Saturday, May 9, 2009

မုန်းမှ ကယ်လီဖိုးနီးယားသို့

Posted on 10:57 AM by nweminthit

ဒဂုန်တာရာ
မေ ၉၊ ၂၀၀၉

(ဆရာ ဒဂုန်တာရာ မေ ၁၀မှာ အသက် ၉၀ ပြည့်မယ်လို့ ဆရာအောင်ဝေးက သတိပေးထားပါတယ်။ အဲသည့်အတွက် ဆရာကြီးရဲ့စာ၊ ကဗျာတွေကို အမှတ်တရ တင်ဖို့ စီစဉ်ပါတယ်။ ပထမဦးဆုံး ဆရာရေးခဲ့တဲ့ ၁၉၈၅ ခုနှစ်ကကဗျာ - မုန်းမှ ကယ်လီဖိုးနီးယား သို့ - ကို တင်ဆက်လိုက်ပါတယ်။ ဆရာအမျိုးအဆွေတို့ အနောက်ကမ္ဘာသို့ ပြောင်းရွှေ့ကြချိန်မှာ ဆရာရေးခဲ့တဲ့ ကဗျာလို့ ဆိုပါတယ်။ ဟိုး မြန်မာပြည်အလယ်ပိုင်း မုန်းချောင်းနဲ့ အညာဒေသက မြန်မာတို့ ရုန်းကန်တည်ဆောက်ခဲ့ကြရာ၊ သို့မှ အဆင့်ဆင့် ရွှေ့ပြောင်းပြီး ရေကြည်ရာ မြက်နုရာ အခြေချခဲ့ကြရာ၊ ၁၉၈၅ ခုနှစ်မှာ သူ့မျိုးဆွေတို့ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့အခြေချခဲ့စဉ် ခံစားမိသမျှကို ရေးထားတာ ဖြစ်ပါတယ်။)
(ကဗျာထဲမှာပါတဲ့ မြန်မာမှုဝေါဟာရလေးများကို ရင်ခုန်စွာဖြင့် ဒီကဗျာကို တင်ပါတယ်)


