Tuesday, August 11, 2009
အိပ်မက်
ညခင်း တောတောင်မြင်ကွင်းကို မီးထိုး မြင်ရတဲ့ အလင်းလဲ မဟုတ်ဘူး။နေဝင်ရီ တရော မသဲမကွဲ မနက်လင်းခါနီး မပီမပြင်လို မြင်ရတာမျိုးလဲ မဟုတ်ဘူး။အနီးစပ်ဆုံးအနေနဲ့ လရောင် ထိန်ထိန်သာတဲ့ လရောင်အောက်မှာ ငြိမ်သက်နေတဲ့ တောတောင်သစ်ပင် ခြုံနွယ်တွေကို မြင်ရသလိုမျိုး၊ဒါပေမယ့် လရောင်လဲ မဟုတ်တာသေချာတယ်။ သစ်ပင်တွေရဲ့ အောက်ခြေတွေမှာ လရိပ်ထိုးနေတာ မတွေ့ရဘူး။လင်းနေတဲ့ အလင်းက ညီနေတယ်။မြင်တော့ မြင်နေရတာပဲ။ထင်ထင်လင်းလင်းတော့ မဟုတ်ဘူးပေါ့။တော အတိ တောင်အတိ လျှို မြောင် ချိမ့်ဝှမ်း လူနေအိမ်ခြေတွေနဲ့လဲ နီးပုံမရဘူး။ရှာနေရတယ်။တစ်ခုခုကို အငမ်းမရ တွေ့ချင်ဇော ပြင်းပြင်းပြပြနဲ့ ရှာဖွေ နေရတယ်။သက်သက်သာသာကို မဟုတ်ဘူး။အကြိမ်ကြိမ်။ဒီအလင်း ဒီမြင်ကွင်း ဒီလမ်းကိုပဲ ဝင်ပြီး ဆက်ဆက် ဝင်လာ ရှာ။ရင်ထဲ မှာ ပြင်းပြတဲ့ အလွမ်းစိတ်။တွေ့ချင်တဲ့ တစ်ခုခုကို တွေ့ချင်လွန်း အားကြီးလွန်မက အားကြီးပြီး မတွေ့ရတော့ နွမ်းလျပြီး လှိုက်မော ကျန်နေရစ်ခဲ့ရတဲ့ စိတ်နဲ့။စိတ်ဇောနဲ့ လွင့်မျောနေရတယ် ထင်ပါတယ်။ခြေလှမ်းရယ်လို့ တကူတက အားထုတ်ပြီး လှမ်းရတယ်လို့ ဘယ်အိပ်မက်မှာမှ မကြုံဖူးဘူး။တစ်ခါတစ်လေ ရှားရှားပါးပါး လမ်းမှာ တွေ့ ရတတ်တဲ့ သူတွေလဲ ဒီလိုပဲ။အဲဒီနေရာ အဲဒီလောကထဲ လွင့်မျောနေကြသလို ထင်ရတယ်။
အသက်ငယ်ငယ် ဘယ်အရွယ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်လို့တော့ သေချာ မသိဘူး။ဘယ်နှစ်ကြိမ်မက်ခဲ့လဲ ဆိုတာလည်း မသိဘူး။ရက်ခြားမက်တာတော့ မရှိသလောက်ပဲ။တစ်ခါတစ်ရံ ၁၀ ရက်လောက် ၁၅ ရက်လောက်တော့ ခြားပြီး မက်ဖူးတယ် ထင်တယ်။နှစ် ခြားမက်တာ များတယ်။တစ်နှစ်ထဲ နှစ်ခါသုံးခါ မက်တာကြုံဘူးတယ်။အိပ်မက်တစ်ခု။တော်တော်ထူးတဲ့ အိပ်မက်။ဒီအိပ်မက်က အဆက်တွေနဲ့ မက်တယ်။စဉ်းစား လို့ ရသလောက် ငယ်ငယ်က မက်ချိန်မှာလဲ အိပ်မက်ထဲ မှာ အသက်က ငယ်တယ်။နဲနဲ ကြီးလာတော့ မက်တော့လဲ အသက်က လိုက်ကြီးလာတယ်။ငယ်စဉ်မက်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်မိတော့ အတော် ထိတ်လန့်နေခဲ့တာ သိနေတယ်။အားငယ် စိုးရွံ့။တောတောင် လျှိုမြောင်ကြားတစ်ယောက်ထဲလေ။ပိုဆိုးတဲ့ ဝေဒနာက ရှာနေတာ တွေ့ချင်တာ မတွေ့ ရလို့ ခံစားပြီး ဝမ်းနည်းရတာ ထင်တယ်။မွတ်မွတ်သိပ်သိပ် တောင့်တောင့်တတကြီး ရှာနေရတယ်။လူကို ရှာတာလား နေရာကို ရှာတာလား တောင် မသိနိုင်ခဲ့ဘူး။
အစဆုံးလို ထင်ရတဲ့ အိပ်မက်ထဲ မှာ လူတွေ အများကြီး ရှိတဲ့နေရာမျိုးကနေ တစ်ယောက်ထဲ ခွဲထွက်ပြီး တောထဲ ရောက်လာတယ်။ကိုယ်က ရှာချင်လို့ ထွက်လာတယ် ထင်တယ်။လူတွေက သနားစရာလို လို ဘာလိုလို အားလုံးက ကိုယ့် အကြောင်းပဲ ပြောပြီး ကျန်နေခဲ့ကြတယ်။ဒါပေမယ့်ကိုယ်တော့ လူတွေ ကြားကို အဲဒီကတည်းက အိပ်မက်ပြီးချိန် အထိ ပြန်မရောက်တော့ဘူး။ပထမဆုံး ဝင်လာချင်ချင်း လျှိုလေးထဲမှာ သစ်ပင်ကြီး တစ်ပင်ရှိတယ်။ခြုံနွယ် ပိတ်ပေါင်းတွေ ထူထူထပ်ထပ်ပဲ။အဲဒီအပင်ကြီး နားမှာ အရုပ်လို လို ကလေးအလောင်းလို လို နှစ်ခု ။ဆန့်ဆန့်လေးတွေ လှဲလို့။သေနေတယ် ရှင်နေတယ်လဲ ကိုယ့်အသိမကွဲဘူး။ဖျက်ကနဲ မြင်ပြီး ပြေးသာထွက်လာတယ်။အသိမှာတော့ အဲဒီ ထဲက ကောင်လေးက ကိုယ် ကိုယ်တိုင် ဖြစ်နေတယ်တဲ့ ။သိနေတာပဲ။ဒါပေမယ့် ကိုယ်ကတော့ တောထဲ တဝဲလည်လည် ဆက်သွားနေတာပဲ။အဲဒီမှာ ကြောက်ပြီး လန့်နိုးတယ်။ဝမ်းနည်းနေတယ်။စိတ်ထဲ မှာလဲ တော်တော်နဲ့ မပျောက်ခဲ့ဘူး။နောက်ဆုံး အိပ်မက်ထဲ မှာ မင်းဆက်သွား ရှေ့ မြန်မြန်ရောက်အောင် ဆက်သွားလို့ အသိက ပြောနေတာကို အမှတ်ရနေတယ်။ဘယ်ကို သွားရမယ် မသိ။အပြင်မှာလဲ ငိုင်ငိုင်ပဲ။မပျော်ဘူး။တစ်နေရာက နေပြီး ကိုယ်ကို တစ်ခုခုက စောင့်နေတယ်။ကိုယ် အဲဒါနဲ့ တွေ့ဖို့ ဆုံဖို့ သိပ်အရေးကြီးနေတယ်လို့ ခံစားရတယ်။ပထမဆုံး မှတ်မိတဲ့ အိပ်မက်ပဲ။
