Sunday, May 31, 2009

မြန်မာနိုင်ငံနှင့် G-Talk ပြဿနာ

May.30, 2009 in နည်းပညာရပ်ဝန်း 1 Comment

ကျွန်တော်ရေးမယ်..ရေးမယ်နဲ့ မရေးဖြစ်ဘူးလေ…အခုမှ မဖြစ် ဖြစ်အောင်ရေးမယ်လို့ ဆုံးဖြတ်ပြီး ထရေးလိုက်တာပါ…မြန်မာနိုင်ငံမှာ G-mail, G-talk ကို စသုံးလို့ရတာ ၂၀၀၄ ကထင်တယ်..သေချာတော့ မသိတော့ဘူး..အဲဒီနောက်ပိုင်း G-talk က မြန်မာနိုင်ငံမှာ တဖြည်းဖြည်းနဲ့ အသုံးဝင်လာခဲ့တယ်….နေရာယူလာခဲ့တယ်..အဲ..အဒီက ပြောချင်တာက မြန်မာနိုင်ငံမှာ gtalk ကို chatting လုပ်ဖို့လောက်ပဲ သုံးကြတယ်ဆိုတာပဲ…နောက်ထက်ပြဿနာ က Gtalk ပေါ်ပြီးနောက်ပိုင်း MIRC chatroom ဆိုတာ ရှိတယ်ဆိုလောက်သာ အသုံးဝင်တော့တယ်…ဒီထက်ဆိုးတာက အင်တာနက် အသုံးပြုတဲ့ လူ အယောက်၁၀၀ မှာ ၉၉ ယောက်လောက်က chatting မှာပဲ အချိန်ကုန်ကြတာပဲ…ဒါကို အယင်က ဂျာနယ် တွေမှာလည်း ရေးကြတာပါပဲ…ကျွန်တော်က ကိုယ်တိုင်ကြုံရမှ အော် ဟုတ်ပါလားလို့ သြော်ချရတယ်လေ…မြန်မာနိုင်ငံမှာ လူငယ်ဆိုတာ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ်တွေပါ…သူတို့တွေ အလာကား chatting လုပ်ယုံနဲ့ အချိန်တွေ မကုန်စေချင်ဘူးလေ…နည်းပညာ ကို စိတ်ဝင်စားယင် နည်းပညာကို လေ့လာလို့ရတယ်…ပညာရေးကို စိတ်ဝင်စားယင် ပညာရေးကို လေ့လာလို့ရတယ်…ဒီလောက် တိုးတက်နေတဲ့ ခေတ်မှာ မြန်မာနိုင်ငံ နောက်ကျခဲ့တာ ဘာကြောင့်လည်းတွေလို့ ရပါတယ်…နောက် တက်တဲ့ လူတွေကလည်း ပညာကို ဖြန့်ဖြူးဖို့ မလုပ်ချင်ကြဘူး…ပိုက်ဆံပေးပြိးတော့ ၀ယ်နေရတယ်…နည်းပညာကို တကယ်စိတ်ဝင်စားပြီး ပိုက်ဆံမရှိယင် နည်းပညာခေတ်မှာ ဘာမှဆက်လုပ်လို့ မရတော့ဘူး…ကျွန်တော်လည်း လူငယ်တစ်ယောက်ပါ…chatting မလုပ်ဘူးလားမေးယင် လုပ်ပါတယ်…အမြဲတမ်းမဟုတ်ပါဘူး…ကျွန်တော် အင်တာနက်ဆိုင်ကို ရောက်ယင် ဘာလုပ်လဲ..Gmail ဖွင့်တယ်…မေးလ် အသစ်ရောက် မရောက် စစ်တယ်…ပြီးယင် ဖိုရမ်တက်တယ်…လိုတာမှန်သမျှ အကုန်ရနေတဲ့ ခေတ်မှာ ဘာလို ရအောင်မယူနိုင်ကြလဲဆိုတာ စဉ်းစားစရာပဲလေ…ဒီလူငယ်တွေ နည်းပညာကို စိတ်မ၀င်စားလို့ မဟုတ်ပဲ..စိတ်ဝင်စားလျှက်နဲ့ စိတ်အလိုလိုက်ပြီး chatting ၀င်ယင်း အချိန်တွေကို ဖြုန်းတီး ပစ်ကြတယ်…ကျွန်တော် က အခု အင်တာနက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာလေ..ဒီတော့မှ လူတွေ အင်တာနက် ကို ဘာအတွက်သုံးကြတယ်ဆိုတာ ပိုသိလာရတယ်…ကျွန်တော်ပြောသလို ၁၀၀ မှာ ၉၉ ယောက်လောက်က chatting လုပ်ယုံကလွဲလို့ ဘာမှ မလုပ်ကြဘူး…ဒီထက်ဆိုးတာက chatting တာ လုပ်နေကြတာ Gmail ထဲမှာ ပါတဲ့ Feature တွေကို တောင် မသိတဲ့လူတွေက အများကြီး ရှိသေးတယ်..password မပြောင်းတက်တာတို့..အချို့ဆို ထပြန်သွားယင် Gtalk ကိုတောင် မထွက်သွားကြဘူး…ဒီအတိုင်းထပြန်သွားကြတယ်…သူတို့တွေအတွက် အင်တာနက်ဟာ အွန်လိုင်း ချက်တင် လုပ်ဖို့ပဲလို့ ထင်နေကြတာလေ…ဒီအတိုင်းတာဆိုယင်တော့ မြန်မာနိုင်ငံဟာ နည်းပညာ ခေတ်မှာ ဘယ်သူကိုမှ မယှဉ်နိုင်ပဲ နောက်ကြကျန်ခဲ့မှာကို စိုးရိမ်ရတယ်…လူငယ်တွေကို နည်းပညာကို စိတ်ဝင်စားလာအောင် စွဲဆောင်နိုင်တဲ့ အချက်တွေပေါ်လာပြီး မြန်မာလူငယ်အချို့ chatting လုပ်တဲ့ ၀ဋ်က လွတ်လို့ နည်းပညာကို လေ့လာလိုက်စားကြပါစေလို့ ပဲ ဆုတောင်းနေရမယ်ထင်တယ်…နော်

