Friday, April 10, 2009
ရာဇကုမာရ် ကျောက်စာ မှသည် မိုက်ခရို ပရိုဆက်ဆာ ဆီသို့
မြန်မာစာ နှင့် အင်္ဂလိပ်စာ မြန်မာစာ၊ မြန်မာစကား သည် လွန်ခဲ့သော နှစ် ၁၀၀၀- ကျော် ကာလ ပုဂံ အင်ပိုင်ယာခေတ် (အေဒီ ၈၄၉ -၁၂၈၇) မှစတင်ကာ တိုးတက်ဖွံ့ဖြိုး တည်ရှိလာခဲ့သော သမိုင်းကြောင်း ခိုင်မာ လှသည့် ဘာသာစကား တစ်ရပ် ဖြစ်သည်။ အဆိုပါ ခေတ်တွင် မူလအစက ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ တို့ပါဝင်သော ဘာသာစကား လေးမျိုးလုံးအား ပြည်သူပြည်သား အပေါင်းတို့ အသုံးပြု ပြောဆိုခဲ့ကြမည် ဟုလည်း ယုံကြည်ရ၏။ ထိုအချက်ကို သက်သေပြရန် အစောဆုံး တွေ့ရှိရသည့် ခိုင်မာသော အထောက် အထား တစ်ရပ် အနေဖြင့် ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သော မြစေတီ ကျောက်စာ အား ညွှန်းဆိုနိုင်သည်။
ယနေ့ခေတ်တွင် မြန်မာ ဘာသာစကားအား ဘာသာဗေဒပညာရှင်တို့ အလိုအားဖြင့် တရုတ် ဘာသာ အပါအဝင် အခြား ဘာသာစကား အမျိုးအစားပေါင်း ၂၅၀- ကျော်ပါဝင်သည့် အရှေ့အာရှ သုံး ဘာသာစကား ဖြစ်သော ဆီနို-တိဘက်တန် ဘာသာ စကား အမျိုးအစားအတွင်းသို့ ထည့်သွင်း ဖော်ပြထားပြီး၊ အုပ်စု အနေဖြင့်မူ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ နီပေါ နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် ဘာသာစကားများ ပါဝင်သော တိဘက်တို-ဘားမန်း ဘာသာစကားများ အုပ်စု အတွင်းသို့ ထည့်သွင်း ဖော်ပြထား သည်ကိုတွေ့ရှိရသည်။ မြန်မာဘာသာစကား သည် မြန်မာပြည်၏ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်တွင် ပထမ ဘာသာစကား နှင့် ဒုတိယဘာသာ စကားအဖြစ် သတ်မှတ်သုံးစွဲသူပေါင်း သန်း - ၄၀ ကျော် ဖြင့် ကမ္ဘာ့ဘာသာစကား အဆင့်အတန်း သတ်မှတ်ချက်တွင် အဆင့်-၃၄ သတ်မှတ်ထားခြင်း ခံရသည်။ ဂလိုဘယ် ကမ္ဘာ၏ ဂလိုဘယ် ဘာသာစကား အဖြစ် ယနေ့ သတ်မှတ် သုံးစွဲနေကြသော အနောက်-ဂျာမန် ဘာသာစကား အုပ်စုဝင် ဖြစ်သည့် အင်္ဂလိပ်ဘာသာ စကား သည် မြန်မာ ဘာသာစကားနှင့် ခေတ်ပြိုင်ပင် ၁၁-ရာစု တွင် ပေါ်ပေါက်လာသည်ဟု ယူဆနိုင်ဖွယ် အထောက်အထားများ တွေ့ရှိရပြီး၊ ၎င်း၏ ရှေ့ ခေတ်ပြိုင် အချိန်ကာလများတွင် ယနေ့ အင်္ဂလိပ် လူမျိုး ဖြစ်လာမည့် အင်္ဂလို-ဖရီရှန် ၊ အင်ဂလို-ဆက်ဆွန် ၊ ရိုမန် နှင့် နော်မန် လူမျိုးစုများ သည် ယခု အင်္ဂလိပ်ဟောင်း ဘာသာ ဟု ခေါ်ဆိုနေကြသော ဘာသာစကားမျိုးစုံကို