Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, December 11, 2012

စန္ဒာရည်



“ထိုင်မိထိုင်ရာ၊နာရီကြာလည်း
ကြာသည်ကိုမေ့၊မချမ်းမြေ့ဘူး” တဲ့
အချစ်နဲ့ထုဆစ်ထားတဲ့ တစ္ဆေ
ည အမှောင်တွေက သွေးထိုး
တစ်ရေးနိုးလည်း ကြေကွဲ
အသိ အတွေးထဲမှာ ရုပ်ပုံလွှာ
အချစ်တဲ့လားကွယ်
ခက်ထန် လျှို့ဝှက်လှချည်လား
တမ်းတစိတ်နဲ့ မျှော်လင့်ချက်ဟာ
နေ့ နဲ့ ညလို
အိုရင့်သွားတဲ့ သံသရာ
ကြာဆိုမှ ကြာခဲ့ပါပြီ စန္ဒာရည်။ ။


“မျက်နှာချင်း လမင်းမှာဆုံ”
ရင်ခုန် စိမ့်လှိုက်
ပင့်သက် ရှိုက်ချက်
သီချင်းတစ်စနဲ့
အနုနယ်ဆုံး ရင်ခုန်သံက
ဘယ် ဘ၀အထိ ဆွေးရဦးမလဲ
အခါခါ ကြေကွဲဖူးပြီပဲ စန္ဒာရည်။ ။
“အချစ်မှာ မျက်စိ မရှိ” တဲ့
မျက်စိမှာမှ အချစ်မရှိတာ
စာနာလိုက်ပါ စန္ဒာရည်။ ။
ဘ၀သစ်ရဲ့ ဂြိုဟ်ပြာမှာ
သစ္စာဟာ ခြေလှမ်း
အချစ်ဟာ အတောင်ပံတွေပေါ့ကွယ်။
ကြေညာလိုက်စမ်းပါ
သံသယမပါဘူးဆိုတဲ့ အကြောင်း။ ။
ဘ၀သံသရာသီချင်း
မင်း ညည်းစမ်းပါဦး စန္ဒာရည်
လူမှန်ရင်
လောကဓမ် အိုးထိမ်းစက်
ဒုက္ခတွေနဲ့ မှေးစက်ကြ
အဆင်းရဲဆုံး ဖြတ်သန်း
ဘ၀သစ် စခန်းလေးကိုတော့
မဖြစ်မနေ သွားခွင့်ရသင့်ပါတယ်။
ဝေးဝေးကပဲ ချစ်မယ်ဆိုတဲ့
မတင်မကျ အလွမ်းတွေနဲ့
ဘာလုပ်မှာလဲကွယ်
အချစ်ဆိုတဲ့ အရာက
ပရုပ်လုံးလေးတွေနဲ့ အတူ
ဗီရိုထဲ သိမ်းထားလို့ ရကောင်းတာမှ မဟုတ်တာ။
တစ်ခါတစ်ရံ
ကုသိုလ်ကံရဲ့ ခုံရုံး
ပြုံးပြုံးလေး ရင်ဆိုင်ရဲရမပေါ့
မြင်းကောင်း ခွါလိပ်ကြရမယ်
ပန်းကောင်း အညွှန့် ကျိုးချင်ကျိုးမယ်
တောင့်ထားကွယ် စန္ဒာရည်။ ။

(ကြာမြှင့်လှသောမှတ်စု အဟောင်းလေးတစ်ခုမှ)

Monday, December 12, 2011

သူစိမ်း

တစ်ရက်ပြီးတစ်ရက် တစ်ရစ်ပြီးတစ်ရစ် လျော့ပါး မှုံရီ
ငါ ဘယ်လို ထပ်ပြီးလင်းရမယ်။
မှုံဝါးသွားတဲ့ အိပ်မက်တွေဆီ
ပြန် လွမ်းကြည့်ရမှာတောင် အားနာစရာ
ဘ၀မှာက ရပိုင်ခွင့်က နည်းနည်း
ပေးပေးလွတ်လိုက်ရတာတွေက အဲ များတယ် ပြောနိုင်ပါ့မလား။

ငါ့နိုင်ငံကို ငါ အရှင်လတ်လတ် စွန့်အပစ်ခံလိုက်တယ်
ပတ်လည် လှုပ်ရှားမှုတွေ ငါ့ နံဘေး ရှည်လျားနေဦးမယ် ဆိုတောင်
ငါ စွန့်အစွာ အတိုင်းသား ငေးပဲ ငေးနေလိုက်တော့မယ်။

တကယ်ဆို ငါ အင်မတန် နွေးနေဖို့ ကောင်းတာ
စိတ်ထဲမှာတော့ တအုံနွေးနွေး ပြန်တွေး နွေးနေပါရဲ့

ဒါပေမယ့် လက်တွေ့ မျက်တွေ့မှာတော့ သူစိးမ်းပြင်ပြင်။

ထဲထဲ ၀င်ဝင် သိမ်မွေ့မှု အပြန်အလှန်ရှိခဲ့ကြသလား
ဘာက ဘာသာပြန်ပေးရမလဲ
ငါ့နားမှာ ဝေါဟာရတွေ စိမ်းစိမ်းတောက်တော် ပူပြင်းနေလိုက်တာ
ပြီးတော့ စိမ်းစိမ်း ဒီတောတွေ သွေ့သွေ့ခြောက်နေလိုက်တာ။

Saturday, November 7, 2009

Language



ဘာသာစကားတွေကို လူတွေ ထုတ်လွင့်တယ်
မွေးကတည်းက ဘယ်သူမှ မတတ်ခဲ့တာ သေချာတယ်
မွေးပြီးမှ သင်ယူခဲ့ကြရတာပေမယ့်
အတွေးတွေ အထိ သူမပါလို့ မဖြစ်ဘူး
တတ်ပြီဆိုတာနဲ့လဲ သူ့ရဲ့ ကျွန်အလိုလို ဖြစ်ကြရ . ...

ဘာသာစကားက ဘာမှ မဟုတ်ဘူး
အသံနဲ့ အဓိပ္ပါယ်သာ ခွဲထားလိုက်ပါ နှစ်မျိုးထဲ
အဓိပ္ပါယ်ဆိုတာလဲ ဘာမှမှ မဟုတ်ဘဲ
အဲ ... အတွေးအထင်လေး Ideaသက်သက်သာ ဖြစ်နေတယ်
အတွေးအထင်လေး ရဖို့ အတွက် သူ့ကို
မဖြစ်မနေ သင်ယူရမှာပါပဲ ...တကယ်ဆို ဘာမှ မှ မဟုတ်ဘဲ ။

နားလည်မှုဆိုတာ ရဖို့ အတွက် သူ့ကို သင်ယူတာဆိုပဲ
တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရအောင် သူ့ကို သင်ယူတာ ဆိုပဲ
အယူ အစွဲ အလဲ အကွဲ အကွာအဝေး အနီးအဝေး ထိန်းညှိဖို့ ...
ဒေသ ဒေသိယ မူလ မူလိက အခွံတွေ အကာတွေ ခွါချနိုင်ဖို့ ..
အတိမ်း အယိမ်း အချော် အလှော်တွေ ကို သတိရှိရှိ ကျော်နိုင်ဖို့ ....
ဘယ်လို ခေါင်းစဉ်အောက်မှာ ငုံ့ ဝင်ပါစေ သေသေချာချာ ဆန်းစစ်ရမှာပါပဲ ။

အမြင်တွေအတွက် ကျွန်ခံခဲ့ရတာတွေကနေ
ကျွန်အဖြစ်က လွတ်မြောက်ဖို့ ရုန်းထွက်နိုင်အောင် အသိရှိရမယ်
ကြမ်းကျွံရင် နုတ် ရတာထက် စကား အကျွံနုတ်ရတာကခက်
အသိကျွံ တာက နုတ်ရမယ့် အရာလို့ မသိနိုင်လောက်အောင် ခက်နေတာက ပိုခက်တယ်
ဘာသာစကားကျွန် စကားလုံး ဝေါဟာရကျွန် အသိရဲ့ ကျွန်ကနေ ထွက်ဖို့ လူတိုင်း ဦးတည်သင့်ရဲ့နဲ့ ခက်နေကြတယ် ....။

တကယ်တော့ Language ဟာ လက်နက်မဟုတ်ဘူး
အချင်းချင်း ပစ်ခတ်တိုက်ခိုက်ဖို့ သက်သက် မဟုတ်ဘူး
အဓိပ္ပါယ်တွေကနေ အသိအစွဲ တွေကနေ လွတ်ထွက်ဖို့
နည်းလမ်းကို ပုံဖော်စရာ One Instrument သာ ဖြစ်သင့်တယ်
အင်း ..နားလည်ဖို့ သဘောတူကြဖို့ သုံးတဲ့ Language ဟာ
နားမလည်တာတွေ သယ်လာမှာလဲ သေချာပါတယ်
ဆိုပါတော့ ..အစစ်အမှန်ဆိုတဲ့ အသိတွေ ရောက်ဖို့ဆိုရင်
နားမလည်မှုတွေ မဖြစ်မနေ ဖြတ်သန်းသွားကြရမှာပါ။

ခေတ်တိုင်း ဖြတ်သန်းနေကြတာပါပဲ
ဆက်ပြီး ဖြတ်သန်းကြရဦးမယ်လေ
Language နောက်ဆက်လိုက်ကြဦးဆို့ရဲ့ ....
တစ်နေရာရာ တစ်ခုခုဆီ အထိပေါ့ ဆက်မျောကြဦးစို့ပေါ့။

Wednesday, October 21, 2009

အကျင့်များ





ဘဝ မှာ အကျင့်ပေါင်း မျောက်များစွာ
ငယ်ငယ်က တဲ့ ဆာတတ်ခဲ့တာ ဘာအကျင့်လဲ
ဆာတဲ့ အခါ အာသာဖြေရင် ပြေတဲ့ဆိုတဲ့အသိ အကျင့်
ဒီလိုနဲ့ အကျင့်ပေါင်း များစွာ ဘဝမှာ ... စွဲ ဆွဲ လာခဲ့ တာ

တကယ် ဆို လူတစ်ကိုယ် အကျင့် တစ်မျိုး နှစ်မျိုး ..မျိုး
လူ့ တစ်ကိုယ် ပုံမှန် လည်ပတ်မှု ရှိအောင် နေတာလဲ အကျင့်
ပုံမှန်လည်ပတ်မှုကို တော်လှန်ချင်စိတ်နဲ့ အရွဲ့ တိုက်နေတာလဲ အကျင့်ပါသွားနိုင်တယ်
ဥပမာ မနက်စောစော ထကျင့် ရှိအောင်နေတာလဲ အကျင့်
ည ည အိပ်နေတတ်ကြတာလဲ အကျင့်
မနက်ထတတ်တာလည်း အကျင့် ထချင်မှ ထ နိုးချင်ချိန်မှ နိုး ဆိုလဲ အကျင့်
ကိုယ်တိုင် ဘယ်အကျင့်စွဲ နေလဲ စဉ်းစားဖို့ လိုဦးမယ်။
ဖုန်းခေါ်ချင်တာ အကျင့် ဖုန်းမျှော်တတ်တာ အကျင့်
အကျင့်ပါမှာစိုးလို့ပါ ဆိုတဲ့အသံကို ကြားကြားနေမိတာလဲ အကျင့်
အိပ်မက်အထိ ခေါ်တဲ့ဖုန်းကသူငယ်ချင်းဖုန်းဆိုတာ သိနေလဲ
ဟလိုထူးသံက ကြားနေကျင့်ရှိတဲ့အသံ ဖြစ်လို့ ဖြစ်နေပြန်တယ်
အရက်သမား အရက်စွဲတာလည်း အကျင့် ဆေးကွမ်းသမား စွဲနေတာလဲ အကျင့်
နှဲသမားပါး ပတ်သမားလက် ဖဲသမားအိတ်တွေ ဟာလည်း အကျင့် ။

ယားယားနေတတ်တဲ့ ကိုယ်ခန္ဓာ အကျင့်ပေါင်း များ
ကိုယ့်ကိုယ်ကို သနားစရာလို့ ထင်အောင် မြင်လဲ မြင်ပေါ့။
ဖောက်လွဲ ဖောက်ပြန် အကျင့် တော်တန် တော်တည့် အကျင့်
အကျင့်မကောင်း ကိုယ်ကျင့်သိက္ခာ ကောင်းကွက်ကို မြင်တတ်တဲ့ အကျင့်
ဆိုးဂုဏ်ကို မြင်တတ်တဲ့ အကျင့် ဘဝင်မြင့်တတ်တဲ့ အကျင့်
စကားပြောတတ်တာကိုက အကျင့် ချစ်ကျင့် ငြီးငွေ့ကျင့်
ဝေါဟာရရှားပါတတ်တဲ့ အကျင့် အကျင့်တွေ များစွာ။

