Sunday, August 23, 2009

အဘိုးရဲ့ နောက်ဆုံးရက်တွေ

Posted on 4:35 AM by nweminthit

ပြန်တွေးကြည့်မိတော့ လွမ်းစရာလိုလို ဝမ်းနည်းစရာလိုလိုပဲ။တကယ်တော့ မျိုးနွယ်စုတစ်ခုရဲ့ အဓိပတိ ဒါမှ မဟုတ်ရင် founder ....။သူရဲ့ နောက်ဆုံး အချိန် ရက်များ။သား သ္မီး ၉ ယောက်တို့ ရဲ့ ,မြေး ၄၀ ကျော်တို့ရဲ့ ,မြစ် နှစ်ကျိပ်ကျော်တို့ရဲ့ စိတ်ဓာတ်ဒေါက်တိုင်ကြီး တစ်ချောင်း ....၊သက်တမ်းကြာ ရှည်လာတာနဲ့ အမျှ ဆွေးမြေ့ ယိုယွင်းပြီး တတိတိ အရုံးပေး အငွေ့ လို ပျောက်ဆုံး လွင့်ပျယ်သွားတဲ့ မြင်ကွင်း။အဘိုး(အညာသားတွေ အတော်များများ သိကြပါတယ်)။အဘိုးရဲ့ နောက်ဆုံး ညတွေ မိုးအလင်း နှစ်ပတ်လောက် အုပ်စုဖွဲ့ နေခဲ့ကြတာ။
အဘိုးအတွက် ဝမ်းနည်း သောက မရှိလို့ တော့ မဟုတ်၊အဘိုးအကြောင်းပြု လူစုံနေတဲ့ အခိုက်မှာ တိုးတိတ် ညင် သာ ရှိနေခဲ့ကြတာ မဟုတ်။ဆူည့နေကြတာပဲ။

ဖုန်းမြည်သံ စောင့်နေကြတော့တာ ဖုန်းမြည်သံ ကြားတာနဲ့ အထုပ်ဆွဲ ထွက်ဖို့ အရံသင့်ပြင်ထား ကြတယ် . . .အဝေးရောက် အဘိုးရဲ့ သားသမီးမြေးမြစ်တွေက ပြောမယ် . . . ။ဒီလို မဖြစ်ခင်လေးကပဲ အမဲသားနှပ်လေး စားချင်ပြောလို့ အိမ်က သေချာနှပ်ပြီး ပို့လိုက်သေးတယ် . . .မနီးမဝေး မြို့ လေးမှာ နေတဲ့ သမီးက ပြောမယ် . . .။မိုးက တစ်နေကုန်အေးနေတာ နောက်ရက်မှပဲ ခေါင်းရိတ် ရေချိုးလုပ်လိုက်ပါလား အဖေလို့ တားမိ သတိပေးမိသေးကြောင်း တစ်ဝိုင်းထဲနေ သမီးကြီး က ပြောမယ်။မိုးအေးအေး အချိန်ကြာသွားတဲ့ ရေချိုးချိန် ပြီးတော့ ပုဇွန်ခြောက်ထောင်းနဲ့ ထမင်းစားလိုက်တော့ သွေးတိုးသွားတာလေ . . .အတူနေ ချွေးမက ပြောမယ်။
အနှစ် ၇၀ နီးပါး တစ်ကုဋင်ထဲ မခွဲပဲ အိပ်ခဲ့တဲ့ အဖွားကတော့ သွားမယ့်သွား သူကသာ အရင် သွားချင်တဲ့ အကြောင်း တတွတ်တွတ် ဂါထာမန်းသလို ရွတ်နေမယ်။အင်္ဂလိပ်ဆေး ဗမာဆေး အင်္ဂလိပ်ဆရာ ဗမာဆရာ တိုင်းရင်းဆေး ရိုးရာ ဘလဲဗအရိုးအကြော ဆိုင်ရာက အစ ရှိတဲ့နေရာ က နည်းတွေ စုံအောင် ကုပေးကြောင်း
သားငယ်နဲ့ မြေးအကြီးဆုံးတို့က ပြောမယ်။