ရောစပ် ပြောဆိုရသည့် အင်္ဂလို-နော်မန် ဟုခေါ်သော ရောယှက်ဘာသာစကား အား ပြောဆိုသုံးစွဲခဲ့ကြကြောင်း လေ့လာတွေ့ရှိသည်။ ယနေ့ကမ္ဘာ့ အဆင့် သတ်မှတ်ချက် အရ အင်္ဂလိပ် ဘာသာစကားသည် မူလဒေသခံ ပြောဆို သုံးစွဲသူများ အပါအဝင် တရားဝင် ရုံးသုံးဘာသာ စကားအဖြစ် သတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နှင့် အခြားသော နိုင်ငံများရှိ ပြောဆို သုံးစွဲသူများ အဆုံး စုစုပေါင်း ပြောဆိုသုံးစွဲသူ ဦးရေပေါင်း ၁.၈ ဘီလီယံ ဖြင့် ကမ္ဘာ့ နံပါတ် ၁ နှင့် ၂ ဘာသာစကား အဖြစ် သတ်မှတ်ထား၏။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ သာမန်အားဖြင့် ဗြိတိသျှ နေမဝင် အင်ပါယာ ၏ ကြီးမားကျယ်ပြန့်ခဲ့မှု နှင့် ယနေ့ခေတ် အမေရိကန် ကဲ့သို့သော မဟာအင်အားကြီး နိုင်ငံတို့၏ အရှိန်အဝါများက အင်္ဂလိပ် ဘာသာစကား၏ ကမ္ဘာနှင့် ချီ၍ အရေးပါ အရာရောက်မှု ကို ဖြစ်ပေါ်စေခဲ့သည်ဟု ထင်မြင်ယူဆဖွယ် ဖြစ်သည်။ သို့သော် ဤအရာများ၏ နောက်ကွယ်တွင် အင်္ဂလိပ်ဘာသာစကား၏ ကမ္ဘာဆန်စွာ အသုံးပြုခံရခြင်း ကို ပံ့ပိုးပေးခဲ့သော အဓိက တစ်ချက် ရှိသေးသည်။ ၎င်းမှာ အင်္ဂလို-ဖရီရှန် တို့၏ ဘာသာစကား အပေါ်တွင် အခြေခံထားသည့် အင်္ဂလိပ် ဘာသာစကားသည် ထိုကာလများ ကတည်းကပင် နော်မန် နှင့် ရိုမန် ဘာသာစကားများ၏ လွမ်းမိုးမှုနှင့် ရောယှက်အသုံးပြုမှုများ အား လိုက်လျောညီထွေဖြစ်အောင် လက်ခံ မွေးစား အသုံးပြုနိုင်ခဲ့ကြပြီး ယနေ့ အင်တာနက် ခေတ်၊ ဒီဂျစ်တယ် အချိန် အထိတိုင်အောင် မည်သည့်ဘာသာစကား ၏ အစိတ်အပိုင်းကိုမဆို လွယ်လင့်တစ်ကူ လက်ခံထည့်သွင်း မိမိပိုင်အဖြစ် ပြုလုပ်နိုင်သော စွမ်းရည်ရှိသည့် “အငှားဘာသာစကား” တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ မြန်မာစာပေ၏ ပြောင်းလဲ တိုးတက်မှုများ သမိုင်းအကျဉ်း မြန်မာ လူမျိုးတို့၏ ဘာသာစကားဖြစ်သော မြန်မာစာ၊ မြန်မာစကား သည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် (ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် နှစ်ဆက်ခွဲ ဟု ဆိုရိုးရှိသည်) အစရှိသည့် မြန်မာဘုရင်များ စိုးစံသော ပဒေသရာဇ်ခေတ် အဆက်ဆက် ကတည်းကပင် အဆင့်အတန်းမြင့်စွာ တည်ရှိ၊ အသုံးပြုလာခဲ့ သော ကိုယ်ပိုင် ဘာသာစကား စစ်စစ်တစ်ခုဖြစ်သည်။ ခေတ်အလိုက် အက္ခရာများ၏ ပုံသဏ္ဍာန် ပြောင်းလဲခြင်း၊ စာများ၊ ကဗျာများ၏ အရေးအသား၊ စကားလုံး အသုံးအနှုံး စသည်တို့ ကွာခြားခြင်းများ ရှိသည် မှန်သော်လည်း ပုဂံခေတ်၏ “တောင်ကျချောင်းတေး၊…” အစချီသော “ မြကန်” ကဗျာမှသည် လက်ဝဲသုန္ဒရ အမတ်ကြီး၏ “သေနင်္ဂဗျူဟာ စစ်ပညာ ကျမ်း” အလယ်၊ ဦးကုလား၏ “မြန်မာ ရာဇဝင်များ” အဆုံး ခေတ်အဆက်ဆက်၊ နယ်ပယ် အသီးသီးတွင် တိုးတက် မြင့်မား၊ ထိရောက်၊ ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြသော ဘာသာစကား တစ်ခုဖြစ်သည် ဆိုခြင်းကို မည်သူမျှ ငြင်းနိုင်အံ့ မထင်ပါ။ တိဘက်-မြန်မာ အုပ်စုဝင် မြန်မာ လူမျိုးတို့သည် အေဒီ-ဂ၃၂ တွင် ပျူနိုင်ငံတော် ပျက်စီးပြီး ၁၁-ရာစု အနော်ရထာဘုရင်၏ ပုဂံခေတ် မတိုင်မှီ မြန်မာနိုင်ငံ ကတည်းကပင် သံတူကြောင်းကွဲ “ရှေးဦး မြန်မာစကား” (နှာ- ၁၁၂-၁၁၃၊ ရှေးမြန်မာများ ဝင်ရောက်ခဲ့ပုံ ဆောင်းပါး ၊ ၁၉၉၈၊ ဗိုလ်မှူး ဘရှင် တွင်ရှု) များကို စတင်ပြောဆို သုံးစွဲ လာခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် မြန်မာတို့၏ ကိုယ်ပိုင် ဘာသာစကား ဖြစ်သော မြန်မာဘာသာ သည် ပထမ မြန်မာနိုင်ငံတော် “ပုဂံခေတ်” ကတည်းကပင် အများသုံး ပထမ ဘာသာစကား (First Language) ဖြစ်ခဲ့မည် ဟူသော ဆရာကြီး မင်းသုဝဏ် ၏ အယူအဆအား ဆရာကြီး ဦးဖေမောင်တင် ၏ “မြစေတီကျောက်စာ စာတမ်း” တွင် အောက်ပါ အတိုင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ပုဂံခေတ် (၈၄၉-၁၂၈၇) မှသည် မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးသည့် ၁၈၈၅-ခုနှစ် တိုင်အောင် နှစ်ပေါင်း ၁၀၃၆-ခုနှစ် အတွင်း မြန်မာစာပေ ယဉ်ကျေးမှု သည် လူပုဂ္ဂိုလ် အမျိုးမျိုးတို့၏ စွမ်းဆောင်မှုများ အောက်တွင် ဗုဒ္ဓဘာသာ(ပါဠိ) နှင့် အိမ်နီးချင်း (အိန္ဒိယ၊ ထိုင်း) နိုင်ငံများ၏ ယဉ်ကျေးမှုများကို ကိုယ်ပိုင်အဖြစ် သွတ်သွင်း မွေးမြူရင်း ဗုဒ္ဓ၏ ဒဿနိက ဗေဒများ၊ ကျင့်ဝတ်ဆိုင်ရာများ နှင့် သူ၏ အထ္ထုပ္ပတိဆိုင်ရာ ဇာတ်နိပါတ်တော်များကို ရှင်းလင်း ဖော်ပြထားသော ကျမ်းစာများ အဖြစ်လည်းကောင်း၊ ပဒေသရာဇ် ခေတ်နှင့် အုပ်ချုပ်သူ လူတန်းစားတို့၏ ပုံရိပ်များကို ထင်ဟပ် နိုင်သည့် ရာဇဝင်ကျမ်းများ အဖြစ်လည်းကောင်း၊ လွှတ်တော်နှင့် အုပ်ချုပ်မှု ဆိုင်ရာ စာပေများဖြစ်သည့် စီရင်ထုံး၊ လျောက်ထုံး၊ ဓမ္မသတ် စသည်တို့ အဖြစ်လည်းကောင်း၊ ဆေးပညာ၊ နက္ခတ္တဗေဒ၊ စစ်မဟာ ဗျူဟာဆိုင်ရာ နှင့် စက်မှု၊ လက်မှု ဆိုင်ရာများ ကို ရေးသား မှတ်တမ်း တင်ထားသည့် ကျမ်းစာများ အဖြစ်လည်းကောင်း၊ စာပေယဉ်ကျေးမှု၏ ပြယုဂ် ဟုဆိုနိုင်သော ပျို့၊ ရတု၊ ရကန်၊ ဧချင်း၊ အိုင်ချင်း၊ ကချင်း၊ မော်ကွန်း၊ လင်္ကာ၊ တေးထပ်၊ လေးချိုး၊ ဒွေးချိုး၊ ဘောလယ်၊ ပြဇာတ်၊ ကဗျာ စသည်တို့ အဖြစ်နှင့် လည်းကောင်း ကမ္ဘာ့ ယဉ်ကျေးမှုတို့နှင့် ခေတ်ပြိုင် တိုးတက် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့၏။ ဆိုလိုသည်မှာ ကမ္ဘာကျော် အီလီယက်နှင့် အော်ဒက်ဆီ ကဗျာရှည်ကြီးကို ဖန်တီးသူ ဂရိမှ ဟိုးမား နှင့် ဗြိတိသျှ လူမျိုး နာမည်ကျော် ပြဇာတ်ရေးဆရာ ရှိတ်စပီးယား ကဲ့သို့ပင် မြန်မာတို့၌လည်း စစ်ချီကဗျာ ရှည်ကြီးများ ရေးဖွဲ့ခဲ့သူ လက်ဝဲသုန္ဒရ အမတ်ကြီး၊ ပြဇာတ် အကျော် အမော် စလေ ဦးပုည အစရှိသော မြန်မာ ပုဂ္ဂိုလ်ကျော်များ ၏ မြန်မာစာပေ လက်ရာမွန်များ မြင့်မားစွာ ဖြစ်ထွန်းတည်ရှိခဲ့သည် ဟူသော အချက်ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ နှင့် လွတ်လပ်ရေး ရရှိပြီး ကာလများတွင်လည်း မြန်မာစာပေသည် မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး အတွက်လည်းကောင်း၊ ပြည်သူ ပြည်သားတို့ နား၊ မျက်စိ ကိုကမ္ဘာ့စာပေ များနှင့် မိတ်ဆက်ပေးရာ တွင်လည်းကောင်း အထူးအရေးပါသော နေရာမှ တာဝန်ယူခဲ့သည်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ ဆရာကြီး ရွှေဥဒေါင်း၊ သိပ္ပံမောင်ဝ ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာ ဇော်ဂျီ၊ လူထုဦးလှ ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဆရာ မြသန်းတင့် အစရှိသူ မြန်မာပညာကျော် တို့၏ စာပေလက်ရာမွန် များကို လေ့လာကြည့်ရှုခြင်းဖြင့် သိရှိနိုင်၏။ ဒီဂျစ်တယ် မြန်မာစာပေ သို့မဟုတ် ကုဒ်ပွိုင့်-၁၆၀ ၏ သမိုင်းဦး (Digital Myanmar Literature or Early History of Code Points-160) ၁၉၇၁-ခုနှစ်၊ တက္ကသိုလ်များ ဗဟို ကွန်ပြူတာဌာန (ရန်ကုန်) [Universities Computer Center (UCC)] သို့ အိုင်စီအယ်လ် (ICL-Internetional Computer Limited) ကုမ္ပဏီထုတ် ICL 1902s Mainframe ကွန်ပြူတာ တစ်လုံး ပထမဆုံး ရောက်ရှိလာခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံသား မြန်မာစာ ပါမောက္ခ ဂျွန်၊ အိုကီးလ် ၏ ကြီးကြပ်မှုဖြင့် ပထမဆုံး မြန်မာ ကွန်ပြူတာ စာလုံး ကို