Friday, April 10, 2009

မှန်ပြောင်းချို့တဲ့ခဲ့ကြတဲ့ ကျနော်တို့တတွေ

Posted on 10:27 AM by nweminthit

အဆောက်အဦးတစ်ခုဟာ အခြေခံဖောင်ဒေးရှင်း ယိုယွင်းပြီဆိုရင် ကြီးမားလေ အန္တရာယ်များပြီး နေချင်စရာမကောင်းလေ ။ဒါလူတိုင်းဆက်တွေးနိုင်ပါတယ်လေ။လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ထားပါဦး။လူတစ်ယောက်ထဲအတွက်မှာလဲ အခြေခံအုတ်မြစ်လေးတွေ ရှိတတ်ပါတယ်။ဒါတွေးစရာပေါ့။ကိုယ့်ကိုယ်ကို မမြင်ဘူးသေးသလို မှန်ထဲ ပြေးကြည့်ရမယ်ထင်တယ်။
ဖတ်ခဲ့ဘူးတဲ့ဆရာအောင်သင်းရဲ့ဆောင်းပါလေးတွေကို ပြန်သတိရမိတယ်။အရင်က ပြဌာန်းဖတ်စာထဲ ပါခဲ့ဘူးသလိုလို ကြားဖူးပါ တယ်။ကျနော်ကတော့ ကျနော့်စိတ်ကူးနဲ့စီစဉ်ထားတဲ့ စာကြည့်တိုက်ထဲ စာအုပ်တွေ စုစောင်းရင်းဖတ်မိခဲ့တာပါ။ကလေးဘဝ မေမေ့ရင် ခွင်ထဲ မေမေပြောတဲ့ ပုံပြင်လေးတွေနားထောင်ခဲ့ရတာဟာ အခြေခံအုတ်မြစ်တစ်ခု ချခွင့်ရခဲ့တာပါတဲ့။မေမေပြောတဲ့ ရွှေယုန် နဲ့ရွှေ ကျားမြတ်ရိတ်သွားတဲ့ ပုံပြင်ကို နားထောင်ရတော့ ကလေးဟာ လောကကို မြင်တတ်ဖို့ မှန်ပြောင်းတစ်လက်ကို အော်တို တပ်ဆင်ခဲ့ ပြီးသား ဖြစ်သွားပါသတဲ့။ကလေးရဲ့ ရှေ့ဆက်မယ့် အနာဂတ်ခရီးမှာ ယုန်လို နူးညံ့သလိုလိုနဲ့ ရက်စက်ကောက်ကျစ်တတ် တဲ့ လူမျိုးတွေ ရှိနိုင်မယ်လို့ ကလေးက မှန်ပြောင်းနဲ့ကြည့်ပြီးသား။ကျားလို မာကျောခက်ထန်ပုံရပေမယ့် ဖြောင့်စင်းရိုးသားသူလဲ တွေ့နိုင် တယ်ပေါ့။မှန်ပြောင်းကို ချဲ့ရင် ချဲ့နိုင်သလောက် ကလေးရဲ့အမြင်တွေ ကျယ်သွားမှာပါ။ကောက်ကျစ်သူကို ရှုံ့ချချင်စိတ်တွေ ကလေး ရင်ထဲ တဖွားဖွားဖြစ်လို့လေ။ရိုးသားမှန်ကန်သူအတွက် မခံချင်စိတ်နဲ့ ဖေးမကူညီချင်စိတ်တွေ တထောင်းထောင်းထပေါ့။ဒါကို ဆရာ အောင်သင်းက မိခင်တွေကို ပုံပြင်ဆက်ပြောကြဖို့ တိုက်တွန်းရင် ရေးပြပါတယ်။ကလေးအနာဂတ်မှာ မျိုးချစ်စိတ်ရှိဖို့ ဘာသာတရား ယဉ်ကျေးမှုကို အလေးထားတတ်ဖို့ ဆိုတာ အိပ်ရာဝင်ပုံပြင်ပြောတဲ့ မေမေက အစ အရေးကြီးကြောင်းပေါ့။
ကျနော်တို့ ကြီးပြင်းရတဲ့ခေတ်မှာ ဒီအခြေအနေရဲ့ အငွေ့အသက်ဟာ လေထဲမှာတောင် မကျန်ရစ်တော့ပါဘူး။ရှေးဟောင်းပစ္စည်း တစ်ခုဟာ သူ့ခေတ်ရဲ့အငွေ့အသက်ကို ငွေ့ငွေ့လေးဖော်ပြနေသလိုပဲလို့ ခံစားတတ်သူတွေ ဒါမှမဟုတ် ပညာရှင်တွေက အလိုလိုခံ စားမိတတ်ပါတယ်။ကျနော်တို့လက်ထက်က မေမေတွေမှာတော့ ပုံပြောတဲ့ဓလေ့ရှိခဲ့ဖူးတယ်ဆိုတဲ့ အငွေ့အသက် အရိပ်အယောင် တောင်ကျန်ပါ့မလား။အုတ်မြစ်ချစဉ် ပစ္စည်းတမျိုးလိုသွားတဲ့ generationတွေရဲ့ ဘဝတွေဖြစ်နေသလားဗျာ။ကျတော်တို့ အမှန်တ ကယ် မှန်ပြောင်းတွေ ချိုတဲ့ခဲ့ကြသလား။မြန်မာတွေရဲ့ generationတွေမှာ အတော်ဆိုးဝါး နေတယ်ထင်ပါတယ်။နိုင်ငံရေးကို ရည်ညွှန်းတာ မဟုတ်ပါ၊ပညာရေး လူမှုရေး စတဲ့ အားလုံးသော အရေးပေါင်းများစွာကို ပြောချင်တာပါ။ကျနော်တို့ရဲ့ငယ်စဉ် အသိတွေမှာ ဘယ်နေရာမှာမဆို ဘယ်နေရာရောက်ရောက် မျက်ဝန်းချင်းဆုံပြီး ရဲရဲရင့်ရင့် ယှဉ်ကြည့်ပစ်ပါလို့ ဘယ်ဖတ်စာထဲ ဘယ်သင်ရိုးထဲမှာမှ မပါခဲ့ဘူး။"လိမ်မာအောင်နေ" "ရိုရိုသေသေဆက်ဆံနော် "'လိပ်ပြာငယ်အောင် စကားလုံးတွေနဲ့ အသိကို အဖိခံခဲ့ ကြတယ်ထင်ပါတယ်။ကျနော်ရဲ့ရည်ရွယ်ချက်က ဘယ်သူကိုဘာ ဘယ်သူကြောင့်ဘာလို့ အပြစ်တင်ဖို့ မဟုတ်ပါဘူး။ကျနော်တို့ generationတွေအားလုံး ကိုယ့်အခြေအနေကို ကိုယ် ပြန်သုံးသပ်နိုင်ဖို့ အတွေးလေးများ ရမလား ရည်ရွယ်ပါတယ်။ကိုယ့် အခြေအနေကို အမှန်အတိုင်းပြန်သိပြီး ရောက်တဲ့နေရာကနေ မှီရာကားနဲ့ လိုက်ကြဖို့ ပြောချင်တာပါ။ဘယ်ကို လိုက်ရမလဲ လို့ မေးမနေပါနဲ့ဗျာ။စာရှည်ရင် နေရာကို အားနာလို့ပါ။

No Response to "မှန်ပြောင်းချို့တဲ့ခဲ့ကြတဲ့ ကျနော်တို့တတွေ"

Leave A Reply

အပြောများ

Related Posts with Thumbnails