Saturday, May 30, 2009

ဖတ်စရာ -၂ #howtomakemyanmarblog.pdf

ဒီစာအုပ်က ညီလင်းဆက် ဆိုတဲ့ ဘလော်ဂါ ဝါရင့်တစ်ဦးရေးထားတဲ့ ဘလော့ပိုင်းနည်းပညာစာအုပ်ပါပဲ။အင်တာနက်ပေါ်မှာ နေရာတိုင်းရှိနေတတ်တဲ့စာအုပ်တစ်အုပ်ပေါ့။pdfဖိုင်နဲ့စာအုပ်လေး ရချင်ရင် အဲဒါလေး
ကို ကလစ်ပါဗျာ။

Friday, May 29, 2009

ဖတ်သင့်ရာ(၁) #MakingBlog

(ခေါင်းစဉ်လေးကို ကလစ်ပြီးဖတ်ပါနော်။)

ဘလော့ဂ် လုပ်မယ်ဆိုတော့ မွှေ ရှာ ဖတ်တွေ့တာလေးတွေကို စုထားတာပေါ့။နောက်တွေ့သမျှလည်း တင်ရဦးမယ်။ဆရာ့ ဆရာကြီးတွေကို တကူးတက အကြောင်းတော့ မကြားဖြစ်တော့ ပါဘူး။သူတို့လည်း နားလည်မှာပါ။

Thursday, May 21, 2009

အလုပ်သမားတဦး သမိုင်းဘာသာရပ် လေ့လာခြင်း

သီးဘီးမြို့တော်ကြီး၏ တံခါးမကြီးခုနစ်ပေါက်
ဘယ်သူ ဆောက်ပါသလဲ
သမိုင်းစာအုပ်ကြီးထဲမှာ ဘုရင်တွေရဲ့ နာမည်တွေ
ရှုပ်ရှက်ခတ်နေတာပဲဗျာ
ကြမ်းတမ်းတဲ့ ကျောက်တုံးကြီးတွေကို
ဘုရင်တွေကိုယ်တိုင် သယ်ယူလာကြသလား
ပြီးတော့ ခဏခဏ စစ်တိုက်ဖျက်ဆီးခံရတဲ့
ဘေဘီလုံမြို့ကြီးလေ
မြို့ကြီးကို ပြန်ဆောက်တဲ့အခါတိုင်း
ဘယ်သူတွေက မြို့ပြန်ဆောက်ရသလဲ။
ရွှေရောင်ဝင်းတဲ့ မားမြို့တော်ကြီးက
အိမ်တွေထဲမှာကော ကိုယ်တိုင်ကိုယ်ကျ
အိမ်ဆောက်တဲ့လူတွေ နေရတယ်လို့မတွေ့ရပါလား။
တရုတ်ပြည်ကိုဝိုင်းထားတဲ့ ဧရာမနံရံကြီး
ပြီးစ ညနေမှာ
ပန်းရံဆရာတွေ ဘယ်နေရာသွားအိပ်ရပါသလဲ
ရောမမြို့ကြီးရဲ့ အောင်တံခါးခုံးကြီးတွေ
ဆောက်တာကော ဘယ်သူတွေလဲ
တေးဖွဲ့ချီးကျူးလို့ မဆုံးနိုင်တဲ့
ဘိုင်ဇမ်တီယမ်မြို့တော်ကြီးမှာလဲ
အိမ်တိုင်းဟာ နန်းတော်တွေပဲ
ဘယ်သူတွေ ဆောက်တာလဲ
ဘယ်သူတွေ နေတာလဲ
ဒဏ္ဍာရီပါ အတ္တလန်တစ်မြို့တော်ကြီး
ရေလွှမ်းမိုး ညတုန်းက
ရေနစ်သူတွေက ဟေ့ ငါ့ကျေးကျွန်တွေ
ငါ့ဆီလာခဲ့စမ်းလို့ ခေါ်ပြီး
အကူအညီတောင်းသေးတယ်လို့
လေ့လာသိရှိရပါတယ်။

ပျိုရွယ်တဲ့ စစ်မှူး အိန္ဒိယပြည်ကို သိမ်းပိုက်ခဲ့တယ်
တယောက်တည်းနဲ့လား
ဆီဇာက ဂေါလလူမျိုးတွေကို စစ်နိုင်ခဲ့တယ်
သူ့တပ်မတော်ကြီးထဲမှာ
ထမင်းချက် တယောက်မှ မပါဘူးလားဗျာ
စပိန်ရေတပ်ကြီး ဖျက်ဆီးခံ
ရေနစ်သေဆုံး ပျက်စီးတော့
ဖိလစ်ဘုရင်ကြီး
ချုံးပွဲချလို့ ငိုတယ်တဲ့
တခြားလူတွေကတော့ကော မငိုကြလို့
သမိုင်းထဲမပါတာလား
ခုနစ်နှစ်ကြာ စစ်ပွဲကြီးကို ဖရက်ဒရစ်ဘုရင်ကြီး
အောင်နိုင်တဲ့အခါ
အတူတူ ဘယ်သူတွေ အောင်ပွဲခံကြပါသလဲ။