အဲဒီရဲ့ အဆက်အိပ်မက်တွေ ဆက်ပြီး မက်လာတယ်။မက်တိုင်းလဲ အဲဒီအိပ်မက်ရဲ့ အဆက်ဆိုတာ သိနေရတယ်။နှစ်ကွာလဲ ပြန်သတိယပြီး ဆက်စပ်သွားတာပဲ။အိပ်မက်ထဲ မှာက အလင်းရောင်က တသမတ်တည်းပဲ။တောတောင်ကလဲ တူတာပဲ ။ပိုထူးတာက ခရီး ကိုယ်သွားတဲ့ ခရီး ။အရင်အိပ်မက်ရဲ့ ခရီး နောက်ဆုံး ဆုံးခဲ့တဲ့ နေရာကနေ နောက်တစ်ခါမက်တဲ့ အိပ်မက်က ဆက်ပြန်တယ်။အဒဲါကို အိပ်မက်ထဲမှာ သိနေရတယ်။အဲဒီထက်ပိုထူးတာက ရှေ့တိုး ရှေ့တိုးရင်း တွေ့ တွေ့ နေရတဲ့ နေရာတွေကို ပိုပို ရင်းရင်းနှီးနှီး မှတ်မိမှတ်မိလာတယ်။လမ်းအကွေ့လေးတွေ ,တောင်စောင်းလေးတွေ ,ပင်စည်ညီညီနဲ့ ပင်းလုံးစီနေတဲ့ သစ်တော အုပ်လေးတွေ ကို မှတ်မှတ်ရရ သတိထားမိတတ်တယ်။ဒီနေရာတော့ ရောက်လာပြီပေါ့။ရှေ့ ရောက်ချင်ဇောနဲ့ ဇွတ်တိုးသာ သွားနေရတယ် ကိုယ့်ကို ညှို့ ခေါ်သလို ဖြစ်နေတဲ့ ဟာက ဘာရယ်လဲ မသိဘူး။အိပ်မက်ထဲမှာ မသိတော့ အပြင်မှာလဲ ကြိုတွေးလို့ မရဘူး။မက်လိုက် မေ့သွားလိုက်။ဘယ်လိုမှ မထင်မှတ်တဲ့အချိန်မှာ အိပ်မက်က ရောက်လာလိုက်ပဲ။ခရီးစဉ်ကို အိပ်မက်ထဲမှာတော့ သိနေတယ်။အရင်တစ်ခါမက်တဲ့ အိပ်မက်မှာ ခရီးက ဘယ်အထိ ရောက်လာပြီ၊နောက်အိပ်မက်မှာ အဲဒီရောက်တဲ့ နေရာက နေ ဆက်မက်တာပဲ။အိပ်မက်လဲ ပြောသေး ဘာလို့ သွားသွား ဆက်စပ်နေမှန်းလဲ မသိဘူး။
အပြင်ခရီးမှာ တောတောင်ခရီးတွေ အများကြီး ရောက်ခဲ့ဘူးတာပဲ။ရောက်တဲ့ နေရာသစ်မှန်သမျှ ရင်ခုန်နေမိတာက အိပ်မက်ထဲက နေရာကို ဘွားးကနဲ တွေ့ ရလေမလားပေါ့။ညောင်ရွှေဟော်ကို ရောက်တော့ အဟောင်း အဆွေးမြင်ကွင်းတွေကို တွေ့ချိန်မှာ အိပ်မက်ကို ဖျက်ကနဲ သတိရတယ်။ဒီလို နေရာကို သွားနေတာလား။တောင်ကြီး ကလောအောင်ပန်း တောတောင် နေရာတွေ ။ထင်ရှူးတောတွေ မှာ အိပ်မက်ထဲက ပင်စီညီညီလေးတွေလားပေါ့။ဟုတ်ပါဘူး။ပြင်ဦါ်လွင် ဝန်းကျင် တောတွေ တောင်တွေ ထဲ ။ဟိုး ဘက် တောင်တစ်လုံး ,မနား စတဲ့ ဒေသလေးတွေ ။နောင်ချိုနဲ့ အနားတစ်ဝှုက်က