လမ်းလျောက်ကျင့်ကြောင့် ခြေထောက်တွေ အကျင့်ပါနေတာ မကောင်းဘူး
နေရာတစ်နေရာမှာ ကြာကြာနေရင် အကျင့်ပါမှာ စိုးနေတဲ့ အကျင့် မကောင်းဘူး
ကဗျာဆရာဆိုသူတွေ ကဗျာပိုး ကျပ်ခိုးစွဲသွားတာ မကောင်းဘူး
နှလုံးသာလိုအပ်မှုတဲ့ မတွေ့ရရင် မနေတတ်တာ မကောင်းဘူး
နိုင်ငံရေးသမားတွေ တစ်ဖက်စွန်း မှိုင်းတွေနဲ့ အော်ကျင့်တွေ မကောင်းဘူး
တရားသမားနာမည်ခံတွေ ဟုတ်တယ်အထင်နဲ့ တစ်ဖက်သက်ပြောနေတာ မကောင်းကျင့်
အွန်လိုင်းစာမိနေတဲ့ ခေတ်သမားလေး အိတ်ကပ်စမ်းစမ်းနေကျင့်ရှိတာ မကောင်းဘူး
သတင်းသမားတွေ နေရာအများကြီးဖြန့်ရေးပြီး သတင်းတွေ ထပ်ထပ်နေတာ မကောင်းဘူး
သတင်းစောင့်ဖတ်နေတတ်တဲ့အကျင့် မထူးရင် စိတ်ပျက်တတ်တာ မကောင်းဘူး
........ မကောင်းတဲ့ အကျင့်တွေ မကောင်းဘူး
..............................မကောင်းဘူး
မကောင်းမြင်အကျင့်တွေ မကောင်းဘူး။

ဘဝမှာ ဘယ်က စခဲ့မှန်းမသိတဲ့အကျင့်တွေ နဲ့ ဝန်ပိလို့
ဒီအကျင့်တွေ ဘယ်အသိနဲ့ ငါကျော်ဖြတ်ရပါ့ ..
ဖြစ်နိုင်ရင် ဘယ်အကျင့်ပါနေမှုမျိုးကမဆို ငါလွတ်မြောက်ချင်တယ်
လူဟာ ငါဟာ အကျင့်ရဲ့သားကောင်ဖြစ်မှန်းမသိ နေခဲ့တယ်
အရိုးစွဲ အကျင့် အသားကျ အကျင့် အသွေးထဲ စီးဆင်းနေတဲ့ အကျင့် ရိုးတွင်းချဉ်ဆီအထိ
စာလုံးတွေ ချရေးချင်တဲ့အကျင့် ကီးဘုတ်ပေါ် လက်တင်ချင်တဲ့အကျင့်
မျက်စိနဲ့ မြင်မြင်နေတတ်တဲ့အကျင့် ပျင်းစရာ အကျင့်တွေပါလားလို့ မြင်နေတဲ့အကျင့်
ဘယ်အချိန်မှာ ဘယ်အသိနဲ့ ကျော်လွှားရပါ့ ။

ခင်ဗျားရော ဘယ်လို အကျင့်တွေ ရှိနေလဲ မစဉ်းစားချင်ဘူးလား
သတိပေးချင်ပါတယ် ....
စဉ်းစားတတ်တဲ့အကျင့်ကြီး စွဲထင်နေဦးမယ်။

Saturday, September 26, 2009

BLACK-HOLE




ငယ်ငယ်က ကြားဖူးခဲ့တဲ့ ပင်လယ် သမုဒ္ဒရာက တြိဂံရပ်ဝန်း
စွဲအား ဇုန်ထဲကို ရောက်လာသမျှ လေယာဉ်တွေ
ဖြတ်ပျံ သန်းမိသမျှ အရာ ဝတ္ထုတွေ
ရေပြင်မှာ စီးမျောရင်း ကမ်းလွန် ရွက်တိုက် လှေသဘောင်္တွေကို
စုံးစုံး မြုပ်အောင် ဝါးမျို စုပ်ယူပစ်လိုက်တာ
တအံ့ တသြ သတိထားစရာ ။

Black-holeအဖြစ် ရောက်လာတော့ ပို ချဲ့ ထွင်လာ
အချိန်ကို အချိန်အဖြစ်ကနေ ဗလာနယ်ထဲ မောင်းသွင်းလို့ သွင်း
အသိတွေ သုည မှတ်အောက် ရောက်သွား စေနိုင်တာ .. .
ကိုယ်စီ ကောင်းကင် တွေဆိုတာက ကိုယ်စီ အမြင်ဆန့်နိုင်သမျှသာ
ရိတ်သိမ်း ခဲ့သမျှ ကောင်းကင်မှန်သမျှကိုလဲ အေးအေးဆေးဆေး စုပ်ယူ ဖျောက်ပစ်ရဲတယ်
မထွေးရသေးတဲ့ ခပ်ပါးပါး တံတွေးပေါက်လေးကို ပြန်ဟပ် ပြန်မျို သလောက်လေး
လွယ်လွယ်ကူကူ လွယ်လွင့်တကူ လွယ်လွယ်လေး
(ဒါပေမယ့် တွေ သိပ်မသုံးချင်ပါဘူး ) ....ဒါပေမယ့် ...
ရက်ရက်စက်စက် အရှင်လတ်လတ် ဖောက်ထုတ်ပြီး
လည်ချောင်းသွေးကို စုပ်ယူ ဝါးမျို ပစ်တတ်သလိုမျိုး ဝါးမျို ...

မသိလိုက် မသိဘာသာ သိသိသာသာ အတင်းကာရော
ဝေဝါးသွား မှေးမှိန်သွား ချုပ်ငြိမ်းသွား ပျောက်ကွယ်သွား
အေးခဲသွား အက်ကွဲသွား အစိတ်စိတ်အမွှာမွှာ ကြေသုဉ်း လွင့်ပြယ်သွား
.... ခဲ့ရတဲ့ ဝါးမျို ခြင်းတွေ
သမိုင်း အတင်မခံလိုက်ရတဲ့ ခေတ်အဆက်ဆက် ပါသွားတယ်
မလည်မဝယ် မျက်စိလည် တေလေ မြူမှုန့်လေးတွေက အစ
ဖြစ်ပြီး ဖြစ်ခဲ့ ဖြစ်နေ ဖြစ်စ ဖြစ်စပြု ကမ္ဘာလောက တွေ အထိ ပါတယ်
သက်ရှိ မျိုးစိတ်ပေါင်းများစွာ နဲ့ သူတို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ
အစစ်အမှန် အတုအမှန် အစစ်အယောင် အတုအယောင်
တီထွင်ပြီး တီထွင်ခဲ့ တည်ထွင်စ တည်ထွင်လု
ဘာသာဗေဒ ဘာသာဓမ္မ ဘာသာဘာဝ ဘာသာအသိ တွေ ပါသွားးတယ်
......
လူတစ်ကိုယ်အနေနဲ့ လူ့ တစ်ကိုယ် ကိုယ်ကျင့်တရားကနေ
လူတစ်ကိုယ် ရဲ့ ကိုယ့်ကျင့်သိက္ခာ ကိုယ်ကျင့်မာန ကိုယ်ကျင့်အတ္တတွေ ပါသွားတယ်
ပိုပိုပြီး အသက်အရွယ် ရလာတာနဲ့ အမျှ
ပိုပိုပြီး လူဖြစ်ချင်ရမှန်းသိလာ အချိန်တွေမှာ
ပိုပိုပြီး အသိနဲ့ ရင်းနှီး ရင်းနှီးပြီး ယူလာရတဲ့
ပိုပိုပြီး တန်ဖိုးထား ထား နေရတဲ့ တန်ဖိုးကိုတောင်
ပိုပိုပြီး မညှာမတာ စုပ်မျို အစဖျောက်ချင်တာလည်း
ပိုပိုပြီး ကျယ်ပြန့်လာ လာနေတဲ့ Black -hole ပဲ။

မသိခြင်း အမှောင်မှာ မေးတင် မတင်းတိမ် တတ်တဲ့ နုတ်ခမ်းဝမှာ
အစွယ်ရောင်တွေ ဖြာသထက် ဖြာလာတယ်
အစွယ်ဖျားတွေ ထက်သထက် ထက်နေတယ်
အစုပ်ယူခံ အဝါးမျိုးခံတွေ များလာလေလေ
သူ ဆာလောင်မှု သူ့ ပိုင်နက် ဧရိယာကြီး ကျယ်ပြန့် လာလေလေ။ ။


နွေမင်းသစ်
၂၆၊၉၊၂၀၀၉။
၁၂:၂၅ PM

Wednesday, September 23, 2009

ဘာသာဗေဒ




မျက်စိကို အသာမှိတ်ပြီး မှိန်းရင်း
အံကို ကြိတ်ကြည့်မိတော့ တင်းသွားတယ်
မျက်နှာ ထူအမ်းသွားတယ်
မျက်နှာ တစ်ခုလုံး ပြားချပ်ချပ် ဖြစ်သွားတယ်
နောက် တစ်ကိုယ်လုံးကြီး အံကြိတ်မှုအောက်မှာ ပြားပြားမှောက်နေတယ်
နောက် မွေ့ယာ ကုတင် အခန်းပြည့် တင်းမာမှုတွေ ပျံ့ နှံ့ လွှမ်းခြုံသွား တယ်
နောက်ဆုံး ငါ့အတွက်တော့ ငါ့ကမ္ဘာ ငါ့စကြဝဠာ
တင်းကျပ်မှု တွေ မကြည်သာမှုတွေ
အံကြီတ်လိုက်မိခြင်း တစ်ခုရဲ့ ဘာသာဗေဒ .....

ပန်းတွေ ယှဉ်ပွင့်တာ မြင်ရင်းလဲ တွေးမိတတ်တာက
သစ်ရွက်တွေ ဘယ်လောက်ထပ်နေနေ လေ
လိုက်လျော ညီထွေ တငြိမ့်ငြိမ့် သီးဆင်းနေတဲ့ ကားတန်းကြီး
ကြည့်လေရာရာ သဟဇာတ ဖြစ်မှု တစ်ခု တွေ့တိုင်း
ငါ မနာလို စိတ်နဲ့ ထိတ်ထိတ်ပြာအောင် ဝန်တိုတယ် ...

နားလည်မှုကို ယုတ္တိကျကျ ဘယ်လို ရှင်းပြနိုင်မလဲ ?
နွေမင်းသစ်က ပြောတယ် မျက်စိလည်မှုကို နမူနာယူကြပေါ့တဲ့
မျက်စိလည်တဲ့ လူ အတွက်က လည်နေပေမယ့် မြင်နိုင်သေးတယ်
နားတွေများ လည်ခဲ့ရင် မြင်လို့လဲ မရနိုင်တော့ မတွေးရဲသလိုပါပဲ တဲ့
လည်တယ်တယ် အူလည်လည် မျက်စိလည် အူချာလည် လူလည် နားလည်
သံတူကြောင်းကွဲ ဝေါဟာရတွေနဲ့ ဆက်စပ်ပုံဖော် ယူကြည့်ရင်တော့
လည်လို့ မရတဲ့ နားတွေကို လည်ခိုင်းတဲ့ ဝေါဟာရတစ်ခု ...