မုန်းချောင်းဘေးမှ

အညာဒေသ၊ ရွာကလေးများ

ဘိုးဘွားစဉ်ဆက်၊ ဆင်းသက်လာရာ

ကြည်လင်စိမ်းပြာ၊ နွေခါဒူးဆစ်

ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ

လက်လက်ရေတွင် မြင်ရ၏။



ဗုဒ္ဓကြွလာ

ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်

ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်

ဖခင်ခေါ်ရာ၊ လိုက်ပါလာစဉ်

ဝန်းကျင်ရွာများ၊ လှည့်လည်သွားကြ

အဘွားပြောဖူး၊ ဘူးသည်ဇောင်းချမ်းကုန်း

မုန်းချောင်း၊ မန်းချောင်း

ကျောင်းထိုင်ဦးပဏ္ဍိ၊ ရှိရာတည်းခို

စိုရွှဲဆီများ၊ ရေမုန့်ဖဲ့စား

တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား

ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ

မြင်ရ ကြားရ၊ တွေ့ခဲ့ရသည့်

မုန်းချောင်းဒေသ ပုံကားချပ်။



သီပေါနန်းကျ

တိုင်းပြည်ပျက်စ၊ မုန်းမှစွန့်ခွာ

ဧရာဝတီ၊ စုန်လာလိုက်ကြ

မြစ်ဝကျွန်းပေါ်၊ ရေ၀န်းကမ်းညို

ကနစိုတောအုပ်၊ ရှင်းလင်းခုတ်တူး

ဓားမဦးချ၊ မြေဆွထွန်ယက်

မျိုးဆက်ပြန့်ပွား၊ လယ်သမားများ

အိမ်ခြေများလာ၊ ဖွဲ့စည်းကာလျှင်

ထိုင်ကူဆိုသော ရွာကလေး။

လယ်ကွင်းရေပြည့်

လှေဖြင့်ထိုးသွား၊ ၀ါးလုံးကျိုးကျ

ရယ်ကြမောကြ၊ စပါးပင်ကြား

ရေထုဆင်းမှ၊ လှေထွက်ရတော့

မျှော့နက်တွယ်ကပ်၊ ရယ်ရာမှငို

မိုညိုလာပြီ၊ ရွာဆီမည်းမှောင်

မိုးထဲလေထဲ၊ လှေကိုပစ်ထား

ပြေးကြလွှားကြ ပျော်စရာပ။



လရောင်ကျိုးကျဲ

ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်

မြေ၀ိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွတ်

လတ်လပ်တေးဆို၊ ပျိုအိုတစ်သင်း

အတင်းပြောရင်း ၀ိုင်းလုပ်ကြ။



နှင်းခ တလင်း

ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ

လေကအဝေ့၊ စပါးလှေ့ကြ

ကွေ့ကာဝိုက်ကာ၊ ကောက်လှိုင်းပုံဘေး

ပြေးကာဆော့ကာ၊ လ၀ါဝါလေး

တိမ်ပြာမဟူရာ၊ ဇာပါးအထွေး

ညဥ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး

ပြေးလိုက် ပုန်းလိုက်၊ ကောက်ရိုးပုံနွေး

တိုးဝင်အကွေး၊ လမြရေးရေး

စပါးပေါ်ချိန် လွမ်းမိသေး။



မြစ်လက်တက်တွင်

စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ

တံငါလှေပျက်၊ လှဲလျောင်းလျက်တည့်

မောင်းသံဒူဒူ၊ ထုသူကင်းမဲ့

ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ

ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်

မပြောနိုင်ရှာ၊ ယခုခါမူ

ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍

ကိုရင်တစ်ပါး၊ လှော်ခတ်သွားသည်

ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ

လှိုင်းထပွတ်ထိ၊ လှုပ်မိရာမှ

ဇလပ်သီးကြွေကျ

တင်ကျီးငှက်က လန့်ပြေး။



မော်တော်ပေါ်တွင်

ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး

ကိတ်မုန့်ကျွေးခဲ့၊ ရေခဲ့မုန့်နှင့်

ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်

ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်

ဗျိုင်းငှက်တကောင်ငေး။



ငယ်စဉ်ဘဝ

ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့

နွားချေးနံ့နှင့်၊ ပဲရစ်ညခင်း ရေမွှေးနံ့

ထွေးရောမတူ၊ ကျေးလက်နှင့်မြို့ပြ

ဘုန်းကြီးကျောင်းမှ တက္ကသိုလ်

ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့

မုန်းကျောက်စရစ်၊ သဲပွင့်ရွေ့လျား

သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်

လှေပျက်ကြွင်းကျန်၊ ရွှေရောင်ယွင်းလွင့်

ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ၊ ပြစရာတည့်

အမည်စာလုံးသာ

ပထမမျိုးဆက် ပုံပြင်များ။



ဒုတိယမျိုးဆက်

ငါတို့လက်ထက်၊ သည်မျိုးဆက်ကား

မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်

အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း

ထိုင်ပြီးစားကြ၊ မတိုးပွားခဲ့