စာမျက်နှာတိုင်း အောင်ပွဲသတင်းတွေ
အောင်ပွဲခံဖို့ အခမ်းအနားအတွက်
ဘယ်ကပိုက်ဆံ ရသလဲ
ဆယ်နှစ်ကို ခေါင်းဆောင်တစ်ယောက် တက်လာတယ်
တက်နိုင်အောင် ဘယ်သူတွေက
ကူညီမစ ၀ိုင်းဝန်းကြသလဲ။
အသေးစိတ် အချက်အလက်တွေက အဲဒါတွေပါပဲဗျာ
ကျုပ်တော့ အဲဒါတွေ သိချင်လှပါသေးတယ်။ ။

ဗားတော့ဗရက်
တင်မောင်အေး ပြန်ဆိုသည်။

ဆူပူလှုံ့ဆော်ရေးသမားရဲ့ ဈာပန

ကြည့်စမ်း၊ ဟောသည် 'ခေါင်း'ထဲမှာ
လူသေတလောင်း ရှိတယ်
ဆူပူလှုံ့ဆော်ရေးသမားပေမို့
အလကားကောင် တကောင်လို့ပဲ
ဆိုကြပါစို့။


သူ့ကြောင့် ဆိုးဆိုးဝါးဝါးအဖြစ်တွေ
ပင်လယ်ဝေခဲ့တယ်၊ သူ့ကို မြေကြီးထဲမြုပ်မယ်
သူ့သင်္ချိုင်းကိုသွားတဲ့ ဈာပနမှာ ပို့တဲ့သူကတော့
စုစုပေါင်းမှ သူ့မိန်းမတည်းဟူသော
၎င်းတယောက် ပေါင်းတယောက်၊
သူ့ကိုလိုက်ပို့တဲ့လူဟာ ဆူပူရေးဂိုဏ်းဝင်
စာရင်းတင်ခံရမှာမို့ ဘယ်သူမှ လိုက်မပို့ဝံ့။


ဟောသည် 'ခေါင်း' ထဲကလူဟာ
လိုချင်တာတွေ အများကြီးအတွက်
ဆူပူလှုံ့ဆော်ခဲ့တယ်
လူတိုင်း အစား၀၀ စားရေး
လူတိုင်း နေစရာအိမ် ရရေး
လူတိုင်း သားသမီးတွေကို
ကျကျနန မွေးကျွေးရေး
လူတိုင်း လုပ်အားခ အပြည့်ရရေး
ပြီးတော့ မင်းလို ငါလို လူဆင်းရဲချင်း
အုပ်သင်းမကွဲ စည်းရုံးရေးနဲ့
ဝေဖန်တွေးခေါ်ရေး လိုချင်တယ်တဲ့။


ဟောသည် 'ခေါင်း' ထဲကလူဟာ
ကုန်စည်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု
အသွင်သစ်တရပ်ကို တောင်းဆိုတယ်
မင်းလို ငါလို လူအများက
ခေါင်းဆောင်စီမံ ရမယ်တဲ့
ဒီလိုမလုပ်ရင် ဒို့နောက်ဆို ခွေးလောက်မှ
ကောင်းမှာ မဟုတ်တော့ပဲကိုး။


'ခေါင်း' ထဲကလူဟာ
အဲဒါ အဲဒါတွေ ပြောလို့
ခုလိုပဲ 'ခေါင်း' ထဲမှာ သတ်အထည့် ခံရတယ်
လူတွေလပ်ရှားဆူပူအောင် လှုံ့ဆော်ခဲ့တာကြောင့်
မြေမြုပ်ခံရတော့မယ်။


လူတိုင်း အစား ၀၀စားရေး
အော်သူ ဘယ်သူမဆို
လူတိုင်း အိမ်နဲ့ နေရအောင်
အော်သူ ဘယ်သူမဆို
လူတိုင်း လုပ်အားခ အပြည့်ရရေး
အော်သူ ဘယ်သူမဆို
လူတိုင်း သားသမီး ကျကျနန မွေးကျွေးရေး
အော်သူ ဘယ်သူမဆို
ဒီလိုပဲ ခံရမှာပဲ။


ဝေဖန်တွေးခေါ်သူတိုင်း
အဖိနှိပ်ခံ အနှိမ်ခံတွေနဲ့ လက်တွဲသူဆိုရင်
အခုရော နောင်အနာဂတ်ပါ
ဟောသည်လူလို အသတ်ခံရမယ်
'ခေါင်း' ထဲ အထည့်ခံ ရမယ်
ဆူပူလှုံ့ဆော်ရေးသမား အဖြစ်
မြေမြုပ်သဂြိုလ်ခံရမယ် ဆိုပါလားဟေ့။ ။


ဗားတော့ဗရက်
(တင်မောင်အေး မြန်မာပြန်သည်)

နေရောင်ခြည်နှင့် တွေ့ဆုံခြင်း

လေထုကိုဖြတ်သန်းစဉ်မှာ
ငါဆိုတာရှိခဲ့ပြီ
ငါရှိကြောင်း သေချာခဲ့ပြီ။
တစ်စုံတစ်ယောက်က
"နေမင်းပိုင်စိုး" လို့ခေါ်လိုက်စဉ်မှာ
ငါမရှိကြောင်း သေချာခဲ့ပါပြီ။