နားလည်ပေးဖို့ ခေါင်းစဉ်အောက်မှာ အခက်အလက်တွေ များနေတယ်
နီးစပ် ဆက်စပ် အခြေနေ စာနာ စိတ်ပါ လက်ပါ ကျယ်ပြန့်
တစ်ခုစီ ဖြုတ် ပြန်တပ်လို့လဲ မရနိုင်ဘူး
တစ်ခုခု အချိန်မရွေးကြွေကျနိုင်တဲ့ လေပြင်းထဲက အညှာမခိုင်တဲ့ သစ်ရွက်တွေ
တော်ရုံ ကြိုးစားအားထုတ်မှုနဲ့ အော်ကျယ်ကျယ် အောင်ပွဲ ခံနိုင်ပါ့မလား

လူတစ်ယောက်က လူတစ်ယောက်ကို နားလည်တယ်...အဓိပ္ပါယ် မရှိဘူး
ကိုယ့်ကိုယ်ကို နားလည်တယ်...အဓိပ္ပါယ် မရှိဘူး
ကြားကောင်းအောင် စကားလုံးတွေကို အရောင်လှလှ ချယ်တယ်
နားလည်အောင် ကျိုးစားဖို့ အသေအချာ ပိတ်နေကြတဲ့ ကိုယ့်ကိုယ်ကို
ဘယ်လိုလူက နားလည်ပေးနိုင်မှာလဲ
နားလည်နေတတ်တဲ့စိတ်ကို ငွေနဲ့ ပိတ်ဆို့ အရေးယူလို့မရနိုင်ဘူး
နားလည်ပေးပါ ဘယ်လောက် တောင်းနိုင်ပါစေ ဘာနဲ့ လဲလို့ မှ မရဘူး
ခက်တာက နားလည်ပေးမယ် အသိကို မွေးဖို့ ပိုပြီး မလွယ်ဘူး
လွယ်လွယ်နဲ့ နားလည်မယ် မထင်ပါဘူး
ဖန်းတီးမှု တစ်ခု ပါရင်လဲ နားလည်မှု လို့ မဆိုချင်တော့ဘူး
နားလည်ဖို့ကလဲ တော်တော့ စိတ်ထက်သန်မှုနဲ့ ရိတ်ယူလို့ မရဘူး
သေချာတာက လွယ်လွယ်နဲ့ နားမလည်နိုင်ဘူး ......

နွေမင်းသစ်
၂၃ ၊၉ ၊၂၀၀၉။







Monday, September 21, 2009

မိတ္တူ




သေချာ စဉ်းစားမိသလား မသိဘူး ခဏ ခဏ
စဉ်းစားစား မစဉ်းစားစား တိုက်စားသွားတဲ့ အချိန်တွေ ကြောင့်
စဉ်းစားရင်း အချိန်ကုန်နေ တာက များနေတယ် ....။

"ဒါ စဉ်းစားလိုက်ဦးမယ် "အချိန်တကူးတကပေးစရာ မလိုဘူး
လူပဲ တမင်တကာ ဖြစ်ဖြစ် မသိမသာ ဖြစ်ဖြစ် သေချာပဲ ဖြစ်ဖြစ်
မစဉ်းစားဖို့ တားရမယ့် သတ္တဝါမှ မဟုတ်ဘဲလေ . . .
အခုလို မစဉ်းစားဘဲ စဉ်းစားရင်း ,စဉ်းစားတယ် ဆိုတဲ့ စဉ်းစားရင်းနဲ့
စဉ်းစားရင်း အချိန်ကုန်တော့ "အသုံးမကျတဲ့လူ" ဖြစ်မှန်းမသိ ဖြစ်လာတယ်။

ကြိုတင်စဉ်းစားတယ်ဆိုလဲ လူ မစဉ်းစားဘူးပြောတာလဲလူ
ဥပမာ မူးချင်လို့ သောက်တဲ့ အရက်ကြောင့် ခေါင်းကိုက်မှာလောက်တော့
မစဉ်းစားပဲလည်း စဉ်းစားမိတတ်တဲ့ အခါမျိုးလဲ ရှိနိုင်တယ်လေ
ကြို စဉ်းစားတယ် ဆိုတာ လိုအပ်ပေမယ့် ကြို စဉ်းစားဖို့ မစဉ်းစားချင်ဘူး ..
စိတ်သက်သက်ရှိရုံလောက်နဲ့ ဘာများ လုပ်နိုင်လိမ့်မယ် ....

ချစ်ပြီးရင် ဝေးသွားမယ့် အကြောင်းလောက် မစဉ်းစားမိဘူးလား ....
သတ်ပုံ မှန်အောင် ရေးတတ်ဖို့ လောက်တော့ မစဉ်းစားသင့်ဘူးလား ...
မှန်အောင်ရေးထားတဲ့ သတ်ပုံတွေ မှန်မှန်းသိအောင် .....
မမှန်အောင် ရေးတဲ့ သတ်ပုံတွေ မြင်တတ်တာ ဘာကြောင့်လဲ ..

ကြိုတင် မစဉ်းစားလို့လဲ လူလို့ ပြောနိုင်တာပဲ
ကြိုတင် စဉ်းစားသင့်တာလဲ လူပဲ ......
တလွဲတချော် ဝတ်ရုံတွေ မပြတ်တမ်း ရနေတတ်တာ ထင်တယ်
အမြင်မတော် ဝတ်ရုံတွေ ခြုံ တလွဲတွေ သွား
မာနက တလွဲ တချော် ဝါသနာက အလွဲလွဲ အချော်ချော်
အချစ်ကလွဲ ဘဝကလွဲ သူငယ်ချင်းလည်းလွဲ ...ဦးတည်ရာ အထိလွဲ
အလွဲ အချော် ဝတ်စုံနဲ့ အသုံးမကျတဲ့ မျက်နှာဖုံး ဟန်ကျပန်ကျ တပ်ဆင် ...
ဘာမှ အသုံးမကျလေ နေရထိုင်ရ သက်သာလေများ စဉ်းစားသလား ..

စဉ်းစားဖို့ ဦးနှောက် ရှိရမယ်လို့ ပြောတတ်တယ် ..ဆိုတော့ ..
မစဉ်းစားတဲ့အခါ မှာ ...စဉ်းစားပြီး ရင်း စဉ်းစားပြီး
စဉ်းစားတာတွေ ထပ်သွား စဉ်းစားစရာ အသစ် မရှိသလို ဖြစ်တဲ့ အခါ
ဘာစဉ်းစားရမှန်းကို မသိ နယ်ပယ်ကျဉ်းမြောင်း
ရှိစုမယ့် ဘောင်လေးနဲ့မလောက် အကျယ်ချဲ့ စဉ်းစားရအောင်လဲ
မစွမ်းသာတော့တဲ့ အခါမှာ .."အသုံးမကျတဲ့ လူ"
ဦးနှောက် မရှိလို့ မစဉ်းစားနိုင်ဘူး ...ဆိုရင်တော့
တစ်ခြမ်းသေ ဦးနှောက်နဲ့ အသုံးမကျ ဖြစ်နေတဲ့လူ
တစ်ဖဲ့ သာ ကျန်နေတဲ့ ဦးနှောက်လေးနဲ့ အသုံးမကျတဲ့လူ
တစ်စိတ်လောက်လေး ရှိနေတဲ့ အပြည့်အစုံရှိ မနေတဲ့ အသုံးမကျတဲ့လူ...

စဉ်းစားရင်းနဲ့ ဘာမှ မရှိတော့တဲ့ လူ
အသုံးမကျ တဲ့ လူ ဖြစ်မှန်း မသိ ဖြစ်လာနေတဲ့လူ
မစဉ်းမစားကြောင့် အသုံးမကျတဲ့လူ ဟာ
သေချာစဉ်းစားလေ အသုံးမကျတဲ့ လူ ဖြစ်လာလေ ...

အင်း .. စာဖတ်လာတဲ့ လူတွေကလဲ အသုံးမကျတဲ့လူလို့ သိသွားခံရတဲ့လူ
စာလာဖတ်တဲ့လူတွေကို တော့ အသုံးမကျတဲ့လူ မဖြစ်စေချင်ဘူးဗျာ
အသုံးမကျတဲ့ လူလောက် အသုံးမကျတဲ့လူ ရှိမယ် မထင်ဘူးလေ ...။




နွေမင်းသစ်
၁၃၊ ၉၊ ၂၀၀၉။

Wednesday, September 2, 2009

ရွက်ကြွေညည်းချင်း



ကောင်းကင်ရေ
မှိုင်း..မှိုင်းညို.တိမ်တွေ ဖယ်ပေးပါလားဟင်
ချစ်ရည်တွေစိုလူး…..သူမျက်ဝန်းကို
ငေးငေးကြည့်ရအောင်

ကောင်းကင်ရေ
ကြည်……...ပြာလဲ့လင်းလို. ၀င်းပေးပါလားဟင်
ရှိန်းမြမြရွှေ…..သူ.လည်တိုင်ကျော့
မော့မော့ ဖူးရအောင်

ကောင်းကင်ရေ
ဆည်းဆာ ….မင့်အလှခဏဖယ်ပေးပါလားဟင်
ရွှေနှယ်မွတ်ဝင်း…သူအဆင်းကို
ပပကြွားခွင့်ပေးရအောင်

ကောင်းကင်ရေ
ပေး…..သနားခြင်းချစ် လွင်ပါ့းပါစေလားဟင်
မြေနှယ်နိမ့်ကျ……ငါ့ဘ၀ကို
သူနဲ.ဝေး ဝေး သွားရအောင်
ကောင်းကင်ရေ
မိုး…....သည်းသည်းမဲမဲ ရွာပေးပါလားဟင်
အလွမ်းတွေမျောပစ်ရင်း….မျက်ရည်တွေ
ခိုးခိုးကျရအောင် ....

ကဗျာ ရေးသား ပေးပို့ တဲ့ ပုံလေးကို အမှတ်တရ ပေးပို့တဲ့ ချစ်ညီမလေး အား ချစ်ခြင်း လွမ်းဆွတ် တမ်းတခြင်းများစွာဖြင့်

နွေမင်းသစ်

Tuesday, September 1, 2009

ထပ်နေသလား၊ခံစားမှုတွေထပ်နေတယ်



ဝါသနာသက်သက်နဲ့ စာသက်သက် ဖက်လာခဲ့တာ
အက္ခရာ ၄၁ လုံး သင်္ချာအက္ခရာ ၁၀ လုံး တွေ့တွေ့နေရတယ်
ကြာတော့ သင်္ကေတလေးတွေကို သနားလာမိတယ်
သူတို့ ပြနိုင်တဲ့ အစွမ်းရဲ့ ဘောင်က ကုန်ခဲ့ပြီလား
ကိုလေးဖြူရဲ့ လိုချင်တာ အသစ်တောင် ဟောင်းလာမှပဲ
အိပ်မက်သစ် စိတ်ကူးသစ် …မသစ်နိုင်တဲ့ အသစ်တောင်းဆိုမှု
အထပ်ထပ် …နေရာတွေမှာ အထပ်ထပ် အကြောင်းပြတွေ မှာ အထပ်ထပ် …
အင်တာနက်ပေါ်မှာ တင်ပြပုံ အထပ်ထပ်… တောင်းဆိုကြ ...မရနိုင်ကြ အသစ်ကို ဆာလောင်မှုတွေ ထပ်နေကြပြန်တယ်။

အိပ်မက်တွေတောင် ထပ်နေသလား၊ခံစားမှုတွေထပ်နေတယ်။
တစ်ရက်လာလည်း ဒီခံစားမှု မရိုးနိုင်အောင်ထပ်ထပ်နေပြန်တယ်။
”မြန်မာစာတွေ သိပ် မဖတ်နဲ့ ၊အစွဲ ကင်းအောင် ရေးဖို့ ဝေါဟာရ မရှိဘူး”ဆိုပဲ သူငယ်ချင်းက သုံးသပ်ပြန်တယ်။
ဘိုလိုမှ မတတ်ဘဲလေ (တကယ်) အသစ်ရဖို့ က အဲလောက် လိုသလားသေချာ စဉ်းစားမိတယ်။

အမှတ်အသား သင်္ကေတ မြန်မာ ဝေါဟာရတွေ တကယ်လိုအပ်နေတာလား။
တင်ပြမှုဘောင်ကပဲ … တွေးတာတွေ ထပ်ထပ်နေပြန်တယ်။

ဘဝတွေ ထပ် မထပ် မသေချာပေမယ့် နေ့တွေက သေချာထပ်နေတယ်။
အသစ်မရတဲ့ နေ့တွေ ထပ်လာတယ်။
တစ်ခါမှ သစ်သစ်လွင်လွင် ရယ်သံ မကြားဖူးတဲ့ နေ့တွေထပ်လာတယ်။
ညီမလေးရဲ့ သောကတွေ ပုံပုံ လာတဲ့ နေ့တွေထပ်ထပ်လာတယ်။
(မှတ်မှတ်ရရ ရယ်သံ စစ်စစ်လေး လိုချင်စိတ်နဲ့ ပေမယ့်
လိုချင်တဲ့ အသစ်ရော အဟောင်းပါ ဘာမှ မထူးဘဲထပ်ထပ် လိုက်လာတယ်..
မရခဲ့တာ သေချာတာတွေလဲ ထပ်ထပ်လာတယ်)။

