Sunday, August 9, 2009
ပန်းချီကားတစ်ချပ်၏သမိုင်း
Posted on 8:19 AM by nweminthit
(၁)
ခြောက်ကပ်ကပ် ပန်းချီကား ပြခန်းတစ်ခုထဲကို သူတို့ သူငယ်ချင်းတစ်စု ရည်ရွယ် ချက်မရှိဘဲ ရောက်သွားခဲ့ကြတယ်။သူငယ်ချင်းတွေ အဖွဲ့လိုက်ဆိုတော့ ဘာရယ် မဟုတ်ဘဲ တွေ့သမျှ ကြုံသမျှ စကားတွေ ဖောင်းပွလို့ပေါ့။သူငယ်ချင်းတစ်ယောက်က ပန်ချီကားတစ်ခုရှေ့မှာ ရပ်လိုက်တယ်။ပန်းချီကားထဲမှာက ယဲ့ယဲ့ကလေးတစ်ယောက်ကို ဖေးမထားဟန် လူတစ်ယောက်နဲ့ ဘေးက သူ့သူငယ်ချင်း ဖြစ်သူတစ်ယောက်တို့ စကား အခြေအတင်ဆွေးနွေးနေတဲ့ ပုံကို ပီပီ ပြင်ပြင် သရုပ်ဖော်ထားတယ်။ကလေးရဲ့ ပါးစပ်ကလဲ တစ်ခုခုကို အသံ မထွက်နိုင်ပေမယ့် ရွတ်နေတဲ့ ပုံ ပေါ်နေတယ်။သူငယ်ချင်းတွေ က မှတ်ချက် အမျိုးမျိုး ပေးနေကြတယ် ပန်းချီကားရှေ့မှာ။
(၁)သားဆိုးကြောင့် ဖအေ ဖြစ်သူပါ စိတ်ဒုက္ခရောက်နေရ ပြီ။
(၂)တတ်သိနားလည် မှု မရှိတဲ့ လူကြီးတွေရဲ့ လက်ထဲမှာ ကလေးတော့ ကံဆိုးပြီ။
(၃)ဘေးလူတစ်ယောက်ကို အကူအညီတောင်းနေတဲ့ပုံပဲ . . .စတဲ့ မှတ်ချက်တွေ နဲ့ သူငယ်ချင်းအဖွဲ့ ဆူညံနေကြတယ်။
(၂)
ဘေးက ပန်းချီဆရာပုံ မပေါက်တဲ့ အဖိုးကြီး တစ်ယောက်က သူငယ်ချင်းတွေ အဖွဲ့ဆီ ဝင်လာပြီး ဒီပန်းချီကားကို သူဆွဲထားတဲ့ အကြောင်း အဖြစ်မှန်ကို မှတ်တမ်းတင်ထားတဲ့ သမိုင်းဝင်ပန်းချီကားတစ်ချပ်ဖြစ်ကြောင်း လာပြီး ရှင်းပြပါလေရော။
"ဒီပန်းချီကားထဲက ကလေးတို့ခေတ်က ပညာရေးကို မောင်ရင်တို့ မှီမှ မမှီဘဲ။ပန်းချီကို ဘယ်ခံစားလို့ ရမလဲ။ပန်းချီကားတစ်ချပ်ကို ခံစားတတ်ဖို့ ဆိုတာ အဲဒီပန်းချီကားရဲ့ ခေတ် နောက်ခံဒါတွေ လဲ သိမှ သာ ပန်းချီကားရဲ့ အနှစ်သာရကို ခံစားနိုင်တဲ့ အကြောင်း. ." .ပန်းချီ အနုပညာရဲ့ အကျယ် တွေ ဘာတွေ ချီလာတယ်။ပြောခဲ့ပြီးပြီ ကျနော်တို့က ဘာမှ ခံယူချက်ရည်ရွယ်ချက် မရှိဘဲ ရောက်လာတာလေ။ဆိုတော့ စိတ်ဝင်စားပုံ မရတာကို ပန်းချီဆရာအိုကြီးက သိပုံရတယ်။တစ်ခါတည်း စကားလွဲသွားတယ်။ပန်းချီကားရဲ့ အဖြစ်အပျက်ဆီကို ပြောပြပါတော့တယ်။