အလင်းအားတစ်ခု ဖြတ်သန်းမည့်ဆဲဆဲ
"ကြေကွဲရတော့မယ်" တဲ့
ညရဲ့ဝိညာဉ်တွေက။


ရေကျချိန်တွင်
မျောပါသွားသည့် အမှိုက်တစ်စပမာ
နာကျင်စွာ
ပျော်ရွှင်နာကျင်စွာ
ရာဇ၀င်ကားချပ်ပေါ်မှာ မဆုတ်မနစ်
သွေးသစ်များဖြင့် လန်းဆန်းလတ်ဆတ်
အဆက်မပြတ် အချစ်စိတ်ယိုစီးမှုများနဲ့
မွေးဖွားခဲ့တဲ့ငါပါ။
ပန်းရိုင်းတွေက မြေကြီးပေါ်မှာဖူးပွင့်လို့
ငှက်ကလေးတွေ လေထဲမှာပျံသန်းလို့
အဝေးကြီး
ဟိုး . . . . . . အဝေးကြီးကရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘ၀တစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဘူးကွယ်။
အားလုံးဟာ
မီးတောက်ထဲမှာ သန္ဓေ္ဓတည်ခဲ့တဲ့
ရောဂါပိုးတွေပဲ
အသွေးအသားတွေနဲ့
ငါ့ရဲ့
ငါ့ရဲ့အသွေးအသားတွေနဲ့
အတုမဲ့ ယှဉ်ပြိုင်ဝံ့သူမရှိတဲ့
သူရဲကောင်းဖြစ်လာမယ့်နေ့ထိ
အသွေးအသားတွေနဲ့
ငါ့ရဲ့အသွေးအသားတွေနဲ့။


အိုကွယ် . . . မိန်းကလေးရဲ့
နာကျင်မှုနဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။


သတိတရတမ်းတစိတ်တွေနဲ့
ရွှေချထားတဲ့စကားလုံးများမပါဘဲ
မိန်းကလေးရေ
ရိုးရိုးပဲ ငါလွမ်းလိုက်တော့မယ်။


ငါဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ
ဘုရားသခင်တောင် ငြင်းနိုင်မှာမဟုတ်ဘူးကွယ်။


ဘာသာဗေဒမဲ့
မွေဖွားလာခဲ့ရတဲ့ တို့အချစ်များ
နှလုံးသားအကြောင်း ပြောဆိုခွင့်မရှိ။
နွမ်းလျ၊ ပင်ပန်း၊ ရီဝေစွာ
ကြည်နူး၊ ချိုမြ၊ ရင်ခုန်စွာ . . .။


တစ်ခါတလေတော့လည်း
အသည်းနှလုံးမရှိသူတွေလို ရယ်မောကြ
အနာဂတ်မရှိသူတွေလို
ကလေးဆန်ကြရင်း
အသံလှိုင်းလေးများ
တဖြည်ဖြည်း နိမ့်ဝင်ပျောက်ဆုံးသွားတဲ့အခါ
ခွဲခွါဖို့ တို့သိကြပြီ။
ဟိုယခင်
မင်းနဲ့ငါ ဟိုယခင်တွေ့စ
ဒီဇင်ဘာရဲ့ ညနေတစ်ခုမှာ
ငါ ကဗျာဆရာလေ
နင်၊ သင်ခန်းစာထဲအိပ်ငိုက်သူ
ဘွဲ့အထပ်ထပ်ယူဖို့ ကြိုးစားသူ
မုန့်တီစား၊ ရုပ်ရှင်သွား၊ ပုတီးစိတ်
ဘုရားဝတ်ပြု၊ စာဖတ်
လက်ထပ်စာချုပ်ကို တစ်နှစ်တစ်ကြိမ် အတည်ပြုရသူ။

အံကြိတ်ပြီးခေါင်းငုံ့ရတဲ့အခါ
အားတင်းပြီး ကျောခိုင်းကြတဲ့အခါ
မာနဆိုတာ
ကြေကွဲခြင်းပဲ ဖြစ်လိမ့်မယ်။

ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ
ဒုတိယလူဆိုတာ
တတိယလူနဲ့ အတူတူပါပဲကွယ်။

ငါ
မိုက်မဲစွာရင်ခုန်တတ်သူ
အပွန်းအပဲ့များစွာ ဒဏ်ရာအပြည့်နဲ့လူ။
မင်းလည်း
ငါ့လိုပဲ ရင်ခုန်တတ်သူ
သို့ပေမယ့်
အသည်းနှလုံး စကားမပြောတတ်သူ။

အိုကွယ် . . . ထားခဲ့တော့
ထားခဲ့တော့ကွယ်
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့။

ခွဲခွာရမယ့်
အနာဂတ်ရဲ့ ညနေတစ်ခုမှာ
လှပစွာ မင်းပြုံးနိုင်ဖို့အတွက်
မျက်ရည်တွေနဲ့ ငါပျော်မွေ့ဆဲပါ။

တမ်းတ၊ ကြေကွဲမှုတွေနဲ့
မျှော်လင့်ခြင်းရဲ့ ကမ်းပါးစွန်းမှာ . . .
ထားခဲ့တော့ကွယ်
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့။

စွဲလမ်းမှုရဲ့
အသည်းနှလုံးနဲ့ဝေးရာ၊
အစဉ်အလာများရဲ့
ချုပ်တီးမှုမဲ့လွတ်ကင်းရာ၊
ကြယ်များမရှိတဲ့
ညများရဲ့ ကျုံးရေပြင်ထက်မှာ၊
ငါ
ငိုပါသည်
ငါ ငို ပါ သည်
ငါ့မျက်ရည်တို့သည်
သမုဒ္ဒရာလေးစင်းထက်ပင် များကုန်၏။