ထားပါတော့တွေ ထပ်ထပ်လာတယ်။
မျှော်လင့်လိုက် ပြန်ရုပ်သိမ်းလိုက်တွေ ထပ်ထပ်လာတယ်။
အသစ်ရဖို့ က သင်္ကေတတွေ အသစ်လိုသလား … အဓိပ္ပါယ် အသစ်တွေ မရှိတာလား
… ရှိနေဦးမယ် ထင်နေရတာ ထပ်ထပ်လာတယ်။
ညီမလေးရေ …သောကအသစ်တွေ ပေးကြည့်ပါ့လား။
ခံစားမှု အသစ်တွေ ပေးကြည့်ပါ့လား။
“လိုချင်တာ အသစ်”စွဲနေတဲ့ အသံဟောင်း တစ်ခုကို
ထပ်ထပ် ကြားကြားနေရတာ ထပ်ထပ်နေတယ်။
ကဗျာထဲမှာ အသစ် လိုချင်တာတွေ ထပ်ထပ် …လိုချင်တာ ထပ်ထပ်…
ထပ်ထပ်နေတာတွေ ထပ်ထပ် …ထပ်ထပ် ထပ်ထပ်နဲ့။


နွေမင်းသစ်

Tuesday, August 25, 2009

အမှိုက်နဲ့ မကင်းတဲ့ ကျနော်တို့တတွေ

လေးထပ်ရဲ့ ပြတင်းတစ်ချပ်ကနေ ခြံဝင်းတစ်လျောက် ကြည့်မိချိန်ကစပြီး
အမှိုက်တွေကို သတိထားကြည့်မိတယ် အမှိုက်တွေ ခြံဝင်းထဲမှာ
အမှိုက်ရှိတဲ့ နေရာတွေကို သတိထားရကောင်းမှန်းသိပြီး မြင်မြင်နေရတယ်
အဆောက်အဦပေါ်မှာ အမှိုက်တွေ ... ခန်းမဆောင်ထဲမှာ ...
အိပ်ခန်းထဲမှာ ... အိပ်ယာပေါ်မှာ ...မွေ့ယာပေါ်မှာ ... ခေါင်းအုံးထဲမှာ
ဖက်လုံးထဲမှာ ... ခန္ဓာကိုယ်ထဲမှာ ... စိတ်ထဲမှာ ...မျက်လုံးထဲမှာ ... နားထဲမှာ
အမှိုက်တွေ ထောင်းလမောင်း ခတ်နေတော့တယ်။

အမှိုက်တွေ က တရစပ် ထွက်ကျနေပြန်တယ် ... အပေါ်က ဘေးက အောက်ခြေက အလျှိုလျှို
အသံတွေထဲက ဝေါဟာရတွေထဲက ပါးစပ်ထဲက
ဖြတ်မောင်းသွားတဲ့ ကားပေါ်က တစ်ခြိမ်းခြိမ်းခုတ်မောင်းသွားတဲ့ ရထားပေါ်က
လွင့်နေတဲ့ စိတ်ထဲက လဟာပြင်ထဲက တသွင်သွင် စီးနေတဲ့ လေတွေ ထဲက
အွန်လိုင်းပေါ်က မကောင်းတကောင်းကွန်နရှန်ထဲက ကွန်နရှန်ကို ဖြတ်သန်းလာတဲ့ အဓိပ္ပါယ်တွေထဲက
ကြိုးတန်းလန်းနဲ့ ဝဲနေတဲ့ စွန်လေးပေါ်က ပျံနေတဲ့ ငှက်ကလေးပေါ်က
သစ်ကိုင်းကနေ အိမ်အမိုးတစ်ခုပေါ်ခုန်ကူးလိုက်တဲ့ ရှဥ့်လေးပေါ်က
ငှက်ကလေးနားလိုက်လို့ တုန်ရီသွားတဲ့ သစ်ကိုင်းလေး ပေါ်က အမှိုက်တွေ ထွက်ကျနေတယ်။

အမှိုက်တွေ ပေါလော မျောနေတယ် ပင်လယ်ရေပြင်ကျယ်မှာ ကမ်းစပ်ရဲ့ အနားသပ်လေးမှာ
မနမ်းဘူးသေးတဲ့ လက်ခုံလေးပေါ်မှာ ...နမ်းမဝသေးနဲ့ ပန်းရနံ့ပေါ်မှာ
ကဗျာစကားလုံးတွေပေါ်မှာ ကဗျာဖတ်နေတဲ့ မျက်ဝန်းတွေထဲမှာ
အွန်လိုင်းပေါ်မှာ မသန့်စင်သေးတဲ့စိတ်အစဉ်မှာ ရိုက်နေတဲ့ ကီးဘုတ်ပေါ်မှာ
ကျမ်းကိုးကျမ်းကားတွေမှာ နုတ်ကမ္ဗတ်တော်ထဲမှာ ယုံကြည်မှုထဲမှာ အမှိုက်တွေ ပေါလော
ဘာသာရေးထဲမှာ လူမှုရေးထဲမှာ ...ရေးတွေပေါင်းများစွာမှာ ယဉ်ကျေးတဲ့ လူ့ဘောင်ထဲမှာ
လူတန်းစားအလွှာ အသီးသီးထဲမှာ ဖယ်ရှားသင့်တဲ့ အမှိုက်တွေ ပေါလော မျောနေတယ်။


ကမ္ဘာဦးရေမှော်ရေမြှုပ် အဖြစ်ကနေလက်ရှိမျက်မှောက်အချိန်အထိ
အချိန်ကာလပေါ်မှာ အမှိုက်တွေ
နေရာတွေမှာ ဇိမ်ခန်းထောင်ထားတဲ့ ဝါးအိမ်တွေမှာ သမ္မတအိမ်ရာတွေမှာ
တရားရိပ်သာတွေမှာ ဘိုးဘွားရိပ်သာတွေမှာ သင်းချိုင်းဇရပ်ပေါ်မှာ
ဘုန်းတော်ကြီးကျောင်းတွေမှာ ဘုရားကျောင်းတွေမှာ မြို့ တွေမှာ နယ်တွေမှာတောတွေမှာ
လူသားဘဝ အစတည် ဆီ ကြည်တည်စကနေ အမှိုက်ပြာ ဖြစ်ချိန်ထိ အမှိုက်တွေကို ပစ်လာခဲ့
ခေတ်တိုင်းရဲ့ ဇာတ်ကောင်တွေ ဟာ အမှိုက်တွေ ပဲလား
လူတိုင်းရဲ့ နှလုံးသားတွေဟာ အမှိုက်တွေပဲလား အမှိုက်တွေကို မြင်နေရပြန်တယ်
ငါတို့ ကုန်းရုန်းပေးနိုင်သမျှပေးနေခဲ့ကြတာတွေက အမှိုက်တွေတဲ့လား
ခင်ဗျားတို့ လောဘတကြီး သိမ်းကြုံးယူနေခဲ့ကြတာတွေက အမှိုက်တွေ များဖြစ်နေမလား။

သိမ်းတတ်ဖို့ နည်းလမ်းတွေ လိုမယ် ထင်တယ်လေ
ပုံစံအမျိုးမျိုးနဲ့ ရှင်းလင်းနေကြတာပဲ မဟုတ်လား
တံမျက်စည်းလှည်းနေကြတာပဲ မဟုတ်လား
ကိုယ် မှန်တယ် ထင်ရာ အယူအဆ အမြင်အကြည့်တွေနဲ့ပေါ့
မကိုက်ညီရင်တော့ အမှိုက် ဖြစ်စေ လွင့်ကျလာတဲ့ အမှိုက်တွေပဲပေါ့
သန့်ရှင်းရေးလုပ်နေတဲ့ စိတ်ထဲမှာ အမှိုက်တွေ ထောင်းထောင်းထနေတတ်တယ်
အမှိုက်သိမ်းကားကြီးက တစ်ခါတစ်လေ (လူကြီးလူကောင်းတွေ မြင်ကွင်းမှာ) အမှိုက်ဖြစ်နေမလား
အမှိုက်ပုံ အောက်မှာ ဆောင်ပုဒ်တွေ ခေါင်းစီးတွေ နောက်ဆုံး
အမှိုက်မပြစ်ရ ဆိုင်းဘုတ်ကြီး အမှိုက်ပုံအောက်ရောက်နေတာရော ရှိနေမလား
ခင်ဗျား ပတ်ဝန်းကျင်က အမှိုက်တွေ ကို အရင် ပြန်ကြည့်လိုက်ပါဗျာ။ ။

Saturday, August 22, 2009

အစွဲ အလေ့ကြားမှာ ဖျက်ကနဲ လင်းရမယ့် အလင်း

အမှောင်တွေ ပျော်မွေ့ နိုင်သလောက်ပျော်မွေ့ နိုင်ဖို့ တောတောင် ရံထားတယ်
သစ်ပင်ခြုံနွယ် မြင့်မား ထူထပ် သိပ်သည်းရုံမက ညည့်အလယ်မှာ
မျက်စိလည် ကြယ်တေလေတစ်စင်းတစ်လေမှ ခရီးကျွံလာခွင့် မရှိတဲ့ နေရာ
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေတယ် . . .အခိုက်မှာ .... အလင်းတစ်ခင်း ဖျာလင်းစေ . .
လှိုက်လဲ ကြည်နူးဖွယ် အလင်း ... အရောင်မစူး ... သိပ် မဝင်းပ စိတ်မှာ နှစ်လိုဖွယ်ရာ။

အစွဲ အလေ့နဲ့ ထုံရာ အစဉ်အလာ ဝတ်ရုံလွှာ အောက် တစ်သက်တာလုံး ကြီးပြင်း
တကယ်ဆို သဘာဝအတိုင်း တုံးလုံးလေးတွေ လက်ခံကြရမယ် D:
သဘောက ... စကားလုံးတွေ က အစ အထာတွေနဲ့
စမှတ်မိကြပြီဟေ့ ဆိုတာနဲ့ အလွဲတွေ အစွဲ ဖြစ်စေခဲ့ ကြသလား
ဖုံးမှ တင့်တယ်တယ် ဆိုတဲ့ ယဉ်ကျေးမှုကြီးကို စိတ်နာတယ်
လူယဉ်ဘောင်ကြီး ရေ ... လူတော် ဖြစ်စေ အလွဲတွေ စွဲစေခဲ့တာ ဘယ်သူ တရားခံလဲ
လူဇော်လုပ်နိုင်မှ အဓိပ္ပါယ် ရှိတယ် ထင်စေခဲ့တာ ဘယ်လို အလွဲတွေလဲ
အလင်းကို တုံးတုံးသွားစေတတ်တဲ့ အမှောင်အစွယ်တွေ က မြှီမြှီ ထက်လာတယ်
အလင်းလေးကို တိတိ ပြတ်သွားစေနိုင်တဲ့ အထိ အမှောင်အစွယ် တွေ ကျယ်ပြန့် ရှည်လျား။


လူတစ်ယောက် ငယ်ကစ လေ့ကျင့်ခန်းလုပ်လာတဲ့ အားကစား သမားဆိုပါတော့
လေ့ကျင့်ခွင့် မရတော့ ခန္ဓာကိုယ်က ကျွေးနေကျ အစာကို တောင့်တာလာတယ်
စားရတဲ့ ကလေး ပိုငတ်သတဲ့ အမှန်တွေးချည်း ပြောရတာ မကောင်းလှဘူး
အချိန်မှန် လမ်းလျောက်ကျင့်ဆိုတဲ့ ဘိန်းစွဲနေသူတစ်ယောက်
လမ်းမလျောက်ရရင် ယင်းထတတ်တယ်လေ
အချိန်မှန် တရားအားထုတ်သူတစ်ယောက် မှန်ကန် ပြည့်စုံတဲ့ အသိဆီ မရောက်ခင်
ထိုင်နေကြ မထိုင်ရရင် ဝင်းထတတ်တာလဲ အလေ့အကျင့် အစွဲောကာင့်ပဲ ထင်တယ် နော်
တစ်ကိုယ်ရည် တစ်ကာယ အစွဲ အလေ့တွေ ကိုယ်နိုင်သမျှ ပစ်တင်နေကြတဲ့ လောကလား
အချိန်မှန် ဆွဲနေကျ မနွဲရတဲ့ ဝါရင့် အရက်သမားရဲ့ လက်တွေလို အစွဲတွေက တုန်ရီစေမယ်. . .။