တောတောင်လေးတွေ ကျောက်မဲ ,လားရှိုးကနေ ဟိုးဘက် အစွန်ဆုံး ချင်းရွှေဟော် ,လောက်ကိုင် ကုန်းကြမ်း အထိ။ကုန်းကြမ်းပတ်လည်က ရွာလေးတွေ ကို သွားရတဲ့ ခရီးတွေ ခြေလျင်တွေပဲ။ရှောက်ကိုင်, ညံခွမ်းေ၇ှာက်ကိုင်ချေားင်းအတိုင်း အစုန်အဆန်။တာရွှေတန် ကြာာစီရှူး နေရာ ပတ်လည်က ရွာ လေးတွေ မှာ တောတောင် အနှံ့လိုပဲ။ခြေလျင်ခရီးများတယ်။အကုန် လွင့် သွား။အိပ်မက်ထဲက နေရာမျိုးကို မျှော်တလင့်လင့်နဲ့ပဲ။နောက် ဗန်းမော်ခရီ်းမိုးကုတ်ခရီးတွေ က တောတောင်တွေ အစုံပဲ။တောင်စွယ်တစ်ခုခုက ကျော်လိုက်ရင်ဆိုတဲ့ အတွေးလေးနဲ့ ရင်မောမော နေတတ်တယ်။
အိပ်မက်ထဲမှာ တရွေ့ ရွေ့ နီးနီး လာတာကို သိနေတယ်။လမ်းတစ်လျောက် သစ်ပင်ခြုံနွယ်တွေ ရှုပ်တဲ့ ကြားထဲကနေပြီး ဖြတ်သန်းလာရပေမယ့် တစ်နေ့မှာ အခြေရှင်တဲ့ နေရာလေးတစ်ခုကို အိပ်မက်ထဲ ရောက်သွားတယ်။ဝမ်းသာလိုက်တာ။တောင်ကုန်းမိုမိုလေး ကို တွေ့ ပြီ၊တောထဲ အတော်ကြာကြာလည်နေပြီးမှ
ဖျက်ကနဲ တွေ့ရတော့ လှိုက်ကနဲ ဖြစ်ရတယ် ။အဲဒီအချိန်မှာ အိပ်မက်က နိုးလာတယ်။အားမရလိုက်တာ။တောင်ကုန်းလေးပေါ် ပြေးတတ်လိုက် ပြီးရော။တွေ့ချင်တာကို တွေ့ရတော့မယ်။တောင်ကုန်းပေါ်မှာ တစ်ရောက်ရောက်က ထိုင်စောင့်နေမလား။တစ်ခုခု ရှိနေမလား။အိပ်ရာနိုးတော့ အတွေး တန်းနေတယ်။ဘာလို့ နိုးလာရလဲ တောင်းလေးပေါ် ပြေးတတ်ပြီးမှ နိုးတာ မဟုတ်ဘူး။အိပ်မက်က ဆက်မမက်ပြန်ဘူး။ကြာပြီ။တောင်လေးပေါ်မှာ သေချာပေါက် တွေ့နိုင်မယ် ထင်နေတယ်။ကိုယ်ရှာနေတာ။ကိုယ့်ကို စောင့်နေတာ တစ်ခုခု။နေ့ရက်တွေ တောင်ကုန်းပေါ် ပြေးမတတ်နိုင်ခဲ့ရ ကောင်းလား။ကုန်ခဲ့တယ်။လတွေ ဖြတ်သန်းပြီး နှစ်တွေတောင် ကျော်လွန်ခဲ့တယ်။စိတ်ထဲ မေ့မေ့ပျောက်ပျောက်ပဲ။မှတ်မှတ်ရရ ၂၀၀၈ -ထဲမှာ အဲဒီ အိပ်မက်တွေ ဆုံးသွားတယ် ဒီဘက် တစ်ခါမှ မက်မလာသေးဘူး။