အိုကွယ် . . . မိန်းကလေးရဲ့
ကြေကွဲမှုနဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။

ညို့ညို့မှိုင်းမှိုင်း မန်ကျည်းပင်အိုတွေနဲ့
ဘုန်းကြီးဦးဝိသုဒ္ဒ္ဓရဲ့ ရွာဦးကျောင်းထိပ်ဖျား
တောကျီးကန်းများ အော်မြည်နေကြစဉ် . . .
အမေက ငါ့လက်ကိုဆွဲလို့
လယ်ကွင်းထဲမှာ နွားမတွေမြက်စားလို့
ရွာအနီးမှဖြတ်သန်း
မြစ်တစ်ခုရဲ့ ကမ်းပါးပေါ်မှာ
ဟောဟိုခပ်ဝေးဝေး တောညိုတန်းထိ
ငွေဗျိုင်းဖြူတွေ ပျံသန်းနေကြရဲ့။
ကမ္ဘာမြေကြီးရဲ့
လတ္တီကျုမျဉ်းကြောင်းတစ်ခုပေါ်မှာ။

နေ၀င်ချိန်တိမ်တောက်
ပျိုကြောက်တဲ့သည်အချိန်
ဆီမီးကွယ် မှန်အိမ်နဲ့
ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်
ငယ်ရွယ်စဉ်ကလေးဘဝ
ထန်းတဲကအပြန်
အစ်မရဲ့ သီချင်းသံဟာ
လေထဲမှာ ကျန်ရစ်ခဲ့ပေါ့။

ပစ္စုပ္ပန်မှာတော့ . . .
ခံစားချက်တွေ
သုတေသနစာတမ်းတွေ
ရှေ့နေတွေနဲ့၊ ဓမ္ပ္မကထိကတွေ
တ၀ုန်းဝုန်းပြေးဆောင့်လာတဲ့
ဖုန်မှုန့်တွေကြားဝယ်၊
တဖြည်းဖြည်း ဆွေးမြည့်လာသော
ပြက်လုံးတွေနဲ့ရယ်
မရယ်ချင်တဲ့အပြင်
ငါ ရယ်တောင် ရယ်လိုက်ချင်မိရဲ့
ဇာတ်ခုံပေါ်မှာ ငိုချင်းချဆဲ
ဒီလိုနှင့်ပင် "အလွမ်းကိုမခံစားတတ်တဲ့
ရောဂါသည်တစ်ဦး" အဖြစ်နဲ့ နာကျင်စွာ
ပေါက်ကွဲလုလုသံစဉ်များနဲ့
ဖွဲ့ဆိုထားတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
ကျွန်တော် လမ်းလျှောက်နေဆဲပါ။
မိုးကောင်းကင်ရဲ့ ကျယ်ပြန့်မှုအောက်
ကဗျာဆရာတစ်ယောက်ဖြစ်ခွင့်
လွတ်လပ်စွာရှိပါရဲ့လား။

အိုကွယ် . . . ညနေခင်းကလေးရဲ့
ကြေကွဲမှုနဲ့လှပချိန်
အိမ်ပြန်ဖို့သတိမေ့နေတဲ့
ဂျစ်ပစီမလေးရေ
မင်းဝတ်ဆင်ထားတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းဟာ
ငါဖြစ်ခဲ့ပြီကွယ်။

လာကြလေ
မီးပုံးထဲဖြတ်နင်း
တေးသီချင်းအော်ဆိုကြ၊
ဟောဟိုမှာ
ကျူးကျော်စစ်ကို ကျိန်ဆဲရင်းနဲ့
ကလေးရဲ့အမေ
ဓမ္ပ္မသီချင်းကို ရွတ်ဆိုနေရဲ့။

လူသားတစ်ယောက်ဖြစ်ကြောင်းအတွက်
သက်သေပြခဲ့
အသည်းနှလုံးနဲ့ ဖွဲ့ဆိုခဲ့
ရိုးသားမှုနဲ့ ဘ၀ကိုဖက်တွယ်ခဲ့
ခမ်းနားတဲ့ အိပ်မက်တွေနဲ့။

အပူချိန်ဒီဂရီ တစ်ရာ့ရှစ်
စိတ်ညစ်ပြီး သတ်မသေကြပါနဲ့
မိတ်ဆွေတို့ရေ
အယ်လ်ကိုဟောနဲ့ တွေ့ထိတဲ့အခါ
အီကွေတာကဗျာတွေလို
သွေးကြောကို ဆူပွက်စေလိမ့်မယ်။
ဘာကိုမှမယုံဘဲနဲ့
ပုံခဲ့တဲ့သူတွေအတွက်တော့
အမှန်အမှားဟာ
ကံတရားသာဖြစ်ပစေတော့။
ဂုဏ်သိက္ခာမဲ့
အသက်ရှင်ရတဲ့နေ့များ
ဘုရားသခင်နဲ့ မငြင်းခုံလိုတော့ပါ၊
ရယ်မောခြင်းတစ်ခု
စာအုပ်ပုံကြားမှာ
ကျိုးကြောင်းဆက်သွယ်မှု ယုတ္တိဗေဒတွေနဲ့
ငါ့အတ္တကို ခွဲစိတ်နေကြရာ . . .