ကလေးလေး ရေ ...သိပ် မယုံကြည်ချင်ပါနဲ့၊သဘာဝကျကျ လင်းနိုင်ဖို့ ဆိုရင်
အသိလေးကို ရှေ့ရှုပြီး ပြေပြေလေး လင်းပေးပါ။
အစွဲ အလေ့တွေ ကင်းတဲ့ အလင်းမျိုးနဲ့ လင်းနေစေချင်တယ်လေ။

Thursday, August 20, 2009

အတ္ထုပ္ပတ္တိကဗျာရှည်

သူ့ဖြစ်တည်မှုလေးရဲ့ သက်တမ်းတစ်လျောက်မှာ သူပိုင်ဆိုင်တာက "အမေကြီး"။
အမေနဲ့အဖေတို့ လမ်းခွဲ အပြီးမှာ လောကကြီးထဲ ရှိသမျှ အားလုံး သူ့ကို ကျောခိုင်းသွားကြတယ်။
ဟော်မုန်းနဲ့ ဂလင်း အကြိတ်တွေ ကြောင့် သူ့ ဖြစ်တည်မှုလေး သူရခဲ့တယ်။

ဒါတောင် ဖြစ်မလာအောင် ဆေးတွေ ဘာတွေ နဲ့ ပီပီ ပြင်ပြင် တားခဲ့ သေးကြောင်း
သူ့ ဖြစ်တည်မှုကို သူ့ အမေကိုယ်တိုင် သူ့ရှေ့ မှာ ဖွင့်ဆိုခဲ့တာကို သတိမူမိတယ်။
လူသားတစ်ယောက်ရဲ့ အသိသက်သက်နဲ့ မိဘဆိုတာ သည့်ထက် မက ရှိခဲ့ကြောင်း နားလည်ပေးနိုင်ခဲ့ ပါတယ်။
အရွယ်အသက် အမျိုးမျိုးမှာ လူတိုင်းက မိသားစုနဲ့ ပျော်ကြ
သူကတော့ သူ့ ဖြစ်တည်မှုကို သူဘာသာ သသပြီး
တစတစဖွင့်ထွားလာအောင် ကြိုးစားခွင့်ရခဲ့တယ်။
အချိန်တိုင်းတည်ဆောက်ဖို့ သတိနဲ့ နုနုငယ်ငယ် အချိန်တွေ ဖဲ့ချွေ
အလွှာမျိုးစုံ,ယဉ်ကျေးမှု မျိုးစုံ,အယူအဆ မျိုးစုံ,အရောင်အသွေးမျိုးစုံ ကြားမှာ
နေသားမကျနိုင်တဲ့ ဖြစ်တည်မှုလေးကို နေသားကျအောင် လုပ်ခဲ့။
ဘဝဆိုတာ ကံကြမ္မာရဲ့ သားကောင်ဆိုတဲ့ အယူအဆမျိုး သူ့ဆီမှာ တကယ်ကို မရှိခဲ့ဘူး။

ဖြူဖြူစင်စင် လိပ်ပြာလုံလုံ ပြုံးပြရဖို့ နေရာ သူ့ အတွက် ရှားတယ်။
သန့်သန့်စင်စင် တွေးခေါ်ဖို့ လောကဓာတ် ကျယ်သလောက် သူ့မှာ ကျဉ်းတယ်။
ရှားပါးတဲ့နေရာလေးတွေမှာ သူ လိပ်ပြာလုံလုံ ဖြူဖြူစင်စင် ပြုံးခဲ့ပါတယ်။
ကျဉ်မြောင်းတဲ့ နေရာလေးတွေကနေ သူသန့်စင်အောင် တွေးတယ်။
သူ့အတွက် ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ရောက်ရင် နွေးထွေးပါတယ်။
အပတ်စဉ်ရဲ့ အသစ်ဆုံးနေ့တွေမှာ ဘုရားကျောင်းသွားပြီး ငြိမ်းချမ်းမှုကို ရှာတယ်။
အလွှာ အမြင် ကိုးကွယ်ရာ မတူတဲ့ အများစုထဲကို သူ့ကို ပစ်ချထားတယ်လေ။
သူလိုလူတွေ လူနဲစုတွေထဲက မှ သူလိုလူ ဘယ်သူမှ ရှိမယ် မထင်တဲ့ အသိနဲ့
ဖြတ်သန်းရင်း . . .ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ထွန်းညှိနိုင်ခဲ့တယ်။
အတိုက်အခိုက် ချွန်တွန်း အဆင်းဘီးတပ် ဒဏ်ရာ အထပ်ထပ်နဲ့ပေမယ့် မယိမ်း မယိုင်။
လူငယ် လူမှုရေးရာ ယုံကြည်မှု မျှော်လင့်ချက် အချစ် ဆုတောင်း
အကြိမ်ကြိမ် ခက်ခက်ခဲခဲ မျှော်လင့်ခဲ့ လွင့်ပါးခဲ့ အကြိမ်ကြိမ် ဖြည့်ဆီး ထူမတ်ခဲ့ရင်းပေါ့။
ကိုယ်ဖြစ်တည်မှုကို တယုတယ တသသ နဲ့ ဆက်လှမ်းလာခဲ့သူ။
ကံကြမ္မာရဲ့ ဆော့ကစားမှုတွေကို ကလေးကလား အလား လှည့်ကြည့်မိဖို့ စိတ်မကူးနိုင်တဲ့ အထိ။

ဖြတ်သန်းရင်း ပျိုးထောင်ရင်း ရုပ်ဝတ္ထုတွေထဲကနေ စိတ်ဓာတ် အသိနဲ့ စိတ်ဖြာ
ကိုယ့်ဖြစ်တည်မှုကို ဖြေသာစွာနဲ့ ထွန်းလင်းနိုင်ပါလား ကျေနပ် ချိန် 23 နှစ် အရွယ်။
ယုံကြည်ရာကို ယုံကြည်တဲ့ အတိုင်း သေချာပေါက် သွားနိုင်လိမ့်မယ် ယုံကြည်တယ်
လက်လှမ်းမှီရာ ပညာရပ်တွေ ရနိုင်သမျှ လောဘတကြီး ခူးခဲ့



ဘဝအတွက် မျှော်လင့်ချက်တွေ တလက်လက်နဲ့
သူ့ဖြစ်တည်မှု့ရဲ့ အကောင်းဆုံး ပြင်ဆင်ခွင့်တွေ ဖြည့်ဆီး လမ်းစပေါ် ပင့်တင်
ခိုင်မာတဲ့ ယုံကြည်ချက်တွေ အမြင်တွေနဲ့ တောက်မယ့် မီးခဲ ဖြစ်နေချိန် 23 နှစ်အရွယ်
ဆော့ကစားတဲ့ ကံကြမ္မာက ပေါ့ပေါ့ပါးပါးနဲ့ သူ့ ဖြစ်တည်မှုဆီ ကင်ဆာ ဆိုတာ ပို့လိုက်တယ်။

အနှစ်နှစ် အလလ ငတ်မွတ်ဆာလောင်ခဲ့တဲ့ မေတ္တာပြတ်လပ်မှုရဲ့ ဒဏ်
ငွေကြေး အသိုင်းအဝိုင်း က အစ ဘာမှ မပြည့်စုံခြင်းရဲ့ ဒဏ်
ဒီဒဏ်တွေနဲ့ တကွ ရောဂါရဲ့ မချိမဆန့် ဝေဒနာတွေနဲ့ ရှေ့ နှစ်အနည်းငယ် အကြာမှာ
သူဖြစ်တည်မှုလေး ဇာတ်သိမ်းစေသတည်း တဲ့ . . . အေးဆေးပါ . . .
မိခင်အရင်းကတောင် ဖြစ်တည်ခွင့် အဓိပ္ပါယ်ကို အသစ်ဖွင့်ဆို ချီးမြင့်ခံရသူ
ကင်ဆာက သူဆီကနေ ဘယ်လောက်ယူနိုင်မှာ မို့လဲ
သူ့ကိုယ်သူ ဖြစ်တည်စေခဲ့တာ 23နှစ် ဘယ်လောက်မှ မကြာသလို ထင်ရပေမယ့်

သဘာဝဘေးဒဏ်ခံ လူတွေကို ကိုယ်တိုင် လက်ခြေတွေ သုံးပြီး ကူညီခဲ့တယ်
မဖွံ့ဖြိုးသေးတဲ့ ဒေသတွေ အတွက် ကိုယ်တိုင်လေ့လာ သိရှိ ကူညီခဲ့ တယ်
ကျောင်းမနေနိုင်တဲ့ ကလေးတွေ များစွာ အတွက် ကူညီ ခဲ့တယ်
ဆင်းရဲတွင်း နက်နက် မဲမဲ ထဲကလူတွေ အတွက် တတ်နိုင်သမျှ လင်းပေးခဲ့တယ်
သူပေးနိုင်သမျှ ရယူခဲ့တာ မရှိပဲ ပေးပြီးခဲ့ ပြီလေ ကျေနပ်တယ်။
ကံကြမ္မာရေ မင်းဆီက အညွှန့် ခူးဖို့ မဆိုထားနဲ့ အခွံ အခေါက်လေးလောက်မှ ငါ မခွါခဲ့ပါဘူးတဲ့ သူက။
ရယူခြင်းမရှိပဲ ပေးဆပ်ခြင်းသက်သက်နဲ့ ငါ့ဖြစ်တ်ာမှုလေး အဆုံးသတ်ခွင့် ရတာ
မင်းကိုတောင် ကျေးဇူးတင်ချင်ပါသေးတယ်တဲ့ သူက။
အသိအဆင်ခြင်လေးနဲ့ ရှေ့ ကျန်သမျှ ဆက်လိုက်ရုံပေါ့တဲ့ သူက။

ခင်ဗျားတို့ ကျေနပ်လောက်ပါပြီ၊ကံကြမ္မာကလဲ ကျေနပ်လောက်ပြီလို ထင်မှာပေါ့ နော်။
သူဆီက ဘာရစရာ ရှိသေးလို့လဲ လေ ၊ဟုတ်ပ။
နောက်ဆုံး အချိန်လေးမှာ ကံကြမ္မာဆင်က ဆိတ်လေးကို ကျီဆယ် လိုက်သေးတယ်။
ကံကြမ္မာရဲ့ အချိန်ကိုက် ဆင်လိုက်တဲ့ ထောင်ချောက်တစ်ခု ဖြစ်မယ် ထင်တယ်။
မယုံချင်စရာ လုံးဝ မရှိတဲ့ ယုံကြည်မှု တစ်ခု ကြင်နာမှုတစ်ခုကို သူ့ဆီ ပို့ လိုက်တယ်။
အဲဒါက နတ်ဆိုးပေါ့။
နတ်ဆိုးကလဲ ပီပြင်တယ်။နောက်ဆုံး မီးတောက် အဖြစ် ထတောက်ရမယ့်
သူ့လက်ကျန် ယုံကြည်မှု မျှော်လင့်ချက်အားလုံးကို အယုံသွင်း မကြွင်းမကျန် စုပ်ယူသွားနိုင်တယ်။

မိဘတွေရဲ့ ကျိန်စာ,ဘဝတစ်လျောက် ပတ်ဝန်းကျင် မှာ ကျင်လည် ဖြတ်သန်း ရုန်းခဲ့ရတဲ့ ကျိန်စာ
အသွင် အလွှာ အပြင် ကွားပြားမှုကြောင့် မရိုးနိုင်အောင် နေ့တိုင်း တဖျက်ဖျက် တဖျင်းဖျင်းရိုက်ခတ်လာတဲ့ ကျိန်စာ
ခဏတိုင်း ယုံကြည်မိလိုက် ခဏတိုင်း ကြေပျက်ပေးလိုက် ကြုံရတဲ့ ကျိန်စာ
သူ့အသိ သူ့ယုံကြည့်မှု သူ့မျှော်လင့်ချက်တွေ
ယဇ်ခုံပေါ်က ဆီမီးခွက်ထဲက ဆီလို ဖြေးဖြေးရင်း လျော့ မသိမသာခန်း အောင် လုပ်တတ်တဲ့ ကျိန်စာ
ဒါ မလုံလောက်သေးဘူး ထင်တယ်။အဲဒီ နတ်ဆိုးကို ထပ်လွတ်တယ်။
ကင်ဆာနဲ့ မြန်မြန် ဇာတ်သိမ်းဖို့ ဇာတ်ညွှန်းကျထားပြီးသားကို
(ပရိသတ် မရှိတဲ့ သူ့ သရုပ်ဆောင်မှုကို သူတစ်ယောက်ထဲ ကြိတ်မှိတ် နိဂုမ်းချုပ်ရမယ့်
ဇာတ်သိမ်းခန်းကို )ပိုပြီး ဇာတ်နာရလေအောင်တဲ့
သူ့ဆီကို ယုံကြည်ဖို့ လုံလောက်တဲ့ အထောက်အထားတွေနဲ့ နတ်ဆိုးကို လွတ်ပြန်တယ်။