မက်ခ်ကင်းတော့ရှ် ကွန်ပြူတာ အတွက် တီတွင်နိုင်ခဲ့၏။ ဝင်းဒိုးစ် စနစ်အတွက် ပထမဆုံး မြန်မာစာလုံး ပုံစံ ကိုမူ MCC ၏ ပရိုဂရမ်မာ များဖြစ်ကြသော (ဦး) ဇော်ထွဋ် နှင့် (ဦး) သက်ကိုကို တို့မှ ဖန်တီးနိုင်ခဲ့ကြပြီး မတ်လ ၁၃ ရက်၊ ၁၉၉၂ ခုနှစ် တွင် အများပြည်သူထံသို့ ဖြန့်ချီနိုင်ခဲ့သည်။ ထို့နောက်တွင် ဝင်းဒိုးစ် စနစ်နှင့် ပန်းသီး ကွန်ပြူတာများ အတွက် မြန်မာ စာလုံးပုံစံများ နာမည် အများအပြား ဖြင့်ထွက်ရှိလာခဲ့ကြပြီး ထို ကွန်ပြူတာအတွက် မြန်မာစာလုံး ပုံစံများကို မြန်မာနိုင်ငံရှိ မြို့ကြီးများ၏ နာမည်များဖြင့် အမည်ပေး သတ်မှတ်ထားလေ့ ရှိခဲ့ကြသည်။ မြန်မာစာပေလောကတွင်လည်း ကွန်ပြူတာစာလုံး၊ ကွန်ပြူတာစာစီ၊ ကွန်ပြူတာ ဒီဇိုင်း စသဖြင့် ကွန်ပြူတာနှင့် ကွန်ပြူတာ ကို အသုံးပြုမှု နယ်ပယ်တို့ ကြီးမား ကျယ်ပြန့်လာခဲ့ပြီး မြန်မာစာပေ အရေးအသားများ၊ ကဗျာများ၊ ဝတ္ထုများနှင့် ဘာသာစကား ဆိုင်ရာလေ့လာမှုများ စသည်ဖြင့် တိုးတက် ပြောင်းလဲလာခဲ့ပြီး မြန်မာစာအုပ်နှင့် စာပေလောကအား တစ်ခေတ် ဆန်းစေခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့သော် အထက်ပါ မြန်မာစာလုံးပုံစံများ (Font) များသည် ကွန်ပြူတာ၏ မူလပါသော အက်စ်ဆီး ကုဒ် (ASCII Code) အခြေပြု အင်္ဂလိပ် အက္ခရာများ ကို မြန်မာ အက္ခရာ ပုံသဏ္ဍာန်များ (Glyphs) ပြောင်းလဲ၍သာ အသုံးပြုခြင်း ဖြစ်သဖြင့် အမှန်တစ်ကယ် ဘာသာစကားတစ်ခု တွင် ပါရှိလုပ်ဆောင်ရမည့် စာလုံးပေါင်းသတ်ပုံ စစ်ဆေးခြင်း၊ စကားစုများအား အလိုအလျောက် ခွဲခြားပေးခြင်း၊ ပြန်လည်ရှာဖွေခြင်း၊ ပေါင်း၊ နှုတ်၊ မြှောက်စားခြင်း စသည်တို့ အပါအဝင် ကွန်ပြူတာ၏ ဗဟိုအချက်အလက် ထိန်းချုပ်ရေး ဌာန(Data Base) တွင် မှတ်တမ်းတင် သိမ်းဆည်းခြင်း များ အတွက်တို့ကို မြန်မာဘာသာ ဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိချေ။ သို့အတွက် Universal ASCII Code ဟု တင်စားခေါ်ဆိုကြသည့် Unicode တစ်ဖြစ်လဲ Universal Character Set စံ သတ်မှတ်ချက် အတွင်းသို့ မြန်မာဘာသာကို ကိုယ်ပိုင် ကုဒ်ပွိုင့်များဖြင့် ထည့်သွင်း နေရာပေး အသုံးပြုနိုင်ရေး ကြိုးပမ်းမှုများ ၁၉၉၃ ခုနှစ်တွင် ယူနီကုဒ် အကျိုးတူအဖွဲ့အစည်းကြီး (Unicode Consortium) သို့ အမေရိကန်နိုင်ငံဖွား၊ ယခု အိုင်ယာလန် နိုင်ငံသားခံယူ ထားသူ မိုက်ကယ် အီဗာဆင် ၏ သတင်းပို့ချက်နှင့် အတူ စတင်ပေါ်ပေါက်လာခဲ့၏။ ၁၉၉၈-ခုနှစ် တွင် ယူနီကုဒ်အဖွဲ့ကြီး မှ မြန်မာဘာသာနှင့် ဆက်စပ် တိုင်းရင်းသား ဘာသာများ ၏ အက္ခရာစာလုံးများ အတွက် ကုဒ်ပွိုင့် U+1000 မှ U+109F အထိ ကုဒ်ပွိုင့်ပေါင်း ၁၆၀ ဖြင့် နေရာပေး သတ်မှတ်ခဲ့သည်။