အဲဒီတော့ ဒီအသံတွေက အသစ်တစ်ယောက် ရောက်ရောက်လာတိုင်း ပြောဖြစ်တာတွေ ဆိုတော့ မရပ်တော့ သလိုပဲ။ရောက်လာတဲ့ သားသမီးမြေးတိုင်းက အဘိုးကြောင့် အကုန်ငယ်နေကြသလိုပဲ။လေဖြတ်ပြီး ဝူးဝါးအသံက စောစောရက်တွေက ပီပြင်သေးတယ်၊၁၀ ရက်လောက်ကျော်လာတော့ ဝူးဝူးဝါးဝါး ဖြစ်ချင်လာပြီ။အိပ်ယာပေါ်က အဘိုးကို ၂၄ နာရီ နီးပါး ပခုံး လည် လက်မောင်းကနေ လက်ဖျားလေးတွေ အထိ . . .ကျော တင်ပါး ပေါင်ခြေ အရင်းကနေ ခြေဖျားလေးတွေ အထိ နေရာ မလပ် နှိပ်နှယ် ပြုစုပေးကြတယ်။အဘိုး ခန္ဓာကိုယ်ကြီးက ဒီအင်ပါယာကြီး အတွက် ကုန်းရုန်း ရုန်းကန်ခဲ့တာ အားလုံး သိနေတယ်။မသေခင် အထိ အဘိုးဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီအင်ပါယာထဲက လူတွေ စိတ်ဓာတ် မှီခိုရာ ဖြစ်ခဲ့တယ်။
အဘိုးသေပြီး နှစ်နှစ်လောက် မန္တလေးက မြေးက ရွာ ဘုရားပွဲမှာ အဘိုးမြေးကွ လို့ အော်ပြီး စိတ်ဓာတ် မြင့်ပြခဲ့တယ်။ဒီလို အဘိုး မှန်း အဘိုး အင်ပါယာထဲက လူတွေ သိကြ ဂုဏ်ယူကြတယ်။အခုတော့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကြ မျက်ရည်ဝဲကြ။စကားတွေကတော့ လူအများနဲ့ ပြောနေကြတာပဲ။
နယ်ဝေးက တစ်ယောက် ရောက်လာပြီ ဆိုရင် ပြောပြီး သားစကားတွေ ပြန်ပြောကြ။ဝိုင်းပြီး မျက်ရည် စိမ်းစမ်း ဖြစ်ကြနဲ့။
အကြီးဆုံးသမီးရဲ့ သားသမီးတွေထဲ မှာ အလည် အလတ်လောက် မွေးပြီး ပဉ္ဇင်းတက်သွားတဲ့ ငယ်ဖြူကိုယ်တော် တစ်ပါး က အဘိုး ဖြစ်ပြီး တစ်ပတ်လောက် အထိ အဆက် အသွယ် လုပ်မရဖြစ်နေတာကလဲ သူတို့ အတွက် အရေး တစ်ခုဖြစ်နေတယ်။မြေးကောင်လေးတွေ အမြို့ အနယ်နယ် လွတ် ရှာခိုင်းနဲ့ပေါ့။အဘိုး တသသဂုဏ်ယူ ,ချော့မော့ မာန်မဲ အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ထားခဲ့တယ်လို့ အကုန်လုံးလဲ သိထားကြတယ်။အဘိုးတို့ ဒီလင် ဒီမယား ပေါင်းခဲ့ကြ စည်းခဲ့ကြပြီး အင်ပါယာရုပ်လုံး ဖော်ပြီ ဆိုကတည်းက အဘိုးလေ သူ့ညီ ညီမတွေရဲ့ သားသမီး သူ့တူတူမတွေကို ဂရုမစိုက်အားတော့ဘူးထင်ရတယ်။
သူဟာ သူ့စိတ်ဓာတ်နဲ့ သူ့အင်ပါယာကို သူ့ စိတ်တိုင်းကျ တည်ထောင် ပုံသွင်းခဲ့တယ်။သူ့အင်ပါယာအတွက် နောက်ဆုံး အချိန် အထိ မြှုပ်နှံထားတော့မယ်လို့ စိတ်ကူးမိပုံရတယ်။မြေးတွေ အထိ သူ့စိတ်တိုင်းကျ သတို့သား သတို့သမီးကို ရွေးပေးခဲ့တယ်။သူ့သဘောမဟုတ်တဲ့ မင်္ဂလာဆောင်ကို သူမလာဘူး ဆိုတာနဲ့ အဲဒီ မင်္ဂလာပွဲ မဖြစ်တော့ဘူး။အသက် ၉၂ နှစ် အထိ အဘိုးဟာ အာရုံ စိုက် သွားနိုင်ခဲ့တယ်။သူ့မျက်လုံးတွေ သေတဲ့ အထိ မှုံ မသွားခဲ့ဘူး။အနောက်ဖက် ထိပ် ကုန်းလေး ပေါ်က သူတို့ နေတဲ့ နေရာလေးကနေ အရှေ့ ဘက်ဝင်းထိပ် တံခါးကို လှမ်းကြည့်နေတတ်တယ်။လူစိမ်း တစ်ယောက်ယောက်ဝင်တာ မြင်ရင် ဘယ်သူလဲ မေးခိုင်းတတ်တယ်။ဘယ်သူ့ ဧည်သည်လဲ ပေါ့။အသက် ၈၅ နှစ်အထိ ထွန် ထယ် ကိုင်ခဲ့တယ်။လေသံပျော့တယ်ဆိုတာ အဘိုးတစ်သက် မကြုံသဖူး။ရွာဦးကျောင်းဆရာတော်က အစ အမြင်မတော်ရင် ရှုတည်တည်နဲ့ ပြောတတ်တဲ့ အဘိုး။တော်တော့ ခေတ်လူငယ်တွေကို မျက်စိ မကျတာက အလုပ်တစ်ခုကို အလုပ်နဲ့ တူအောင် လုပ်ချင်စိတ် မရှိကြလို့တဲ့။မြေးတက္ကသိုလ်ကျောင်းသားက သူငယ်ချင်း မကို အလည်ခေါ်လာတော့ "ငါ့ မြေး ဒီကလေးမ ငါ့မြေးအတွက် မဆိုးဘူး"တဲ့။