နေ့စဉ်နဲ့ အမျှ တစ်ဆစ်ဆစ် နာနေတဲ့ ဝေဒနာ ကြားကနေ
ယုံကြည်မှုလေး တစ်ခု ခေါင်းထောင်ထလာတယ် ဒါနောက်ဆုံး အလင်း
handoverလုပ်ပေးရမယ့် အခွင့် အရေး၊စိတ်ဓာတ်နဲ့ ဝိညာဉ်ကို သူ့ဆီ အပ်နှံခဲ့ပြီး
သူမရှိတော့ တဲ့ အချိန်မှာ လူသားကောင်းကျိုး လုပ်စေမယ် တဲ့
သူ့  မျှော်လင့်ချက်လေး ပြန် ရှင်လာတယ်။သေခါနီးမီးတောက်မယ့် အဆီ မှန်သမျှ လွဲချင်လာတယ်။
ကင်ဆာ နဲ့ ဇာတ်သိမ်းခန်းမှာ အလွမ်းလေးနဲ့ မျှော်လင့်စရာ အတွက် ကံကြမ္မာကိုတောင် ကျေးဇူးတင်နေတယ်။
မသေခင်ဖြေဆည်ရာလေး တစ်ခု နဲ့ နှစ်သိမ့်ပေးပါလား . . .အာမင်။
အငမ်းမရ ကျေးဇူးတင်မှုတွေနဲ့ ပျော်ဝင်(တိတိကျကျ သူ့စကားအရဆိုရင်)စူးစူးနစ်နစ် ပျော်ဝင် . . . . . . ။

ဖမ်းစားလာတဲ့ နတ်ဆိုးရဲ့ ရုပ်သွင်ကို သရုပ်မထင်သေးခင်တော့
ကျန်ခဲ့တဲ့ လောက ကို သူ့ကိုယ်စား အလှဆင်မယ့် ကိုယ့်ပွား
ကင်ဆာ လူမမာရဲ့ နောက်ဆုံးခရီးကို စာနာမှု အပြည့်နဲ့ အားပေးဖော်
စိတ်ထဲ ရှိသမျှ ငြီးချင်းတွေကို မညည်းမညူ ပစ်တင်ခွင့်ပေးတဲ့ စင်ကလေး
နတ်ဆိုးမှန်း မသိခင် တွယ်တာမိပါတယ် တဲ့ သူက။
ရိပ်မိမိ သလို ရှိပေမယ့် မသိယောင်ဆောင်ပြီးကို ဖက်တွယ်
ဝေဝါးတဲ့ ယုံကြည်မှုလေးနဲ့ ပေမယ့် ဇွတ်မှိတ်ပြီးကို ညှိတွယ်
ဒီယုံကြည်မှုလေးနဲ့ ကြုံခဲ့ သမျှ ကံကြမ္မာရဲ့ ကစားကွက်တွေကို မေ့ချင်သတဲ့ သူက။

နတ်ဆိုးက ဇာတိရုပ်ပြလာတယ် . .သူညှိတွယ်မှန်းသိလို့ ထင်တယ်
ဟန်ဆောင် နတ်ဆိုးသာ ဖြစ်တဲ့ အကြောင်း သေချာ ပြောပြန်တယ်
သူရယ်ပဲ ရယ်ချင်တော့တယ်

သူ့ဆီက ဘာရစရာ ရှိသေးလို့လဲ
သူပေးနိုင်စွမ်းရှိသမျှ အကုန် ပေးပြီးခဲ့ ပါပြီ
ပေးဆပ်စရာ ဘာမှ မရှိတော့ဘူးဆိုတာတောင် နတ်ဆိုးကိုလွတ်ပြီး
ကျန်သမျှ အားလုံးကို စုပ်ယူခဲ့ပြီးပြီ။သူ့မှာ နောက်ဆုံးရှင်သန်ခွင့်ရှိခဲ့တဲ့ ယုံကြည်မှု
မျှော်လင့်ချက်ဆိုတာလေးကိုပဲ အယောင်ဆောင် နတ်ဆိုးက ရစ်ထုတ်သွားပြီ။
(ဘာကျန်သေးလို့လဲ,ဘာကို ထပ်ပေးစေချင်သေးလို့လဲ,ဘာများ ထပ်နုတ်ယူစရာ မြင်သေးလို့လဲ)
သူက ခပ်ပါးပါး ရယ်မောသံလေးနဲ့ မေးတော့
ကံကြမ္မာက ထပ်ပြီး ဘယ်လို ကစားနည်းသစ်နဲ့ ကစားရမလဲ လို့ စဉ်းစားနေပုံရတယ် ငြိမ်လို့။

ကံကြမ္မာရေ သေခဲ့တာ တစ်ခါ မက နှစ်ခါ မက ငါ အကြီမ်ကြိမ် သေခဲ့ပြီလေ
နောက်ထပ်သေဖို့ စောင့်ရတဲ့ အချိန်လေး အတွင်းမှာ
မင်းအတွက် ဘာတွေ နဲ့ ပူဇော်ခွင့်ရနိုင်ဦးမလဲ
ဖြစ်တည်မှုလေးရဲ့ နောက်ဆုံး အချိန် အထိ သူက ပေးနေချင်သေးသတဲ့ လေ။

(ဒါက တကယ့် အဖြစ်မှန်ပါဗျာ)
nweminthit

Monday, August 10, 2009

လွင့်နေတဲ့စိတ်ရဲ့ နားနေရာ

စိတ်လေ စိတ်လွင့်တွေ လွင့်တင်လိုက်တယ်
ပြုးံပြရမှာ ခက် လေ သလပ်ခံထားရတယ်
အားနာ စိုးရွံ့ အဘိဓာန်က ဝေါဟာရသစ်
ညဖြစ်ရုပ်ကြွင်းထဲကနေ
ပင်လယ် ပြင် အောက်ခြေ အထိ
ငုပ်ဝင်နေသင့်တဲ့ လူ
လေထု ဖိအားတောင် ခံနိုင်ရည်ရှိ ဖို့ လေ့ကျင့်ပေးဖို့
လိုအပ်နေတဲ့ လူ
ဖောက်ခွဲ ဖျက်ဆီးပြစ်ဖို့ အမိန့် မလာ မချင်း
သစ္စာလေးချက်လေသံတွေ တုန်ရီ အက်ကွဲတော့မယ် . . ..

ညတိုင် အတွေးများနဲ့ (တရုတ်လို မဟုတ်ဘဲ )အိုက်အိုက် လာတတ်
မွေ့ရာ ပါတဲ့အချိန် မပါတဲ့ အချိန် သိ မသိ စိတ်နဲ့
အငွေ့ပျံ အလွမ်းတွေထဲ
ရော်ရမ်း ဆုတောင်းရင်း ဝေ့ဝဲ
ငယ်က ကစားခဲ့ဘူးတဲ့ ကစားနည်းတွေကို စိတ်မဝင်စားနိုင်ဘူး
ဆူးဒေါက်ခွကနေ ကီးဘုတ် ပြောင်းကိုင်ချင်ခဲ့တဲ့ကောင်
မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့ စိတ်တွေ ပစ်လွင့်တင်မိခဲ့တယ်

ကောင်းကင်တစ်ခုကို တွေ့ အဲဒီ ကောင်းကင်များ ကြည်လင်နေလို့ကတော့
ဘာမှ ရှိမနေတော့သလို ဟာလာဟင်းလင်း။

သိသိနဲ့ ခူးခဲ့ပေမယ့် ပန်းသီးမဟုတ်ဘူး
တူရွင်းရာ နက်လာလေ ဘေးသားပြိုလိုက်လာလေ ဆိုတဲ့ အဖြစ်
ပိုပို နက်ဝင်သွားရမယ့် အစား မောက်မောက်လာတယ်
နှင်းဆီ နံနက်ခင်းမရှိဘူး,နံနက်ခင်းတော်တော် များများ မရှိဘူး
ထန်းရေအိုးနှတ်ခမ်းတွေ ကို လွမ်းချိန် မရှိဘူး
ဒါပေမယ့် ဘယ်ဘက်ကမှ ပေါ့ပါးလာတယ်လို့လဲ မရှိပြန်ဘူး
ဘာလို့ မလင်းနိုင်အောင် အထိ ဖြစ်နေခဲ့ သလဲ . . .. .

ပညာဧကရာဇ်က ယဇ်ကို တပ်မက်လွန်းနေသလား
ပညာရှင် အခေါ်ခံ သားကောင်တွေကို မြိန်ရေ ယှက်ရေ
သူကိုယ်တိုင် ဝါးမြိုရင်း သနားနေတတ်ပြန်တယ်
ဘာမသိ ညာမသိ နမ်းမဝ ကလူစယ်နဲ့
ဘာလို့ မပြိုနိုင်ခဲ့လဲ စဉ်းစားချိန်တောင် မရတော့ဘူး
တကယ်ဆို အိပ်မက်ထဲ မှာသာ မျောလွင့်ခွင့်ရှိတဲ့နေရာ
စိတ်လေ စိတ်လွင့်တွေက နားစရာ ရှားနေတယ်

တစ်ညက ညီမလေးကို လွမ်းရင်း အိပ်မက်မက်မိတယ်
အဆင်းရဲဆုံး အရာတွေထဲမှာ အချိန်ဆိုတာကို
သဘောပေါက်လိုက်ရော . . . .
ကြမ်းခင်းကြားတွေ မှာ အလင်းတွေ ယိုစီးခွင့် ဘာလို့ ပေးတော့မလဲ
အခန်းပြင်မှောင်နေတယ် ဆိုရင် သဘာဝ တစ်ခုလို့ လက်မခံသင့်ဘူးလား
ဆိုလိုတာက
ကိုယ့်စိတ်ကိုယ် ကိုယ်တိုင် ပြန်ပြန် ဖုံးနေရတာနဲ့ကို အချိန်တွေကုန်နေတယ်
ညီမလေး စိတ်တွေ သိပ် မလွင့် တင်စေချင်ဘူး
စိတ်လေ စိတ်လွင့်တွေ လွင့်တင်ရမှာက ဝဋ်ကြွေး တစ်ခုမှ မဟုတ်ဘဲ
ဒါပေမယ့် အဲဒီ စိတ်လေ စိတ်လွင့်တွေ အတွက်
နားစရာက ရှားပါးလွန်းတယ်။

Thursday, August 6, 2009

မှိုင်းများ


မှိုင်းများ မှိုင်းများအောက်မှာ
မြုံစိစိ တွေးနေတယ်
တုံးတိတိ ငေးငိုင်နေတယ်
င်္အင်္ကျီကျယ်သီး မှန်အောင် မတပ်ချင်ဘူး
ခေါင်းမဖီးချင်ဘူး
မုတ်ဆိတ်ကျင်ဆွယ် မပယ်ချင်ဘူး။

မှိုင်းများ အောက်မှာ
အလုပ်မလုပ်ချင်ဘူး စားမဖတ်ချင်ဘူး
ထမင်း မစားချင်ဘူး။
မှိုင်များအောက်မှာ
လူတစ်စုက ငြင်းနေကြတုန်း
လူတစ်စုက ကြိတ်ကြံနေပြီး
လူတစ်စုက မိန့်မိန့်ကြီး ကြည့်လို့ . . . .
မှိုင်များ အောက်မှာ
အမှန်တရားက ကိုယ်ထင်မပြဘူး
အတုအယောင်တွေ လမ်းသလားနေတယ်
လရောင်ကို မခံစားနိုင်ဘူး
တောင်စွယ်မှာ နေကွယ်တာ ထပ်နေတယ်။