(၃)
အဘတို့ငယ်ငယ်က ပညာရေးကို သိပ်ဦးစားပေးတဲ့ ခေတ်၊ပညာရေးခေတ်မှီမှ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မယ်ဆိုတာလဲ လူကြီးတွေ ကိုယ်တိုင်က လက်ခံပြီး ကိုယ့်သားသမီးကို သိပ် အလေးအနက်ထားခဲ့ကြတယ်။အခုကလေးတို့လို ပညာခေတ်ရောက်ဖို့ရဲ့ အစပိုင်းခေတ်တွေ လဲ ဖြစ်နေတယ်လေ။ကိုယ့်သားသမီး ဘယ်လောက်တော်တယ် ဘယ်လောက် အရည်အချင်းရှိတယ် ဆိုတာ မိဘတိုင်းတွေ့ရင် အဓိကပြောစရာ အကြောင်းရင်း တစ်ခု ဖြစ်နေတဲ့ခေတ်ပေါ့။အခုပန်းချီကားထဲက ကလေး အဖေကိုယ်တိုင်က လဲ သိပ်တော်တဲ့ သူသားအတွက် အရမ်းဂုဏ်ယူခဲ့တဲ့ အဖေတစ်ယောက်ဖြစ်ခဲ့သလို ကလေးလေးကလဲ တစ်ခေတ်မှာ တစ်ယောက်ဆိုသလို သိပ်တော်တဲ့ ကလေးလေး ဖြစ်ခဲ့တယ်တဲ့။ဘေးက ရပ်နေတဲ့ သူငယ်ချင်းကို သူ့သားလေးတော်ကြောင်း လက်တွေ့စမ်းပြရင်း ကြွားမိရာက အခုလို အဖြစ်မျိုးကြုံသွားခဲ့ရတယ်တဲ့။
ပန်းချီဆရာအိုကြီးက သူ့စကားကို ကျနော်တို့ အဖွဲ့ စိတ်ဝင်စားမှု ရှိမရှိ အကဲ ခတ်ချင်ပုံရတယ်။စကားကို ဖြတ်ပြီး ကျနော်တို့ကို တစ်ချက်ဝေ့ကြည့်တယ်။ကျနော်တို့ကလဲ သိတဲ့ အတိုင်းပဲ ဖြစ်ရိုးဖြစ်စဉ်ထက် နဲနဲ ထူးတယ်ထင်တဲ့ အကြောင်းဆိုရင် လက်တို့ ညှိစရာတောင် မလိုဘူး။အားလုံးငြိမ်လို့ ။ပန်းချီစကားကြီးရဲ့ စကားက အဝေးကြီးက လွင့်လာသလိုလို ကျနော်တို့ အတွက် စူးစိုက်နားထောင်ချင်စရာ ဖြစ်လာတယ်။သူ့စကားကို စိတ်ဝင်စားမှန်းသိတော့မှ ရှေ့ဆက်ပြောတယ်။
"သူ့သားက ရှေးရှေးတုန်းကတော့ အင်မတန် နာမည်ကြီးပြီး ကျော်ကြားခဲ့တဲ့ မဟာကဗျာရှည်ကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလွတ်ကျက်နိုင်ခဲ့တဲ့ အထိ တော်ခဲ့တယ်။မင်းတို့ခေတ်မှာတော့ အဲဒီလို ကဗျာကြီးမျိုး ရှိတော့မယ် မထင်ဘူး။မင်းတို့လဲ အဲဒီ ကဗျာကြီးကို ကြားဖူးတော့မယ် မထင်ဘူး။အဲဒီခေတ်ကတော့ ခေတ်လူငယ်တွေရဲ့ မသင်မနေရ အဖြစ် မဟာ သူငယ်တန်းဆိုတဲ့ အဆင့်မှာတောင် ပြဌာန်းခံရတဲ့ ကဗျာကြီးပဲ"တဲ့။အလွန်ဥာဏ်ထက်တဲ့ ကလေးက အဲဒီ ကဗျာရှည်ကြီးကို အလွတ် ကြေလွန်းမက ကြေညက်အောင် ကျက်ခဲ့မိတော့ အခု မင်းတို့ မြင်တဲ့ အတိုင်း အဖြစ်ဆိုးတစ်ခုကို ကြုံသွားတော့တယ်။ဖအေကလဲ ယူကြုံးမရ ကြုံရတယ် သားဖြစ်တဲ့ ကလေးကလဲ အခုမြင်ရတဲ့ အတိုင်း ဒုက္ခဝေဒနာကို အကြီးအကျယ် ခံစားသွားရပြီး နောက်ဆုံး လုံးပါးပါးခဲ့ရတယ်တဲ့။