အမှောင်ထု၏ဟိုမှာဘက်တွင်
နေထွက်ကြောင်း သင်တို့သိပါသည်။

တစ်ခုတည်းသော အမှန်တရားအတွက်
သက်သေပြချက်မရှိ
လူ၏ အဇ္ဈတ္တ၌ရှိသောအရာ
ဘာနဲ့မှချေဖျက်မရ
ဘ၀၊ အို . . . နောက်ဆုံးစက္ကန့်ပေါ်မှာ
ခေါင်းမာစွာ ငြင်းဆိုနေဆဲပင်။

"နောက်ဆုံး" ဟုအမည်ပေးထားတဲ့
ဟောဟိုသစ်ပင်ရဲ့အရိပ်မှာ
ကဗျာဆရာတွေ ငြင်းခုံးနေကြစဉ်၊
"ဖြတ်သန်းခြင်း" လို့ခေါ်ဆိုကြတဲ့
ဟောဒီမြစ်ရဲ့ အနက်ဆုံးအပိုင်းမှာ
ငါ့မျက်နှာကို ဆေးကြောပစ်ခဲ့ပြီ။

နူးညံ့
မွှေးပျံ့ပျံ့ နှင်းဆီဝတ်ဆံတို့နဲ့
သမုဒ္ဒရာတို့ရဲ့ ဟိုဘက်ကမ်းမှ
ဖြတ်သန်းလာသော လေပြည်နုတို့
တွေ့ဆုံတဲ့ခါ
ကြင်နာစွာ ပွေ့ဖက်သောအနမ်းမှ
အလွမ်းညများရဲ့ ဒဏ္ဍာရီတစ်ခု
ကြေကွဲမှုနဲ့ ငါဖွဲ့ဆိုမိပေါ့
မင်းတို့ခံစားနိုင်ဖို့တော့
မလွယ်ဘူးလေ။

ဟုတ်ကဲ့
ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာ
မာရ်နတ်နဲ့တည်ဆောက်ထားပါသလား။
လူတွေပြောပြောနေတဲ့ အမှန်တရားဆိုတာ
ဘုရားသခင်ရဲ့ သိက္ခာပုဒ်တွေလား။
ဒါပေမယ့် . . . အမေ
ကျွန်တော် ကျိန်ဆိုဝံ့ပါရဲ့
အဲဒီကင်းဘတ်စပေါ်က
ကုဗပုံပန်းချီကားချပ်ဟာ
ကျွန်တော့ပုံတူအစစ်ပါ။

သန့်ရှင်းစွာ
ခမ်းနားသိမ်မွေ့စွာ
အိပ်မက်ထဲမှာ အနာရောဂါမရှိ။
ဦးမညွှတ်ပါ
ဒူးမထောက်ပါ
ကဗျာထဲမှာ မာနတရားနဲ့အပြည့်။
လူဖြစ်လာခြင်းအတွက်
ငြင်းချက်ထုတ်ဖို့ တစ်စုံတစ်ရာ
မရှိဘူးဆိုခဲ့ရင်
နှစ်သိန်းလေးသောင်းအထုရှိတဲ့
ဟောဒီမဟာပထ၀ီမြေကြီးဟာ
ငါ့ခန္ဓာကိုယ်ထဲက ဖိတ်စဉ်လွင့်ကျသွားတဲ့
အစိတ်အပိုင်းတစ်ခုသာ ဖြစ်လိမ့်မယ်။

အေးစက်တဲ့ အလင်္ကာတွေနဲ့
ဖွဲ့ဆိုထားတဲ့ အကြင်နာများစွာ
ငါ . . . ၀မ်းနည်းစွာ ငြင်းဆိုလိုက်ရပြီ။

မွန်းကြပ်လှောင်ပိတ်မှု၏ ငါဖြစ်ဆဲမှာတော့
ငါ့ကိုယ်ငါ ချစ်တတ်မှုနဲ့သာ
သင်တို့ကို ငါချစ်ခဲ့ရပေါ့။

ဒီလိုနဲ့ပင် . . . တစ်စတစ်စပွန်းပဲ့
လူ့အဖြစ်ရဲ့စက္ကန့်များစွာမှာ
ငါ့ကိုယ်ငါ ငြင်းဆိုနိုင်ခွင့်မရှိတော့ပါ။
သိုပေမယ့်
ကမ္ဘာကြီးကို ရွဲ့စောင်းစေခြင်းမှာ
ပန်းချီဆရာဝေချစ်ကိုရဲ့
ရှည်လျားကွေ့ကောက်သော
ဆံပင်များကြောင့်သာ ဖြစ်တော့တယ်။

အိုကွယ် . . . မိန်းကလေးရဲ့
ဖုံးကွယ်ထားတဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။
တကယ်လို့သာ
မင်းဟာ၊ ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ရင်တော့
ပျံတက်ဖို့ရော၊ နားတတ်ဖို့ပါ
နှစ်ခုလုံးဟာ လိုအပ်ခဲ့တယ်။

လွဲမှားမှု
စာတမ်းပြုစုသူတွေနဲ့
အကြင်နာတရားရဲ့ နတ်ဆိုးများ၊
အလင်းရောင်ချို့တဲ့
စည်းဝါးမဲ့ နံရံများရဲ့ ဟိုဘက်မှ
သုညဖြစ်တဲ့ ကမ္ဘာမြေမှာ
ငါ၊ ထာဝရကဗျာဆရာသာ ဖြစ်တော့တယ်။
ငါ့ခြေတွေ နှစ်ဖက်လုံးပြတ်နေတောင်မှ
အနုပညာဆိုတဲ့တောင်ဝှေးကို ထောက်ပြီး
ငါ လမ်းဆက်လျှောက်ဦးမယ်။

ဟုတ်ကဲ့
ပညာရှိတွေရဲ့ အာရုံကြောများစွာ
လေထဲမှာ တွန့်ခေါက်သွားပါသလား၊
ပီကာဆိုရဲ့ ဂန္တ၀င်အပြာ
ကာလာသီဝရီထဲမှာ သေဆုံးသွားပါသလား။

နှံပြည်စုတ်ငှက်ကလေးတို့ရေ
သင်တို့ ဆက်လက်အော်မြည်နိုင်ပါစေ။

ကမ္ဘာလုံးခြမ်းရဲ့ ၀င်ရိုးစွန်းတန်းပေါ်မှာ
ငါ့ခန္ဓာ ကြီးလိုက်၊ သေးလိုက်၊ ဝေးသွားလိုက်
ငါ့ဆီပြေးလာကြ
ငါ့ဆီက ပြေးထွက်သွားကြ၊

အုံ့မှိုင်းသော တနင်္ဂနွေများတွင်
တပ်ဆင်မရသော နိယာမများစွာ
အနုပညာမရှိတဲ့ ရပ်ပြစ်ရှစ်ပါးထဲမှာ
အရူးတစ်ယောက်လို အော်ဟစ်ရယ်မောပစ်ခဲ့ရာ . . .

အကြေကွဲဆုံး အရှုံးသမားဖြစ်ခဲ့ရပေမယ့်
အပြစ်မဲ့ဆုံး နှလုံးသားနဲ့မို့
အရိုးသားဆုံး အပြုံးတစ်ခုကို ပိုင်ဆိုင်ဆဲပါ။

အိုကွယ် . . . မိန်းကလေးရဲ့
ဖုံးကွယ်ထားတဲ့ တို့ရဲ့ကြေကွဲမှုတွေကို
ထာဝရခွဲခွာပြီးကာမှ
တို့ . . . ထာဝရလွမ်းကြရအောင်နော်။

နေ့မရှိ၊ ညမရှိ
အကြေကွဲဆုံးကာလမှ သန္ဓေတည်ခဲ့တဲ့
ရင်ထဲကအစိုင်အခဲ
ခွဲထုတ်ပစ်လို့မရဘူးလေ။

ခန္ဓာကိုယ်ပေါ်မှာ ကောက်ကြောင်းများစွာ ဆွေးမြည့်ကာမှ
ဘ၀ကို ချစ်နိုင်ဦးတော့မလား။

ချိုကျိုးနွားနဲ့ ဒွန်းစဏ္ဍားတို့ထက်
ပိုမိုရိုကျိုးသိမ်မွေ့စွာ
ငါးဆယ်ရာခိုင်နှုန်းထိ လျှော့ချခံခဲ့ရရာ
လက်ဖက်ရည်ဆိုင်က အုန်းဆံကြိုးခွေပမာ
ကျွန်တော် အလိုမတူခဲ့ပါ။

"မငိုဘူး
ဘယ်တော့မှ မငိုဘူး"
မာနကိုပွေ့ဖက်
မျက်ရည်တွေနဲ့ ငါဖြတ်သန်းခဲ့ပြီ။
တနင်္ဂနွေများစွာနဲ့တည်ဆောက်
ဦးနှောက်၏ ခိုင်မာသောပြယုဂ်တစ်ခု
ရစ်သမ်မဲ့ ဖွဲ့စည်းမှုလက်ဖက်ရည်ခွက်ထဲမှာ
ပွန်းပဲ့ခဲ့သော သမာဓိတရားများစွာ . . .

မိတ်ဆွေတွေနဲ့၊ ယင်ကောင်တွေနဲ့
တ၀ီဝီအော်မြည်နေခဲ့ခြင်း မွန်းကြပ်မှုထဲမှာ . . .

တစ်စုံတစ်ရာ လွဲမှားမှုမရှိ
တစ်စုံတစ်ရာ နာကျင်မှုမရှိ
ပကတိအဖြစ်
သုညအဖြစ် လွတ်လပ်စွာ
ငါ့ကိုယ်ငါ ပြီးပြည့်စုံခဲ့ပြီ။

ချုပ်တီးမှုမဲ့
လွင့်မျောခဲ့သောအတ္တများ
မွေးဖွားကြ၊ သေဆုံးကြ
တရားတော်အတိုင်း ရိုးသားကြ
တရားတော်အတိုင်း ဖောက်ပြန်ကြ။

ငါကိုယ်တိုင်ရေးသားခဲ့သော
ငါ့အတ္တ္ထုပ္ပတ္တိကျမ်းမှာ
ငါ မာရ်နတ်တစ်ယောက်အဖြစ်
ငြင်းဆိုနိုင်ခွင့်ရှိရဲ့လား။

အသက်ရှင်ခြင်းကိုမြတ်နိုးဆဲ
လွဲမှားမှုနဲ့ အမှန်တရားပေါ်မှာ
ခဏငယ်များစွာ ဖြတ်သန်းနေကြစဉ် . . .
ပြုတ်ကျလာသော အိမ်မြှောင်တစ်ကောင်မှာ
ငါ့မျက်နှာပေါ် တဖြည်းဖြည်း နီးကပ်လာပေါ့။

အိုကွယ် . . . မိန်းကလေးရဲ့
နာကျင်မှုနဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။

ဟေး . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . .
. . . . . . အသက်ရှူခြင်းကို ရပ်လိုက်ကြ
ရပ်လိုက်ကြ၊ ဟောဒီမဟာပထ၀ီမြေကြီးနဲ့
အလင်းရောင်ရဲ့ အမြန်နှုန်းပေါ်မှာ
သင်တို့ကို ငါချစ်ခဲ့ပါပြီ။
အာရုံငါးပါးရဲ့ ဟိုဘက်မှာရှိတဲ့
ကဗျာဆရာရဲ့ ၀ိညာဉ်နယ်မြေမှာ
သင်တို့ဟာ ငါဖြစ်ခဲ့ပါပြီ။