မှိုင်းများ မှိုင်းများ အောက်မှာ
အမေက သားတွေအတွက် လွမ်းတယ်
ဆရာက တပည့်ကို လွမ်းတယ်
မောင်နှမ ညီအစ်ကိုချင်း လွမ်းတယ်
ချစ်သူတွေ အချင်းချင်း လွမ်းတယ်
မှိုင်းများ အောက်မှာ
မိဘကို မိဘလို့ မထင်ချင်ဘူး
သားသမီးကို သားသမီးလို့ မထင်ချင်ဘူး
ညီအစ်ကို မောင်နှမ ရှိမနေဘူး
သူငယ်ချင်း အပေါင်းအသင်း လှည့်မကြည့်အားဘူး။

မှိုင်းများအောက်မှာ
အတ္တရောင်တွေ တလက်လက်ဝင်းတယ်
ကိုယ်ကျိုးတွေ ထောင်းထောင်းထနေတယ်
ကုန်ကြမ်းတွေ ဖောချင်းသောချင်းဖြစ်နေတယ်
ကုန်ချောကြတော့ ဘယ်ပျောက်ပျောက်သွားမှန်းမသိဘူး
မှိုင်းများအောက်မှာ
တန်ဖိုးတွေ လေလွင့်ကုန်တယ်
သက္ကရာဇ်တွေ တွန့်ခေါက်ကုန်တယ်
ပညာရပ်တွေ မှိုတပ်ခဲ့တယ်
သတ္တိတွေ တုံးတိကုန်တယ်။

မှိုင်းများ
မှိုင်းများအောက်မှာ
နေရောင်တွေ ဆိတ်သုဉ်းနေတယ်
အမှောင်တွေ သိပ်သည်းနေတယ်
နာကျင်မှုတွေ မဆန့်မပြဲဖြစ်နေတယ်
ဆာလောင်မှုတွေ ဟုန်းဟုန်းတောက်နေတယ်
မှိုင်များအောက်မှာ
အရာရာ ခေါင်းပါးနေတယ်
မလိုအပ်တာတွေက ပေါလွန်းနေပြီ
လိုအပ်တာတွေက အရိပ်အရောင်တောင် မမြင်ရဘူး။

မှိုင်းများ အောက်မှာ
တရားမရှိဓားမရှိ ဖြစ်နေတယ်
တရားလေးခမျာ ယဲ့ယဲ့ အသက်ဆက်နေရတယ်
နှစ်သိမ့်မှုသက်သက်နဲ့ နေရတယ်
မျှော်လင့်ချက်တောင် မထားရဲဘူး။

မှိုင်းများ အောက်မှာ
ငေးငေးငိုင်ငိုင်တွေးနေမိတယ်
ထွက်ပေါက်လဲ မရှိဘူး
မှိုင်းများအောက်မှာ
ဘယ်အချိန်အထိ ပိတ်မိနေဦးမလဲ . . . .။


(7,8,2009)

Sunday, July 26, 2009

လေးချိုးလေး တစ်ပုဒ်

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို
မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင်ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။


မယ်ခွေ



A PRESENT OF CHEROOTS
Anonymous


I did not buy them: with mine own hands I cut the fresh leaves.
Without the aid of fire, unable to dry them in the sun,
I had to keep them under my bed.
They are for you to smoke.
I nip them off near the pedicle with my front teeth.
Sweet as none other are these tobacco-rolls.
Without the aid of silk, but binding them with a single cotton thread,
To my sweetheart since youth who is going to Golden Ava
I send them as a present.


Hla Pe


ဒီကဗျာလေးကို မယ်ခွေ ရေးတယ်လို့ မှတ်သားရပါတယ်။ ဆရာကြီး ဒေါက်တာလှဘေ ဘာသာပြန်ရာမှာတော့ ရေးသူမသိလို့ ဆိုထားပါတယ်။ PS: စစချင်း မဝယ်ဘူး မယ်ခူးတဲ့ဖက်စို ဖြစ်ရမှာကို မှားပြီး မရွယ်ဘူး မယ်ခူးတဲ့ဖက်စို လုပ်ထားမိလို့ တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ပြင်လိုက်ပါတယ်။ မှားတာရှိအားနာ၏ ပါခင်ဗျာ။



ဒီဟာလေးလဲ ညီလင်းဆက်နေရာက ယူလာတာ။ဒါပေမယ့် ဒီကဗျာလေးနဲ့ ပတ်သက်တဲ့ နောက်ခံက ကျနော် ဆီမှာ ရှိနေတာက တစ်မျိုး။မန္တလေးမှာ ဆရာကြီး ဦးသန့်ဇင်ရဲ့ စာသင်ခန်းထဲ က ။ဆရာကြီးက နုတ်တမ်းရွတ်တာကို လိုက်ကူးခဲ့ရတဲ့ ကဗျာလေး။ရှင်းပြတာ တွေလဲ အခုတောင် ပြန် ကြားမိသေးတော့။တဝါးဝါး ပွဲကျလိုက်။ရှေးခေတ် အမျိုးသမီးလေးတွေရဲ့ ဘာညာပေါ့။အခု လိုချင်တာလေး တွေ့လို့ ယူလာတယ်ပေါ့။

Saturday, July 25, 2009

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

ဒါလေးလဲ ညီလင်းဆက်နေရာကပဲ။ကဗျာလေးအကြောင်းလဲ မပြောတော့ပါဘူး။မြန်မာမှန်သမျှ ဒီကဗျာလေး တွေ့ရရင် ကျနော်လိုပဲ သိပြီး ရင်းနှီးပြီး ခံစားပြီးပြီ လို့ ပြောစရာတောင် မလိုတော့လောက်ပါဘူး။တစ်ခုပြောစရာက ကျနော် အခုလို ကူးတာကို ကိုညီလင်းလင်းဆက်ကို မပြောရတာပါ။တကူးတကကြီး ပြောမနေဖြစ်တော့ဘူး။သူနေရာက ပြန်ယူတယ်ဆိုတာ သူသိရင် ဝမ်းသာမှာပါ။ယူရမလား ဆိုပြီး အပြစ်တင်မယ် မထင်ပါဘူး။

ပေါက်ပင်ပါပြုလို့ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်
ဗျိုင်းပါပြုလို့နားရတယ်
ငါးပေါ်လို့နားရတယ်
ငါးပါပြုလို့ပေါ်ရတယ်
ကျွဲးလူးလို့ပေါ်ရတယ်
ကျွဲးပါပြုလို့လူးရတယ်
ဖြုတ်ကိုက်လို့လူးရတယ်
ဖြုတ်ပါပြုလို့ကိုက်ရတယ်
မိုဃ်းရွာလို့ကိုက်ရတယ်
မိုဃ်းပါပြုလို့ရွာရတယ်
ဖားအော်လို့ရွာရတယ်
ဖားပါပြုလို့အော်ရတယ်
မြွေကိုက်လို့အော်ရတယ်
မြွေပါပြုလို့ကိုက်ရတယ်
ငါ့ဝမ်းပူဆာမနေသာလို့ကိုက်ရတယ်။



Tree, tree, why are you crooked?
The heron perched on me.
Heron, heron, why did you perch?
To watch a fish.
Fish, fish, why did you rise?
Because the buffalo waded.
Buffalo, buffalo, why did you wade?
Because the herd beat me.
Herd, heard, why did you beat?
Because I was hungry for rice.
Rice, rice, why weren't you boiling?
Because the fire didn't blaze.
Fire, fire, why didn't you blaze?
Because the firewood was damp.
Firewood, firewood, why were you damp?
Because the rain rained.
Rain, rain, why did you fall?
Because the frog called.
Frog, frog why did you call?
Because I was thirsty.
Little blackguard frog in the well under the banyan tree is there not enough to drink?


J.A. Stewart
JBRS (?)


ဒီကဗျာလေးရဲ့ မူရင်းက မွန်ကဗျာလို့ သိရပါတယ်။ J.A.Stewart ဘာသာပြန်ထားတာ မွန်ကဗျာကို ပြန်ထားတာပါ။ မြန်မာနဲ့ ဘယ်နေရာ စကွဲလဲဆိုတော့ ကျွဲလူးတဲ့နေရာမှာ စကွဲတယ်။ မြန်မာက ကျွဲလူးတာ ဖြုတ်ကိုက်လို့ ဆိုပြီး ပြောင်းသွားတယ်။ မွန်မှာကတော့ နွားကျောင်းသားရိုက်လို့လို့ ဆိုတယ်။ နွားကျောင်းသားက ဘာလို့ ရိုက်တုန်းဆိုတော့ ဗိုက်ဆာလို့တဲ့။ ဗိုက်ဘာကြောင့်ဆာရသလဲဆိုတော့ ထမင်းမကျက်သေးလို့တဲ့။ ဘာလို့ ထမင်းမကျက်လဲဆိုတော့ မီးမတောက်လို့တဲ့။ မီးဘာကြောင့်မတောက်သလဲဆိုတော့ ထင်းစိုနေလို့တဲ့။ ထင်းဘာလို့စိုရသလဲဆိုတော့ မိုးရွာလို့တဲ့။ မိုးဘာကြောင့်ရွာရသလဲဆိုတော့ ဖားအော်လို့တဲ့။ ဒီနေရာမှာ ပြန်တူတယ်။ ဒါပေမယ့် ဖားအော်ရတဲ့ အကြောင်းရင်းမှာ ပြန်ကွဲသွားတယ်။ ဗမာက ဖားအော်တာ မြွေကိုက်လို့လို့ ဆိုတယ်။ မွန်ကတော့ ဖားအော်တာရေဆာလို့လို့ ကွဲသွားတယ်။ မွန်ကဗျာလေး ရိုက်တင်ပေးဦးမလို့ပဲ။ ဇော်ဂျီနဲ့လည်း ရိုက်မရ၊ မြန်မာသရီးနဲ့လည်း ရိုက်မရတဲ့ စာလုံးတွေ ပါတာမို့ မတင်တော့ဘူး။ JBRS ဘယ် အမှတ်စဉ်ကလဲဆိုတာ ရှာမရလို့ (?) အမှတ်အသားနဲ့ ပြထားတယ်။ မြန်မာစာလုံးပေါင်းလည်း အဲဒီအထဲကအတိုင်း မပြင်ဘဲ တင်လိုက်တယ်။


Saturday, July 18, 2009

ချစ်စရာကဗျာလေးနှစ်ပုဒ်

ညီမလေးတစ်ယောက်က ဘယ်လို စိတ်ကူးပေါက်တယ် မသိဘူး။အခုကဗျာလေးတွေကို တကူးတက Gt ဘောက်မှာ ရိုက်ပြီး ပို့ပေးတယ်။ကျနော်က မကြိုက်လို့တော့ မဟုတ်ဘူး စာလေးတွေ ဒီလောက်ချစ်စရာကောင်းတာ ဘယ် မကြိုက်ရှိမလဲ။ဒါပေမယ့် ညီမလေး ပင်ပန်းမယ် ကိုယ်လည်း ဒီကဗျာတွေ သိပ်မကြိုက်ဘူးလို့ ပြောလိုက်တော့ ကဗျာ သုံးပုဒ်လေးပုဒ် ပဲ ရတော့တယ်။စာအုပ် အလွယ် တကူရှိရင်တော့ ကိုယ်ဘာသာ စာအုပ်လိုက်တင်ရရင် မဆိုးဘူးပေါ့။အခုတော့ညီမကို အားနာတာနဲ့ ကဗျာ သုံးလေးပုဒ်ပဲ ရတော့တယ်။ဆရာမကြီး နုယဉ်ရဲ့ ထုံဝတ်လွှာ ကဗျာထဲကလို့ ပြောတာပဲ။
ဖတ်ကြည့်ဗျာ . . . .