မြန်မာစာပေ ကို ယူနီကုဒ် စနစ်အတွင်း ထည့်သွင်းနိုင်ရေး နှင့် ပြည်တွင်းမှု ပြုရေး စတင် လေ့လာ ဆောင်ရွက်ခဲ့သော မြန်မာ မဟုတ်သည့် အခြား နိုင်ငံခြားသား တစ်ဦးမှာ W3C (World Wide Web Consortium) ၏ ဦးဆောင် အဖွဲ့ဝင်သူ တစ်ဦးဖြစ်သည့် ဗြိတိန် နိုင်ငံသား Richard Ishida ဖြစ်သည်။ မြန်မာ စကားလုံးများ၏ နေရာပေးသတ်မှတ်ပုံများ၊ နိမ့်သံ၊ မြင့်သံ နှင့် တက်သံ အစ ရှိသည်တို့ အပေါ်တွင် မူတည်၍ မြန်မာစကား၏ ပြောင်းလဲပုံများ အား Ishida လေ့လာ စူစမ်းမှု ပြုလုပ်ပြီး ရှာဖွေ တင်ပြထားသည့် စာတမ်းတစ်စောင်ကို သူ၏ ကိုယ်ပိုင် ဝဘ်စာမျက်နှာ တွင် လေ့လာဖတ်ရှုနိုင်သည်။ မြန်မာ ယူနီကုဒ်ကို လေ့လာနေသည့် ပညာရှင်များ အတွက် အထူးအသုံးဝင် မည့် အွန်လိုင်း မြန်မာစာလုံး ကောက်ယူနိုင်သော ဝဘ်စာမျက်နှာ (Myanmar Script Picker) တစ်ခုကိုလည်း Ishida မှ ဖန်တီး ထားခဲ့သည် ကို တွေ့ရှိရသည်။ မြန်မာပညာရှင်များထဲမှ ပထမဦးဆုံး မြန်မာ ယူနီကုဒ်ဖောင့်ထ်ဖြစ်သော မြစေတီ မြန်မာ ယူနီကုဒ် ဖောင့်ထ် တီထွင်သူ (ဦး)ငွေထွန်း ၏ မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် အယူအဆ အမှား၊ အမှန်များအား လေ့လာ ဆန်းစစ်မှု ပြုလုပ်ထားသည့် ပညာပေး စာအုပ်အား ဤနေရာတွင် ဒေါင်းလုဒ် လုပ် ရရှိနိုင်သည်။ ယူနီကုဒ် ၅.၁.၀ ပေါ်ပေါက်လာသည့် ယနေ့ လက်ရှိ အချိန်အထိ မြန်မာဘာသာစကား ကို ယူနီကုဒ်အတွင်း တိုးတက်ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ခဲ့ကြသော မြန်မာနှင့် အခြား ပညာရှင် အသီးသီးတို့အား မြန်မာတတ်သိများ ဖိုရမ် တွင် ဖော်ပြထားသည်ကို ထပ်ဆင့် ကူးယူ ဂုဏ်ပြု ဖော်ပြအပ်ပါသည်။ အောက်ပါ ပုဂ္ဂိုလ်များသည် လက်ရှိ ယူနီကုဒ် ၅.၁.၀ အထိ မြန်မာစာ အတွက် စံသတ်မှတ်ချက် တစ်ခု တိုးတက် ဖြစ်ပေါ် လာစေရေးတွင် အဓိက ကြိုးပမ်းအားထုတ်ခဲ့ကြသူများ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
|
No Response to "ရာဇကုမာရ် ကျောက်စာ မှသည် မိုက်ခရို ပရိုဆက်ဆာ ဆီသို့"
Leave A Reply
အပြောများ