတယ်ပေါ့။ ကျနော် ဒီအတွေးလေး ဝင်တာကြာပြီ။သတိထားပြီးလည်း အကဲခတ်ကြည့်မိတယ်။အတော်များများလည်း ကြုံရတာ ပါပဲ။ဥပမာ ကျနော်နဲ့ကျနော့်အကို ကြားမှာ အထုံးကလေးတစ်ခုဖြစ်တယ်။ကျနော်တို့ ညီအကိုတွေက ငယ်ကတည်းက အဖေမရှိတော့ အကိုအကြီးဆုံးကို လေးစားတယ်။နွေးထွေးမှုလဲရှိကြတယ်။အရွယ်အတော် ရောက်လာပြီး နောက်အကို နဲ့ကျနော်နဲ့ ငွေကြေးကိစ္စတစ်ခုမှာ အဖုအထုံးလေးသွားကြုံတယ်။ကျနော်ရောသူရော အဲဒီကိစ္စအတွက်စကားအဖြစ် ပြောဖြစ်တာလဲ မဟုတ်ပါဘူး။ဒါပေမယ့် စိတ်ထဲကတော့ သိနေကြသလိုပဲ။မလုံဘူးပေါ့ဗျာ။အားနာ မျက်နှာပူသလိုပါပဲ။ ဆက်ဆံရတာ အရင်လိုမဟုတ်တော့သလိုပေါ့။သံယောဇဉ် မရှိဘူလားလဲ မဟုတ်ဘူးလေ။ရှိနေပြီးသား ချောချောချူချူ သံယောဇဉ်ကြိုးလေးခမျာဆက်ထုံးလေးဝင်ခံသွားသလိုပေါ့။ဒါပေမယ့် ကျနော်ရော အကိုရော တကယ်တမ်းမှာ တစ်ဦး နဲ့ တစ်ဦးအရင်ထက်တောင် ပိုပြီး အလေးထားဆက်ဆံဖြစ်ကြသေးတယ်။ဒါကိုသတိထားမိတဲ့ကျနော်က ဆက်ထုံး လေးခံတယ်လို့ ပြောကြည့်မိတာပါ။
ဒီလိုအလားတူအဖြစ်မျိုးလေးတွေ အများကြီးပေါ့။သူငယ်ချင်းတွေကြားမှာရော ဆရာသမားတွေကြားမှာပါ။ကျနော့် အ မြင်လေးကို ကျနော့်ချစ်သူလေးကိုလည်း ပြောပြတယ်လေ။သူနဲ့ကျနော်ကြားမှာလည်း


ဆက်ထုံးလေးအဖုအထစ်လေး အဝင်မခံစေချင်ဘူးလို့။တစ်ယောက်နဲ့တစ်ယောက်နားလည်ပွင့်လင်းမှုရှိရင် သံယောဇဉ်ကြိုးလေး ဖြောင့်ဆင်းနေမှာ လေ။နားလည်မှုယူပြီး ခုထိနွေးထွေးဖြောင့်စင်းလို့ပေါ့။တစ်ယောက်နဲ့တစ်ယောက်ခပ်ကြာကြာမတွေ့ဖြစ်ဖူးဆိုရင် နုတ်ဆက်ရင်း တစ်ဦးကိုတစ်ဦး ရင်ထဲမှာ သံသယဖြစ်စရာ မရှင်းစရာဘာရှိလဲ မေးထားပေါ့ ဒီလိုအကျင့်လေးရှိနေ ခဲ့ကြတယ်။ခုထိ ချောနေဆဲပါပဲ။ကျနော် ဆိုလိုချင်တာက တစ်ဦးနဲ့တစ်ဦးကြားမှာ ဆက်ထုံးလေးတွေနည်းလေ ကောင်း လေလို့ ပြောချင်တာပါ။သူငယ်ချင်းတွေကြားမှာလဲ တစ်ဦးနဲ့တစ်ဦးလေးလေးစားစားနဲ့ ဆက်ထုံးလေးများ မရှိဘဲ အမြဲစီးဆင်းနေစေချင်တယ်လေ။

No Response to "ဆက်ထုံးလေးများ"

Leave A Reply

အပြောများ

Related Posts with Thumbnails