ဝါအဝင်

ဝါဆိုအမှီ ပွင့်တော့မည်တည့်
သိင်္ဂီပုလဲ၊ ဆုပ်တခဲဖြင့်
မြိုင်ထဲမြို.ခွင် ဆင်လေပြီ။
ပုန်းညက်ဖူးလျှင်၊ ငန်းဦးဝါမှီ
ပိတ်တော့မည်တည့်၊ ရွာဆီသို.မျှော်
သူတို.ပျော်သည်
ချစ်ဖော်ရောင်းရင် ရွာနေများ။
အဖိတ်နေ.တွင်၊ ဆွမ်းမှီပြင်ဖို.
အလျင်ဈေးဝယ်၊ လယ်သူမယ်တို.
လက်ဝယ်ခံတောင်း၊ သားငါးပေငါးစုံ
ဟင်းလျာပုံလျက်
ဆွေကုန်မျိုးစု၊ ချက်ကြသည်။
သီတင်းသီလ၊လှူဒါန ဖြင့်
ပန်းလျစိတ်ကိုယ်၊ဖြေသိမ့်လို၍
ကြည်ညိုစိတ်ထား၊အာရုံပွါးလျက်
ဘုရားတန်းစောင်း၊ ကျောင်းရပ်ရိပ်သာ
စုဝေးလာ၏
လပြည့်နေတွင်၊ဥပုသ်ဝင်ရွေ.
လှူချင်ရာရာ၊လှူတန်းကာဖြင့်
စိတ်ပါကိုယ်အား၊လွတ်စွာထားပြီး
ရွာနားမသီ၊ချမ်းမြေ့ကြည်၏
ဝါဆိုအမှီ၊ပွင့်တော့မည်တည့်
သိင်္ဂီပုလဲ၊ ဆုပ်တခဲဖြင့်
မြိုင်ထဲမြို.ခွင်၊ ပုန်းညက်ဆင်သော်
စိတ်တွင်ရွှင်ပျ၊ လှူဒါနနှင့်
သီလစောင့်ရပေဦးမည်။ ။



မောင်ကြီးပြန်ချိန်

ကစွန်းနွယ်ချဉ်ဖတ်နဲ့
သုံးမျိုးစပ်၊ငါးပိကျို။
ငရုတ်ရှည် ဖလံနှင့်
ဆုံမတန်ညံညံထောင်းတယ်
ပေါင်းငံစပ်ချို။
ငစိန်နီ စလယ်ချက်ပြီကွယ့်
အချိန်မှိ မယ်မပျက်ပါဘူး
တယ်လျက်က စောင့်မျှော်ကြို
နေညိုတဲ့ချိန်များ။
မောင်ကြီးပြန်ချိန်
မင်ခိုးအလိန်လိန်နှင့်
ရေနံစိမ်မီးစာမြှင့်ပါလို.
မျှော်လင့်သည် ကြည်ဘ၀င်နှင့်
“ တု.ိလယ်ပြင်ရွှေစင်စင်ဖုံရင်တော့
ပျော်ဦးမယ်” ထင်တရေးရယ်နှင့်
တွေးပီတိပွား။ ။



နောက်မှ စိတ်ကြိုက်ပြန်ပြင်ရဦးမယ် အခုတော့ဒီလောက်ဆို မဆိုးပါဘူး။

Sunday, July 12, 2009

ချစ်စရာကဗျာလေးနှစ်ပုဒ်

ထုံဝတ်လွှာ


စံပါယ်ကုံးအသွယ်သွယ်။
ဆင်စေချင်သီကာရွေး၊
ပေးဆက်လိုက်မယ်။
ပေးမယ်လို.ရွယ်
စံပါယ်လဲ့ဆွတ်ခူး။
နေအစောင်းမှာဖြင့်
ရွှေဒေါင်းညို တွန်သံဝေလို.
မြိုင်ခြေမျာစံပါယ်ဦးရယ်က
ညကူးလျှင် ငုံအာပွင့်လေပေါ့
သီနှင့်သူအရုဏ်မှန်းချိန်မှာ
ပန်းထုံနံ.မြူး။ ။

ရွာ့နောက်ဖေး


နံနက်လင်းစ၊ ရွာဝတံခါး
ဖွင့်မထားလည်း၊နောက်ပါးအဆွယ်
တံခါးငယ်ကို
တွန်းဖယ်ဖွင့်လိုက်လေသောခါ။
ကွင်းမီးငြိမ်းရွေ.၊ခပ်သိမ်းလယ်ပြင်
ရိုးပြန်စင်ကာ၊ပြာမင်ပြန်.ကျင်
လယ်ကန်သင်းတို.
ထင်းထင်းပေါ်ရွေ.နေလေ၏။
လယ်ဘေးပတ်မျှောင်၊ရိုးရေဖောင်
သော်ရောင်ရိပ်တွင်၊ စီးသန်လျင်ကာ
လှေယဉ်လှော်ပြေး၊ ယက်ငယ်ဖွေး၏။
တာလမ်းဆုံမှာ
မုတ်သုံအမျှော်၊ ပင်ပေါ်ကိုင်းထက်
ရော်ရွက်ကြွေစင်၊ မြရည်ဆင်ကာ
ရွက်ရှင်ဖားဖား၊ ယိမ်းလှုပ်ရှား၏။
အိပ်ရာနိုးစ၊ ဘတို.မြေးဖိုး
ရွာလမ်းချိုးမှ၊ရှေ.တိုးလျှောက်လာ
သင်းနံ့ဖြာသော၊ မင်ပြာတလင်း
လယ်ကန်သင်းတွင်၊ရက်ရင်းမျှော်ကာ
တွေးစိတ်ဖြာသည်
လာမည့်နှစ်တွက် မျှော်လင့်လျက်။


အမှတ်တရအနေနဲ့ ကဗျာလေးတွေအနေနဲ့ တင်လိုက်ပါတယ်။ကဗျာပို့တဲ့ ညီမလေးရဲ့ လာမယ့် မွေးနေ့မှ သည် နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင်
နေသွားနိုင်ပါစေလို့ ခပ်ရိုးရိုးပဲ ဆုတောင်းပေးလိုက်ပါတယ်။

Monday, July 6, 2009

နေပျော်ရာ

ရှေ့ဆက်ဖို့လား ..
အမှောင်တွေက စောင့်နေတယ်
ဘေးဘီကြည့်တော့လဲ ဘာမှ မသဲကွဲဘူး
နောက်လှည့်ကြည့်မိတော့ ပိုဆိုးတယ်
သူ့ကြောင့်လိုလို ကိုယ့်ကြောင့်လိုလို
ဘာကြောင့်ထင်ရစ်ခဲ့မှန်းမသိတော့တဲ့
ပရမ်းပတာ ကို့ယို့ကားယား အရိပ်တွေနဲ့
. . . . . . .. .
ဘယ် "အလင်းရှင် "ကို တ ရမလဲ
ဘယ်သူမှ သတိကောင်းတဲ့လူမရှိတော့ဘူး
အားလုံးက ကျန်ခဲ့တာတွေကို
စိတ်တူကိုယ်တူ မေ့ခဲ့ကြတယ်။

ထွန်းညှိရမယ့် အလင်းကို
ဘယ်သူမှ အရိပ်အယောင်တောင်
မမီိနိုင်ကြတော့တဲ့ အခါ
လမ်းဟာ . . . ပြန့်ကျဲနေတဲ့ အမိုက်ပြင်ဖြစ်
အမိုက်ပြင်ဟာ ခတ်ကွင်းကျယ်ကြီးဖြစ်
ကိုယ့်အတ္တက လွဲရင် အားလုံးက ပစ်မှတ်တွေဖြစ်
. . . . . . . . . ..
တစ်ခါတလေကိုယ့်ကိုယ်တိုင်တောင် သားကောင်ဖြစ်လို့ဖြစ်နဲ့
ဘယ်လိုနည်းနဲ့ရရှိခဲ့တယ် စဉ်းစားမနေဘဲ
ကိုယ်ဖော်တဲ့အမဲတွေကို တစ်ပွေ့တစ်ထမ်းကြီးပွေ့ပိုက်လို့
ငါတို့ နေပျော်နေကြတယ်။

ထွန်းညှိခဲ့ လင်းလက်ခဲ့ တောက်ပခဲ့ကြတဲ့
အလင်းဘက်တော်သားတွေကို
ငါတို့ကိုယ်တိုင်မြင်နေပါလျက်နဲ့
.. . . . . . . . .
ကိုယ့်ကိုယ်တိုင် ကူးခတ် ယက် လျောက်သွားဖို့
မစွမ်းသာတဲ့ အဖြစ်ထဲမှာပဲ
နေပျော်စရာလို့ သတ်မှတ်ကြနေတယ်။
2/6/2009


7:48 PM 7/6/2009

Thursday, May 21, 2009

အလုပ်သမားတဦး သမိုင်းဘာသာရပ် လေ့လာခြင်း

သီးဘီးမြို့တော်ကြီး၏ တံခါးမကြီးခုနစ်ပေါက်
ဘယ်သူ ဆောက်ပါသလဲ
သမိုင်းစာအုပ်ကြီးထဲမှာ ဘုရင်တွေရဲ့ နာမည်တွေ
ရှုပ်ရှက်ခတ်နေတာပဲဗျာ
ကြမ်းတမ်းတဲ့ ကျောက်တုံးကြီးတွေကို
ဘုရင်တွေကိုယ်တိုင် သယ်ယူလာကြသလား
ပြီးတော့ ခဏခဏ စစ်တိုက်ဖျက်ဆီးခံရတဲ့
ဘေဘီလုံမြို့ကြီးလေ
မြို့ကြီးကို ပြန်ဆောက်တဲ့အခါတိုင်း
ဘယ်သူတွေက မြို့ပြန်ဆောက်ရသလဲ။
ရွှေရောင်ဝင်းတဲ့ မားမြို့တော်ကြီးက
အိမ်တွေထဲမှာကော ကိုယ်တိုင်ကိုယ်ကျ
အိမ်ဆောက်တဲ့လူတွေ နေရတယ်လို့မတွေ့ရပါလား။
တရုတ်ပြည်ကိုဝိုင်းထားတဲ့ ဧရာမနံရံကြီး
ပြီးစ ညနေမှာ
ပန်းရံဆရာတွေ ဘယ်နေရာသွားအိပ်ရပါသလဲ
ရောမမြို့ကြီးရဲ့ အောင်တံခါးခုံးကြီးတွေ
ဆောက်တာကော ဘယ်သူတွေလဲ
တေးဖွဲ့ချီးကျူးလို့ မဆုံးနိုင်တဲ့
ဘိုင်ဇမ်တီယမ်မြို့တော်ကြီးမှာလဲ
အိမ်တိုင်းဟာ နန်းတော်တွေပဲ
ဘယ်သူတွေ ဆောက်တာလဲ
ဘယ်သူတွေ နေတာလဲ
ဒဏ္ဍာရီပါ အတ္တလန်တစ်မြို့တော်ကြီး
ရေလွှမ်းမိုး ညတုန်းက
ရေနစ်သူတွေက ဟေ့ ငါ့ကျေးကျွန်တွေ
ငါ့ဆီလာခဲ့စမ်းလို့ ခေါ်ပြီး
အကူအညီတောင်းသေးတယ်လို့
လေ့လာသိရှိရပါတယ်။

ပျိုရွယ်တဲ့ စစ်မှူး အိန္ဒိယပြည်ကို သိမ်းပိုက်ခဲ့တယ်
တယောက်တည်းနဲ့လား
ဆီဇာက ဂေါလလူမျိုးတွေကို စစ်နိုင်ခဲ့တယ်
သူ့တပ်မတော်ကြီးထဲမှာ
ထမင်းချက် တယောက်မှ မပါဘူးလားဗျာ
စပိန်ရေတပ်ကြီး ဖျက်ဆီးခံ
ရေနစ်သေဆုံး ပျက်စီးတော့
ဖိလစ်ဘုရင်ကြီး
ချုံးပွဲချလို့ ငိုတယ်တဲ့
တခြားလူတွေကတော့ကော မငိုကြလို့
သမိုင်းထဲမပါတာလား
ခုနစ်နှစ်ကြာ စစ်ပွဲကြီးကို ဖရက်ဒရစ်ဘုရင်ကြီး
အောင်နိုင်တဲ့အခါ
အတူတူ ဘယ်သူတွေ အောင်ပွဲခံကြပါသလဲ။

စာမျက်နှာတိုင်း အောင်ပွဲသတင်းတွေ
အောင်ပွဲခံဖို့ အခမ်းအနားအတွက်
ဘယ်ကပိုက်ဆံ ရသလဲ
ဆယ်နှစ်ကို ခေါင်းဆောင်တစ်ယောက် တက်လာတယ်
တက်နိုင်အောင် ဘယ်သူတွေက
ကူညီမစ ၀ိုင်းဝန်းကြသလဲ။
အသေးစိတ် အချက်အလက်တွေက အဲဒါတွေပါပဲဗျာ
ကျုပ်တော့ အဲဒါတွေ သိချင်လှပါသေးတယ်။ ။

ဗားတော့ဗရက်
တင်မောင်အေး ပြန်ဆိုသည်။
Related Posts with Thumbnails