ဘာဆိုင်လို့လဲ လို့ ကျနော်တို့ အားလုံး အတွေးညီညီနဲ့ တွေးလိုက်မိကြတယ်။စာတော်ပြီး အာဂုံ အရကျက်မိရုံနဲ့ ဒီလောက်အထိ ဖြစ်ရသလားပေါ့။ဒါကို ပန်းချီဆရာအိုကြီးက ရိပ်မိပုံရတယ်။
"မင်းတို့ကတော့ တွေးမှာပဲတဲ့ ဘာဆိုင်လို့လဲပေါ့။ဒါပေမယ့် ဒါက အဖြစ်မှန်ပဲ"တဲ့။သူစကားကို ဆက်ပြောတယ်။
"အဲဒီ ရှေးခေတ်က "အာဂုံရမှ အာဂလူ"တို့ "ကြောင် ပုဇွန်စား ကျွတ်ကျွတ်ဝါးသို့ "တို့လို တကယ် သမိုင်းဝင် စကားပုံတွေ ရှိတာ မင်းတို့လဲ သိသားပဲ"တဲ့။ "သမိုင်းတစ်လျောက်မှာ အာဂုံသမားတွေ သိပ်ထွန်းတောက်ခဲ့တယ်။ခေတ်ကာလနဲ့လဲ သိပ်လိုက်လျောညီတွေ ရှိပြီး အဲလို လူတွေ ဟာ အဲဒီခေတ်ရဲ့ သူရဲကောင်းတွေပဲ။ပန်းချီကားထဲက သူ ငယ်လဲ တစ်ခေတ်မှာ တစ်ယောက် သူရဲကောင်းဖြစ်လာမယ့် သူရဲကောင်း အလောင်း အလျာလေးပဲ။ရထားတဲ့ စာလုံးတစ်လုံးရဲ့ အစလေးသာ သတိရလိုက် အဆုံး အထိ မရပ်မနား ဥာဏ်ပြေးနိုင်တဲ့ ကလေးမျိုးပ"ဲတဲ့။" ပါးစပ်နဲ့ဆိုကြည့် အစလေးသာ သူ့ဥာဏ်ထဲပေါ် အဆုံးထိ အော်တို မရပ်မနား ရွတ်ချသွားနိုင်တယ်။အဆုံးအထိ မရောက်မချင်း ရပ်မရနိုင်တဲ့ စွမ်းရည်မျိုး သူမှာ ပါရမီ ပါလာခဲ့တာ။ဒီလို စွမ်းရည်ထူးနဲ့ ပြည့်လာလို့လဲ အခုလို ဒုက္ခရောက်သွားခဲ့တယ်" တဲ့။
ကျနော်တို့ အားလုံး ယောင်လည်လည် ဖြစ်ကုန်တယ်။စာရလွန်းတဲ့ ပါရမီကြောင့် ဒုက္ခရောက်တဲ့ ခေတ်ဆိုတာ ခံစားလို့ မရနိုင်ဘူးလေ။ခေတ်ကာလ ကွာခြားသွားလို့ များ နားမလည်နိုင်တာလားပေါ့။
စိတ်ထဲမှာလဲ နဲနဲ အလုပ်များနေတယ်။ဒီလောက်ပါရမီ ပါတဲ့ ပညာရှင်လေး ကို နှမြောရမှာလို လို ,တော်တဲ့ အတွက် ဂုဏ်ယူရမှာလိုလို နဲ့ပေါ့။ဒီပန်းချီကားထဲက ကလေးကျက်ခဲ့တယ်ဆိုတဲ့ မဟာကဗျာကြီးကိုလဲ နဲနဲ စိတ်ဝင်စားလာတယ်။ဘယ်လို ကဗျာမျိုးလဲ ဆရာကြီးလို့ တစ်ယောက်က မနေနိုင် မထိုင်နိုင် လောမေးလိုက်တယ်။
ပန်းချီဆရာကြီးက အတော် ကျေနပ်သွားပုံရတယ်။သူ့နုတ်က ထုတ်ရွတ်ရမယ့် ဝေါဟာရအပေါ် တန်ဖိုးထားမှု ဂုဏ်ယူမှုတွေ လေးနက်မှုတွေ သူ့မျက်နှာပေါ်မှာ တရိပ်ရိပ် တောက်နေသလိုပဲ လို့ ကျနော်တို့သူငယ်ချင်းတွေ အားလုံး သိနေကြတယ်။
"မုန့်လုံး -ဆိုတဲ့ မဟာကဗျာရှည်ကြီးလေဗျာ"တဲ့။ကဗျာ ဆရာကြီးက ဆက်ပြောတယ်။အခုပန်းချီထဲက ကလေးက ခေတ် အရ အာဂုံတွေ မှာ သိပ်တော်တဲ့ ကလေးလေးတဲ့။အလွန်ဥာဏ်ထက်လွန်းတော့ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို အစရလိုက်တာနဲ့ အဆုံးတိုင် နန်းစတော့ပ် ရွတ်ဆိုသွားနိုင်တဲ့ ပါရမီရှိနေတယ်။မုန့်လုံးကဗျာရှည်ကြီးကို သူခေတ်မှာ သူလို ကြေညက်အောင်မရှိလောက်အောင် ရှားပါးကြောင်း ပြောပြပါတယ်။
"မုန့်လုံး စက္ကူကပ်
ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်က မြောက်ကလေး
ခုန်ဆင်းလို့ပြေး။
ဂျာအေး
ဂျာအေးကို သူ့အမေရိုက်
မှောင်မိုက်မှာကို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကို ဆွဲ
တွဲလွဲ
တွဲလွဲရေ နေပါဦး
မိုးတောင်က ခြုန်း
မုန့်လုံး . . .မုန့်လုံးကို စက္ကူကပ် . . .
ဒီလိုနဲ့ ကလေးလေးဟာ မုန့်လုံးရောက်လိုက် အဆုံးအထိ ပြန်ရွတ်လိုက် . . . . .အဆုံးထိပြန်ရွတ်လိုက် နဲ့ ဘယ်လို မှ ရပ်မရတဲ့ အခါ တော်လွန်းတဲ့ အတွက် ပညာဥာဏ် ပါရမီ မြင့်မား လွန်းတဲ့ အတွက် ဒုက္ခရောက်သွားတဲ့ အကြောင်း ပန်းချီဆရာအိုကြီးက ပြောပြပါတယ်။
(၄)
ကျနော်တို့ အတွက်တော့ဒါ အထူးအဆန်း တစ်ခု ဖြစ်နေပါတယ်။ရှေးခေတ်ရဲ့ ပညာအတတ်လွန်ရောဂါဆိုတာမျိုးကို ကျနော်တို့ ခေတ်လူငယ်တွေ စိတ်ကူး နဲ့တောင် မြင်ကြည့်လို့ မရနိုင်တော့ဘူးပေါ့။ဒါပေမယ့် ပန်းချီဆရာကြီးကတော့ ရှေးခေတ် သူရဲကောင်း ပုံပြင် တစ်ပုဒ်ကို ပြောနေသလို ပြောပြသွားပါတယ် . . . . . . .။
Subscribe to:
Post Comments (Atom)
No Response to "ပန်းချီကားတစ်ချပ်၏သမိုင်း"
Leave A Reply
အပြောများ