နှစ်များကြာလျှင်၊ မြေရှင်စံနစ်



ခေတ်နှင့် ကွာဝေး၊ တဖြေးဖြေးချင်း

သက်ဆင်းရွေ့လျော၊ တိမ်ကောလာစဉ်

ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်

လက်ထက်ရောက်ခါ၊ ပြစရာကား

စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်

ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓားမြှောင်

မဟော်ဂနီရောင် ဗီရို၊ ရွှေတိုရွှေစ

သက္ကလတ်စ၊ ရှန်ဟဲဖဲစ

ဇင်းမယ်ထဘီ၊ ဗန်ကောက်လုံချည် မြင်းချေးရောင်

သည်လောက်သာ၊ ကြည့်စရာတည့်

မျက်စိပေကလတ်၊ တဖျတ်ဖျတ်နှင့်

ရင်သပ်ရှုမော၊ အံ့သြတွေဝေ

ဘာတွေပါလိမ့်၊ ခုခါခေတ်သစ်

ခရစ်ပြိုးပြက်၊ ပဂ္ဂီပါတိတ်

ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ

အိတုန်အိရှံ၊ မလေးရှံတဲ့

ရှေးနဲ့မတူ သူတို့ခေတ်။



သူတို့မေးကြ

ဒုတိယ မျိုးဆက်၊ကျနော်တို့ လက်ထက်အကြောင်း

ဆောင်းလဟေမန်၊ နှင်းခညတွင်

မောင်းနှင်ခုတ်သွား၊ မီးရထားက၊ ရိုးမကိုဖြတ်

နှင်း တရစပ်၊ တောအထပ်ထပ်

ပတ်သန်းခရီး၊ တောင်တွင်းကြီးလမ်း

တောပန်း တောင်ပန်း၊ သင်းပျံ့ ကြိုင်လှောက်

ထိုရေနံချောင်း ချောက်၊ ရေနံမြေတလျှောက်

နှင်းပေါက်ဇာပါး၊ လူထုကြားတွင်

တရားဟောကြ၊ စည်းရုံးကြနှင့်

အလယ်ပစ္စယံ၊ အရန်ဇရပ်

သပိတ်တပ်စခန်း

ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်

အလုပ်သမား၊ လယ်သမားများနှင့်

ထမင်းထုပ် အတူ စားကြသည့်အကြောင်း

သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်

စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်

သက်သေခံပစ္စည်း၊ ကြီးကြီးမားမား

ထောက်ထားမရှိ၊ တိုတိတိုစ

ပုံတိုပတ်စ၊ ကဗျာစ ၀ထ္ထုစ

မှတ်မိသမျှ၊ ပြောပြနေစဉ်

မျက်စိပေကလတ်၊ တဖျတ်ဖျတ်နှင့်

ရင်သပ် အံ့သြ၊ ငေးမော ပန်းလျ

ဒုတိယမျိုးဆက် ပုံပြင်များ။



တတိယမျိုးဆက်

သည်လက်ထက်ကား၊ ရုန်းကန်မှုများ

လှုပ်ရှားမှုများ၊ အဟုန်ကြီးမား

အမျိုးအစား၊ ထွေပြားယှက်သန်း

နက်နဲရှုပ်ထွေး၊ အမေးပုစ္ဆာ

အဖြေရှာကြ၊ များလှစွာပင်

လူငယ်သဘာဝ၊ တွေးဆ စဉ်းစား

ဥာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်

စာအုပ်ရှာလည်း၊ မတွေ့ဘဲလျှင်

ကျောင်းနံရံပြင်ပ၊ မြင်ရ ကြားရ

တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက

တီးကြ မှုတ်ကြ၊ ကော်ပီ ဂီတ

ဗီဒီယိုမှ၊ ပစ်ကြ ခတ်ကြ

ချွတ်ကြ ဖော်ကြ၊ ပျော်ကြ ပါးကြ

သရဲကား ဓားကား၊ နံချပ်ကူကား

မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ

နေကာမျက်မှန်စိမ်းများ၊ အသံသွင်း တိပ်ခွေများ

သံလိုက်ထိန်းချူပ်၊ ကစားစရာအရုပ်များ

ဈေးကွက်စည်ကား၊ ဆူးလေဘုရားလမ်းဘေး

ဟေး ဟေး ငြာသံ၊ ဆူညံအော်လျက်

လက်မှတ်ရုံပေါက်၊ တယောက်ကို တယောက်တွန်း

ဂျိန်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။



ဤပတ်ဝန်းကျင်

တွေ့မြင်ခံစား၊ အာရုံများစွာ

လှုပ်ရှားလူးလွန့်၊ ရေသေ ကူးခပ်

ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်

တဖြောက်ဖြောက်လျှင်၊ မိုးပေါက်သံထင်

မှန်ရိပ်ဖိတ်စဉ်၊ ကြည်လင်သံမျှင်း

“လေဆိပ် ဆင်းတော့မယ်” ဟု၊ အငယ်လေးထံမှ

နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား

“ဘာမှာမလဲ”မေး၊ ရင်ထဲတုန်ယင် “ပန်းချီဆေး”ဟု

နွမ်းလျသံဖြင့်၊ ဖြည်းညင်းပြန်ပြော

စကားသံအဆုံး၊ ဖုန်းချသွားပြီ

အဝေးဆီလွင့်

ညီမများရှိရာ၊ ထွက်ခွာသွားစဉ်

မိုးသားညိုဆင်၊ မျောပါလေနှင်

ငါလျှင်ငေးမော၊ မုတ်သုံကြားမှ

မျိုးဆက်များကား

ဝေးကွာ သွားကြ၊ မုန်းမှ လော့စ်အိန်ဂျယ်လိစ်

ရေကြည်ရာလွှမ်း၊ ငြိမ်းချမ်းပင်လယ်

ကျယ်လည်းတမုဟုတ်၊ ခလုတ်နှိပ်ရုံ

ရုပ်မြင်သံကြားတယ်လီဖုန်းမှာ တွေ့ကြစို့နော။ ။

(ကယ်လီဖိုးနီးယားရောက် ဆွေမျိုးများသို့)
[ဒဂုန်၊ မေ ၁၉၈၅]

No Response to "မုန်းမှ ကယ်လီဖိုးနီးယားသို့"

Leave A Reply

အပြောများ

Related Posts with Thumbnails