မြေးပဉ္ဇင်း ရောက်လာတော့ လက်တွေ ပခုံးတွေ ခေါင်းတွေ ပွတ်သပ်စမ်းတယ်။အဘိုး သိလားလို့ ဝိုင်းမေးကြတော့ ဘယ်သူ့ရှေ့ မှ မျက်ရည် လည် မပြတဲ့ အဘိုး မျက်ရည်ဝိုင်းရှာတယ် မြေးပဉ္ဇင်းရှေ့ မှာ။ ဝမ်းသာလို့ ဖြစ်ပါစေ . . . ။ဝူးဂျင်းလား တဲ့ အသံက မပီချင်တော့ဘူး . .တုန်ရီတယ် . . တိုးလျတယ် . .။အဘိုး ကိုယ်ကြီးက မလျော့ဘူး ...မပျော့ဘူး ... မဖောဘူး ...မရောင်ဘူး ...ဘာအနံ့အသက်မှ လဲ ရှိမနေဘူး။ပကတိ . . .နှစ်ရှည်လများ ထုသား ပေသားအတိုင်းပဲ။မာကျစ်ကျစ် မဲညစ်ညစ်။နောက် နှစ်ရက်သုံးရက်နေတော့ အဘိုး စိတ်ပျော့လာတယ် ထင်ပါ့။အစာ မဝင်တော့ဘူး ၊အသံမထွက်လာတော့ဘူး။ရေလေးပဲ စောစောက ဇွန်းနဲ့ . . နောက် ဇွန်းသေးနဲ့ . ..နောက် ဝါဂွမ်းလေးနဲ့။အသံကျယ်တဲ့ သမီးတွေ အသံတိုးကုန်တယ် ..."အဖေက အစာခံ့ နိုင်တာ မဟုတ်ဘူး၊အကောင်းလဲ စားတတ်ပါပေ့နဲ့၊အခု ဆာနေတော့မှာပဲ"တဲ့။စကားလေး တိုးတိုး ထွက်လာတယ်။မူးနေတတ်တဲ့သားကလဲ မမူးနိုင်တော့ဘူး။ညတိုင် စုပေါင်း ဘုရားရှိခိုးကြ အဘိုးကုဋင်ဘေး။ပရိတ် ရွတ်ကြ ဆုတောင်း အမျှဝေကြနဲ့ပေါ့။အလှူကြီးတွေ ပေးခဲ့တာ ကျောင်းဆောက်လှူခဲ့တာတွေ ကိုယ်တိုင် ဝါတွင်းရက်ရှည် အားထုတ်ခဲ့တာတွေကို ပြန်သတိရပေးဖို့ မြေးပဉ္ဇင်းက ကပ်ပြီးပြောပေးတယ်။တရား အများကြီး မဟောဘူး။အဘိုးက ကြားတဲ့ အကြောင်း ပြတယ်။ဇနီး သားမြေးမြစ်တွေ ဆီ အာရုံ မရောက်မိဖို့ မစိုးရိမ် မသောကဖို့တဲ့။အရှိကို အရှိ အတိုင်း လက်ခံနိုင်တဲ့ အသိ စိတ်ဓာတ် အဘိုးမှာ ရှိတယ် ဆိုတာ ယုံတယ်တဲ့။လက်ရှိ သူ တည်ထောင်တဲ့ အင်ပါယာကို သူ စွန့်ခွါရတော့မယ်။ပြီးဆုံးအောင်ထိ စောင့်ကြည့် စောင့်ရှောက် နိုင်ဖို့ ဆိုတာ ဘယ်လို ဘုရားမှ မတတ်နိုင်ဘူး။သေရမယ့် လူအတွက် သေခြင်းကို သတ္တိရှိရှိ လက်ခံပြီး ကိုယ့် စိတ်ကို ပြန်မြင် သတိထားတတ်ဖို့ အရေးကြီးကြောင်း သတိပေးတယ်။အဘိုးက ဘာမှ မလှုပ်နိုင် နောက်ဆုံး "အဟက်"ဆိုတဲ့ အသံ လူရွယ်တစ်ယောက် ချောင်းဟန့်သလိုလေး မြည်ပြီး ထွက်သက်ဝင်သက်ရပ်သွားတဲ့ အထိ သတိ လွတ်ပုံ မရဘူး။ညည်းသံညူသံလဲ မကြားရဘူး။မညာမတာ ပြောတဲ့ မြေးပဉ္ဇင်းရဲ့ သေခြင်းကို လက်ခံလိုက်ဆိုတဲ့ စကားလုံးက အဘိုးကို သတိထားမိအောင် တိုက်တွန်းလိုက်သလို ဖြစ်သွားတယ် ထင်တယ်။လမ်းကြောင်းပေါ် ရောက်သွားစေတယ်ထင်တယ်။နောက်ဆုံး သုံးရက်လောက်မှာ ညည လူခြေတိတ်ချိန်တွေမှာ ကတ်ဆက်နဲ့ မတိုးမကျယ် အဘိုးနာနေကျ တရားခွေ ဖွင့်ပေးတယ်။ဒါ သူတို့က ငါ့ကို သေတော့လို့ ပြောနေတယ်များ အဘိုးတွေးလေမလား။သေတော့မယ့် လူတစ်ယောက်ကို သေဖို့ သတိပေးသလို ရက်စက်ရာ ကျမလား တွေးချင်စရာပဲ။တရားသံဖွင့်နေချိန်မှာ တွတ်တွတ်နဲ့ ဘယ်သူမှ စကား မပြောမိဖို့ သားကြီးနဲ့ မြေးကြီးတွေက ဟန့်တယ်။ပြောချင်ရင် အဝေးမှာပဲ ပြောနေကြ။မြေးလူရွယ်တွေက လာမေးတဲ့ လူတွေ ဧည့်ခံဖို့ က အစ ညည လက်ဖက်သုပ်စားဖို့ အထိပါ မတိုင်ပင်ရဘဲ သူတို့ဘာသာ လုပ်ကြတယ်။သူတို့ အားလုံး အဲဒီ အချိန်မှာ စိတ်ဓာတ်တွေ တသားထဲ ဖြစ်နေကြတယ်။တစ်ဦးအပေါ် တစ်ဦး မကျေနပ်တာတွေ ရှိမနေကြဘူး။အဘိုးရဲ့ နောက်ဆုံး အခြေအနေဆိုတဲ့ အခိုက် ဟာ လှိုင်းတစ်လုံးဆိုရင် သူတို့ က အားလုံးပေါင်းစည်းပြီး စိတ်တစ်မျိုး ခန္ဓာကိုယ် တစ်မျိုးတည်းလို ဖြစ်နေပြီး လှိုင်းရဲ့ အောက်ကို ရောက်နေကြတယ်။လှိုင်းအတိ ဖုံးတယ်ဆိုတာမျိုး ဖြစ်မယ်။တစ်ယောက် စိတ်မှာ တစ်ယောက်ဆီ အတွက် အဆူးအညှောင့်တွေ ရှိမနေကြဘူး။အစွန်းအကွက်တွေ ရှိမနေအားဘူး။