နောက်ဆုံး အိပ်မက်တွေ ထဲမှာ သိနေတာက တောင်ကုန်းပေါ် ပြေးတက်လိုက်ရင် အဖြေ သိမယ် ဆိုတာကို။ကိုယ် သိချင်တာ ကိုယ် တွေ့ချင်တာ ကြုံရတော့မယ်။အပြင် အသိစိတ်နိုးနေချိန် ပြန်တွေးလဲ ဒါကို သိနေသလိုပဲ။ထားပါတော့ ။တောင်ကုန်းကို ကျော်မယ် ဆိုတဲ့ အသိနဲ့ အိပ်မက် နှစ်ခါ မက်ရတယ် ပင်ပန်းလိုက်တာ။တောင်ပေါ် တက်လဲ မရောက်သလိုပဲ။တစ်ခုခု စောင့်နေမယ် အသိနဲ့ အိပ်မက်ထဲ မှာ စိတ်စောလိုက်ရတာ။တကယ်တမ်း အိပ်မက်ထဲ တောင်ကုန်းကို ကျော်လွန်လာတော့ အပင်စုစုလေးတွေ လှမ်းမြင်ရတဲ့ မျက်ခင်းစိမ်းစိမ်းလေးတွေ ရှိနေတဲ့ တောင်ထိပ်လေးကို တက်ခဲ့ရလား ဒါမှ မဟုတ် တောင်ကုန်းလေး ဘေးက နေ ပတ်ခဲ့ပြီး လွန်လာတာလား အိပ်မက်ထဲ ရော အပြင်မှာရော ပြန်ကို တွေး မရဘူး။တွေ့တာကတော့ တွေ့တယ်။တောင်ကုန်း အလွန်မှာ အိမ်မဲမဲကြီး တစ်လုံး။ဝမ်းတွေ သာ လှိုက်လှဲ တုန်ရီနေတယ်။ဟုတ်တယ် အိပ်မက်တွေရဲ့ ပန်းတိုင်က ဒါပဲ။အိမ်ကြီး ဆီ အရမ်းရောက်လိုဇော ပြင်းပြနေတယ်။ဝေးတော့ မဝေးဘူး။လမ်းကို က ကွေ့ကောက်နေတာလား။ရှေ့ မရောက်တာပဲ သိတယ်။စိတ်ထဲ လဲ ရှေ့ တိုးချင်စိတ်ရှိပေမယ့် အနားကို ကပ်မရဘူး။တစ်ခုခုက တားနေတာလား လဲ မသိ။အဲလိုနဲပ နိုးလာပြန်တယ်။နောက်အိပ်မက်တွေလဲ အဲလိုပဲ။အိမ်ကြီးထဲ ပြေးပြေးဝင်ချင်ဇောနဲ့ ပေမယ့် တော်တော်နဲ့ မရောက်ရဘူး။ဝမ်းသာစိတ် ဝင်ချင်စိတ် တစ်ခုခုက စောင့်နေမယ် တွေ့ရတော့မယ် ဆိုတဲ့ စိတ်တွေ နဲ့။အိပ်မက်တွေ မက်မက်နေရတယ်။အိမ်ကြီးက လဲ အရမ်း ရင်းနှီးကျွမ်းဝင်နေတယ်။အဲလိုနဲ့ နိုးနိုးလာခဲ့ရတာ အကြိမ်ကြိမ်။နောက်မေ့လောက်ပြီဆိုမှ တစ်ခါ မက်လာပြန်ရော။ပြီးခဲ့တဲ့ နှစ်နှစ်လောက်က မှ အိမ်နားကို ကပ်ရတယ်။အိမ်ထဲ ဝင်ရတယ် ဆိုတဲ့ အိပ်မက်တွေ မက်တယ်။အိမ်နားကို ကပ်ရတော့ ရင်ခုန်တာလဲ ပါမယ်။ထူးဆန်းတယ် စိတ်ထဲောကာက်နေသလိုပဲ။ဘာများကြောက်စရာ တစ်ခုခု တွေ့ ရမလဲ ဆိုတဲ့ အသိ ရောက်နေတယ်။ဒါပေမယ့် ဝမ်းသာတဲ့ အသိ,စိတ်ထဲ ရင်ထဲ အသိထဲ လှိုက်လှဲ နေတဲ့ အသိ။ဝမ်းသာတာလား