“ထိုင်မိထိုင်ရာ၊နာရီကြာလည်း
ကြာသည်ကိုမေ့၊မချမ်းမြေ့ဘူး” တဲ့
အချစ်နဲ့ထုဆစ်ထားတဲ့ တစ္ဆေ
ည အမှောင်တွေက သွေးထိုး
တစ်ရေးနိုးလည်း ကြေကွဲ
အသိ အတွေးထဲမှာ ရုပ်ပုံလွှာ
အချစ်တဲ့လားကွယ်
ခက်ထန် လျှို့ဝှက်လှချည်လား
တမ်းတစိတ်နဲ့ မျှော်လင့်ချက်ဟာ
နေ့ နဲ့ ညလို
အိုရင့်သွားတဲ့ သံသရာ
ကြာဆိုမှ ကြာခဲ့ပါပြီ စန္ဒာရည်။ ။
“မျက်နှာချင်း လမင်းမှာဆုံ”
ရင်ခုန် စိမ့်လှိုက်
ပင့်သက် ရှိုက်ချက်
သီချင်းတစ်စနဲ့
အနုနယ်ဆုံး ရင်ခုန်သံက
ဘယ် ဘ၀အထိ ဆွေးရဦးမလဲ
အခါခါ ကြေကွဲဖူးပြီပဲ စန္ဒာရည်။ ။
“အချစ်မှာ မျက်စိ မရှိ” တဲ့
မျက်စိမှာမှ အချစ်မရှိတာ
စာနာလိုက်ပါ စန္ဒာရည်။ ။
ဘ၀သစ်ရဲ့ ဂြိုဟ်ပြာမှာ
သစ္စာဟာ ခြေလှမ်း
အချစ်ဟာ အတောင်ပံတွေပေါ့ကွယ်။
ကြေညာလိုက်စမ်းပါ
သံသယမပါဘူးဆိုတဲ့ အကြောင်း။ ။
ဘ၀သံသရာသီချင်း
မင်း ညည်းစမ်းပါဦး စန္ဒာရည်
လူမှန်ရင်
လောကဓမ် အိုးထိမ်းစက်
ဒုက္ခတွေနဲ့ မှေးစက်ကြ
အဆင်းရဲဆုံး ဖြတ်သန်း
ဘ၀သစ် စခန်းလေးကိုတော့
မဖြစ်မနေ သွားခွင့်ရသင့်ပါတယ်။
ဝေးဝေးကပဲ ချစ်မယ်ဆိုတဲ့
မတင်မကျ အလွမ်းတွေနဲ့
ဘာလုပ်မှာလဲကွယ်
အချစ်ဆိုတဲ့ အရာက
ပရုပ်လုံးလေးတွေနဲ့ အတူ
ဗီရိုထဲ သိမ်းထားလို့ ရကောင်းတာမှ မဟုတ်တာ။
တစ်ခါတစ်ရံ
ကုသိုလ်ကံရဲ့ ခုံရုံး
ပြုံးပြုံးလေး ရင်ဆိုင်ရဲရမပေါ့
မြင်းကောင်း ခွါလိပ်ကြရမယ်
ပန်းကောင်း အညွှန့် ကျိုးချင်ကျိုးမယ်
တောင့်ထားကွယ် စန္ဒာရည်။ ။
(ကြာမြှင့်လှသောမှတ်စု အဟောင်းလေးတစ်ခုမှ)