ည နှစ်နာရီ ခွဲ သုံးနာရီလောက် ရောက်နေပြီ။အဘိုးအိမ်ဘေးက မန်ကျီးပင် အမြင့်ကြီး ရဲ့ အနောက်ဘက်ကနေ လရောင်က သူတို့ဆီ ရောက်လာတယ်။တန်ဆောင်မုန်းလဆန်း ၁၀ ရက်။လရောင်လဲ့လဲ့မှာ မန်ကျီးပင်ရဲ့ ဟိုဘက် ဒီဘက် ကြယ်တွေက ခဏတိုင်း ကြွေနေပါလားလို့ အဒေါ်တစ်ယောက်နဲ့ တူ ပဉ္ဇင်းတို့ ပက်လက်ကုလားထိုင် ကိုယ်စီနဲ့ ပြောနေကြတယ်။ကြယ်တွေ မန်းကျီးပင်ရဲ့ ဟိုဘက်က ခုန်ဆင်းလိုက် ဒီဘက်က ခုန်ဆင်းလိုက် မှတ်မှတ်ရရ။လေက ငြိမ်သွားသလိုပဲ။ညဦးလေပြေလေးတွေ ရပ်နေတယ် ထင်ရတယ်။ကြယ်တွေ ကြွေခိုက်မှာ ဆုတောင်းရတယ်တဲ့ လေးလေးရ။အဒေါ်တွေကို လေး တပ်ခေါ်တာ သူတို့ အင်ပါယာပဲ ရှိမယ် ထင်တယ်။နောက် နှစ်ဝင်းကျော်လောက် က အရီးတစ်ယောက်က တဝင်းဝင်းတလဲ့လဲ့နဲ့ အဘိုးကို လာကြိုကြတဲ့ အကြောင်း အိပ်မက်ထဲလို လို တကယ်လိုလို သိနေရတဲ့ အကြောင်း လာပြောတယ်။ထင်သလို ဖြစ်ချင်ဖြစ်မှာပေါ့ တဲ့ မောင် ပဉ္ဇင်းက ပြောတယ်။အဲဒီည ၃ နာရီ ခွဲကျော်ကျော်မှာ အဘိုးဆုံးတယ်။မယုံကြလို့ တစ်ယောက် တစ်လှည့် တက်စမ်းကြည့်ကြတယ်။စောသေးလို့ ဘယ်သူ့မှ အကြောင်း မကြားသေးဘဲ ဒီအတိုင်း ထားကြတယ်။အဘိုးဆုံးပြီး ရက်လည်ထိ တိုင်အောင် ဒီလို စုစု စုစုနဲ့ နေခဲ့ ကြတယ်။အဘိုးကို သတိရတာရော တစ်ခါမှ အဲလို လူစုံတက်စုံ မစုံဖြစ် အကြာကြီး မနေဖြစ်တာလဲ ပါမယ်။အဲဒီ အချိန်တွေကို လွမ်းတာလား မသိဘူး။လွမ်းစရာလိုလို ဝမ်းနည်းစရာလိုလိုပဲ။ယုံခဲ့ကြတာကတော့ အဘိုးကောင်းရာ မွန်ရာ ရောက်တယ်ပေါ့။

No Response to "အဘိုးရဲ့ နောက်ဆုံးရက်တွေ"

Leave A Reply

အပြောများ

Related Posts with Thumbnails