ဝမ်းနည်းနေတာလားတောင် မကွဲ ပြားဘူး။အသည်းငယ်တတ်တဲ့ လူတွေ ခွဲခွါမှုကို ရင်ဆိုင်ချိန်မှာ ဝမ်းနည်းတတ်တဲ့ ခံစားချက်မျိုးလား။နှစ်ပေါင်းများစွာ သိပ်ရင်းနှီး ကျွမ်းဝင်တဲ့ လူနဲ့ ခွဲခွါနေရပြီးမှ စပ်ဆက် ဆိုင်ဆိုင် ပြန်နေရ တွေ့ရတဲ့ ခံစားချက်မျိုးလား။ဒါမျိုးက မပြည့်စုံဘူး ထင်တယ်။ကိုယ့် အစိတ်အပိုင်း တစ်ခု,ခန္ဓာ ကိုယ်ထဲ က အစိတ်အပိုင်းတောင် မဟုတ်ဘူး အသိစိတ်ထဲ က အစိတ် အပိုင်း နာမ်ပိုင်းထဲက အစိတ်အပိုင်း ဖြစ်မယ်။အဲဒီ အစိတ် အပိုင်း မရှိရင် အသက်ရှင်နေပေမယ့် အဓိပ္ပါယ် မရှိဘူး။ဒီလို အစိတ် အပိုင်း တစ်ခုကို ကိုယ် ဆီမှာ အံဝင်ခွင်ကျ ပြန် တပ်ဆင်ခွင့်ရတဲ့ အသိမျိုး ။ခံစားချက်မျိုး။စိတ်ထဲ လိုလို ချင်ချင် လှိုက်လှဲမိတယ်။ဒီလို ပြောရရင် နီးစပ်မလားပဲ။
အိမ်နံဘေးတစ်လျောက် လျောက်နေရတာကို အိပ်ကမ်တစ်ခုထဲ မက်ခဲ့တယ်။အိမ်ဝင်းထဲ ဝင်ရဖို့ အိမ်ခြေထိ ရောက်လာဖို့ လဲ အိပ်မက် နှစ်ခု သုံးခုလောက် မက်ခဲ့ရမယ် ထင်တယ်။အား -စိတ်ထဲ လှုပ်ခတ် ခါရမ်းနေတာပဲ။တစ်လျောက်လုံး မက်လာရတဲ့ အိပ်မက်ရဲက အဖြေ။တစ်ဘဝလုံး ပဟေဠိလို ဖြစ်လာတဲ့ သိချင်းလွန်းတဲ့ အဖြေ။ဒီအိပ်မက်ရဲ့ အဆုံးကို ရောက်ရင် ဘဝပါ သိသီသာသာ ပြောင်းလဲ နိုင်မယ် ထိကို စိတ်ရောက်နေမိခဲ့တယ်။
အိပ်မက်ထဲ မှာ အိမ်ကြီးဆီ ဝင်ရတော့ အိမ်ကြီး ဟာ အစက ပြောခဲ့တဲ့ အလင်းမှိန်မှိန်အောငက်မှာ မဲမဲ ဟောင်းဟောင်း အိုအိုကြီးပေါ့။အိမ် အတွင်းကို စ ဝင်ရပြီ။အလင်းက အိမ်ထဲထိ လိုက်မလာဘူး။ဒါပေမယ့် လုံးဝ ပိန်းပိတ်အောင် မှောင်နေတာလဲ မဟုတ်ဘူး။ပထမဆုံး ဧည့်ခန်းလိုလို ဟောခန်း အကျယ်ကြီးတယ် ရောက်သွားတယ်။အလင်းက ပိုပြီး မှိန်ဖျော့သွားတယ်။ရိပ်တိပ်တိပ်တော့ မြင်နေရတာပဲ။ပြီးတော့ မြင်သမျှလဲ စိတ်ထဲ ထင်ထင်ရှားရှား သိနေရတာပဲ။အခန်းထဲမှာ ဘာမှ ရှိမနေဘူး။ဖုန်တွေ သိပ်ထူနေတယ်။ဖုန်နံ့တောင် ရနေသလိုလို။ပိုးမျှင်တွေလဲ အများကြီး။သေးသေးလေးတွေ မဟုတ်ဘူး။အကြီး ကြီးတွေ ယှက်သန်းနေတာ။စာရိုက်နေရင် ရှိန်းကနဲ ရှိန်း ဖြစ်ဖြစ်နေတယ်။တစ်ခုခုတော့ တွေ့ရမယ်ဆိုတာ သေချာသိနေပေမယ့် ဘာမှ မထူးဘူး။အတွင်းခန်း တစ်ခုကို ဆက်ဝင်ဖို့ အသိက ပြောလာတယ်။မျက်လုံးဝင့်ကြည့်မိသလို လုပ်မိပေမယ့် ငြိမ်ဆိတ်လို့ပဲ။အတွင်းခန်းက တစ်ခုခု အသံ ကြားရလေမလား။တစ်ခုခု ထွက်လာမလား။ဘာမှ ဖြစ်မလာဘူး။ဆက်ဝင်ဖို့ စိတ်က ပြောလာတော့ ဆက်တိုးသွားလိုက်တယ်။အခန်းတစ်ခု ကျယ်ကျယ်ပဲ။ထူးဆန်းတာက ဘယ်က ရတယ် မသိတဲ့ အလင်းကွက် ဖြူဖြူက ကြားထဲမှာ ကျနေတယ်။အပေါက်ဝမှာ ခဏရပ်နေတဲ့ ကိုယ်နဲ့ ဟိုဘက်က ကြားမှာ။အဖြူရောင်တန်းရဲ့ အတွင်းဘက် အမှောပြပြမှာ အခေါင်းနှစ်လုံး။ကိုယ်မျော်လင့်တာက ကုဋင်တစ်လုံးနဲ့ ထိုင်စောင့်နေမယ့် တစ်ယောက်ယောက်ကိုလား။ကုဋင်ပေါ် လဲလျောင်းရင်း တွေ့ရမယ် ထင်ခဲ့တာလား ဇဝေဇဝါ ပြန်တွေးလိုက်သေးတယ်။အခုတွေ့ရတာက အခေါင်းနှဏ်လုံး။စိတ်ထဲ လှိုက်ကနဲပ ဖြစ်သွားပြီး သိနေတာက ဘယ်ဘက်က အခေါင်းက ကိုယ့် အခေါင်းတဲ့ ။သိလေိုက်တယ်။ကိုယ် ပြန်ရောက်လာပြီ။တစ်ခုခုက ရှိမနေတော့ဘူး။ညာဘက်က အခေါင်းက တဝက်နီးပါး ဟနေတယ် အဖုံးက အောက်လျောနေတယ်။ကိုယ် ပိုပြီး ဝမ်းနည်းသွားတယ်။သူရှိမနေဘူးဆိုတဲ့ အသိ ။ခရီးလွန်နေတာလား။သံသရာထဲ ဘဝတစ်ခုခုကို ရောက်နေဆဲလား။သူ့ကို မတွေ့နိုင်တော့ဘူး။အသိက အခေါင်းထဲ မှာ ဝင်ပြီး လဲနေလိုက်ဖို့ သူပြန်လာချိန်ထိ စောင့်တော့ ဆိုတဲ့ အသိမျိုးပေါ့။သံသရာ အဆက်ဆက်က ချစ်သူလား ဇနီးမယားလား သေချတောင် မသိနိုင်ဘူး။အသံတစ်ခုခု ကြားရမလား နားစွင့်လဲ ဘာသံမှ ရှိမနေဘူး။သွားပြီ။အိပ်မက်ထဲ မြှ သိပ်ကို ကြေကွဲနေမတယ်။တခြား အခန်းတစ်ခုခုက အသံ တစ်ခုခု ထွက်လာဦးမလား မျှော်လင့်ပေမယ့် ဘာမှ မကြားရဘူး။ဆိတ်ငြိမ် အေးစက်လာတယ်။နှမျောစိတ် ယူကြုံးမရစိတ်ပဲ ရှိနေတော့ သလိုပဲ။ကြာလေ အေးစက်လာလေ ထင်ရတယ်။အခု ရောက်လာပြီလေ။အနှစ်နှစ် အလလ အိပ်မက်ရဲ့ ခရီး ဒီလိုကြီး ဆုံးရမှာလား။အိပ်မက်ထဲ လက်တွေ့ အချိန်တွေ တစ်ဘဝလုံး မျှောလင့်တကြီးနဲ့ ဆက်ဆက် လာခဲ့ ရတဲ့ ခရီး ဒီလိုနဲ့ နိဂုမ်းရောက်မှာလား။သူက ဘယ်ရောက်နေလဲ ။ဘယ်လိုမှ သိခွင့်က မရှိ။ဘယ်လို မေးရမယ်လဲ မသိ။ဘဝပါ ပြောင်းလဲ လိမ့်မယ်လို့ အထင်နဲ့ ဒီအိပ်မက်ကြီး သယ်သယ် လာခဲ့ရတဲ့ အချိန်တွေ ရဲ့ အဆုံးက ဒါပဲလား။ဘယ်ရောက်နေမှန်းလဲ မသိ ဘယ်လို ဆက်သွယ် ရမှန်းလဲ မသိတဲ့ အဖြစ်နဲ့ ဇာတ်သိမ်းတော့ မယ် ထင်တယ်။အိပ်မက်ထဲ မှာ တကယ် ဗြောင်းဆန်အောင် တွေးနေမိတယ်။အဲဒီ အိပ်မက်ကနေပြီး တော်တော် နဲ့ နိုးမလာဘူး။အိပ်နေတာက မြန်မြန်နိုးပါတော့ တောင် တောင့်တနေမိပေမယ့် ဒီလို နဲ့ အကြာကြီး အီလည် လညိကြီး ဆက်ရှိနေတာပဲ။အိပ်မက်ထဲမှာ အဲဒီလို အကြကြီးနေပေးခဲ့ရတယ် ။အချိန်တွေ အေးစက်လာပြီး အခန်းထဲမှာ ကိုယ်ကိုယ်တိုင် ရှိနေရဲ့ နဲ့ အသက်ရှိတဲ့လူ တစ်ယောက်မှ ရှိမနေသလို ဖြစ်နေတယ်။သက်ရှိဟူသမျှ မရှိဘူးဆိုတဲ့ အသိက ရှိနေရဲ့ နဲ့ ကိုယ်ဘာသာရှိနေတာတော့ သိနေသတဲ့ ။ဘာကြီးမှန်းကို မသိဘူး။မွန်းကျပ်နေတာပဲ။
အိပ်ရာက နိုးတော့လဲ ငေါင်စင်းစင်းနဲ့ ပေါ့။အခုပြန်တွေးကြည့် အခု ဟာတာတာကြီး။ဘယ်လို ကြီးမှန်ကို မသိဘူး။ခံရခက်လိုက်တာ။အဲဒီအိပ်မက်တွေ က ၂၀၀၈ နှစ်ကုန်ပိုင်းမှာ ။နောက်ပိုင်း ဆက်မက် မလာတော့ ပြန်ဘူး။ပြီးများ ပြီးသွားသလား မသိဘူး။ပြန်စဉ်းစားနေမိရင် ဒီလို ပဲ ခံစားရတာချည်းပဲ။အဲဒီအိပ်မက်တွေရဲ့ အဆက်များ ထပ်မက်လာဦးမလား မျှော်တော့ မျှော်နေမတတ်တယ်။ဘယ်လို အဓိပ္ပါယ်လဲ ဆိုတာတော့ တွေးလဲ မတွေးတတ်ဘူး။ကိုယ်ရှာခဲ့တာက ချစ်သူလား။သူက ဘယ်သူလဲ ဘယ်ရောက်နေလဲ ဘာမှ လဲ သဲသဲကွဲကွဲ မသိရဘဲ ဒီအတိုင်းကြီး ကျန်ရစ်တယ်။ဟာနေတယ်။ဒါ ဇာတ်သိမ်းပဲလား လဲ မသိဘူး။ဒါ အမှန်တကယ်တွေပဲ။ပြီးပါပြီ။
No Response to "အိပ်မက်"
Leave A Reply
အပြောများ