တုန်ယင်လှိုက်လှဲ
လည်ချောင်းကွဲသံနဲ့ သီချင်းဆိုမိပေါ့။
ရွှေအိုရောင်ငှက်ကလေးရေ
မင်းမျက်ရည်တွေရဲ့တန်ဖိုးကို
ပေးဆပ်ဖို့ ငါ့မှာတာဝန်ရှိခဲ့ပြီ။

နာကျင်မှုနဲ့
ပိုလို့တောင် တောက်ပြောင်ခဲ့သေးရဲ့
ကမ္ဘာမြေကြီးကို ငါတည်ဆောက်ခဲ့တယ်။
လွဲမှားမှုတွေနဲ့
ပိုလို့တောင် ညီညွတ်ခဲ့သေးရဲ့
အမှန်တရားကို ငါဖန်ဆင်းခဲ့တယ်။

မိုးသားတွေ
ဟိုး . . . အနောက်တောင်ဆီက
မိုးသားတိမ်တိုက်တွေ
ရင်ထဲမှာအော်မြည်တမ်းတ
ငါ့လက်နဲ့ ခေါ်ယူမရဘူးကွယ်။

ရင်ခုန်သံအားကောင်းဆဲ
သွေးကြောထဲမှာ အဖုအထစ်မရှိ
ချစ်တတ်ခဲ့သည့် ဒ၀ီထိစိဒ များစွာ
ငါ့ခန္ဓာကိုယ်ရဲ့အတွင်းဘက်
အပြင်ဘက်
ထွက်သက်ဝင်သက်တိုင်းမှာ
ငါရှိနေမှု . . .

အသံတွေ
လေထုထဲမှာရှိတဲ့၊
အမည်တွေ၊ နာမပညတ်တွေ
အာကာသထဲမှာရှိတဲ့၊
ဆင်ခြင်တွေးတောမှုအင်အားနဲ့
ဝါဒတရားတွေ
ငါ့ရဲ့၊ ဟဒယရုပ်ဝတ္ထုမှာရှိတဲ့၊
အရည်
အငွေ့
အစိုင်အခဲအဖြစ်နဲ့
လွင့်မျောပါစေကွယ်။

စကြ၀ဠာထဲမှာ
ငါအဖြစ်
ပရမာဏုမြူအဖြစ်
သီချင်းတစ်ပုဒ်အဖြစ်
"ငါ့ကိုကျောပေးထားသော
အိမ်မြှောင်များအကြောင်း"ဆိုတဲ့
ဒိုင်ယာရီစာအုပ်ငယ်လေးအဖြစ်
လွပ်လပ်စွာ
ပျံသန်းပါစေ
ပျံသန်းကြပါစေ။
အဲဒါ ငါပေါ့
ငါကိုယ်တိုင်ပေါ့ကွယ်
ဟိုအဝေးခပ်လှမ်းလှမ်း
ဖြတ်သန်းသွားသော အလွမ်းတစ်ခု။
သူတို့က
ဘ၀တဲ့လား

ငြင်းခုံမနေပါနဲ့
ထားခဲ့တော့လေ။

မိုးပွင့်များ တဖွဲဖွဲရွာချ
ညအမှောင်ထုရဲ့
လျှပ်စီးလက်ခြင်း အလင်းတစ်ခုထဲမှာ
ဝါးကြမ်းခင်းအိမ်အိုလေးရဲ့
ပြတင်းဝမှာထိုင်လို့၊
အသံမထွက်တဲ့
ဂစ်တာအိုတစ်လက်ကိုပိုက်လို့၊
မျက်ရည်မထွက်တဲ့
ကြေကွဲမှုတွေနဲ့၊
အကုသိုလ်တရားရဲ့
လောင်မြိုက်မှုတွေနဲ့၊

အို . . .
ဒူးမထောက်လိုက်ပါနဲ့
ဘုရားသခင်ထံ ဒူးမထောက်လိုက်ပါနဲ့၊
အိပ်မက်တွေ
အားလုံးဟာ
အိပ်မက်တွေပဲကွယ်။

သိပ်သည်းကျယ်ပြန့်သော
မွတ်သိပ်မှုနှင်းထုထဲမှာ
ဝမ်းနည်းစွာ လက်ဆွဲနှုတ်ဆက်ကြ၊

မျှော်လင့်နေဆဲပါ၊
နံရံပေါ်မှာ မှတ်စုရေးရင်း
တဖြည်းဖြည်း ငါ အိုမင်းခဲ့ရ၊

လှပတဲ့အိပ်မက်တွေမက်တုန်း
ဖြစ်နိုင်ခြင်းရဲ့ နောက်ဆုံးနေ့ထိ
ငါ . . .
ငါ . . .
ငါ . . .

ငါလား
နေမင်းပိုင်စိုးပေါ့၊
သင်တို့လား
နေမင်းပိုင်စိုး မဖြစ်နိုင်တဲ့လူတွေပေါ့။ ။
(ငယ်ငယ်က လွှတ်ကြိုက်ခဲ့သော ကဗျာလေးများကို ပြန်စုစည်းထား)

အဆီယစ်နေသူများ

ပြည်သူ့ချွေးနှီးစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။

ဗိုက်အပြည့် စားသောက်နေရတဲ့သူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမဲ့လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ နားလည်ဘို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့။ ။

ဘားတော့ဘရက်။

အနာဂတ်အတွက်ကဗျာ

တကယ်တော့ ငါ့ခေတ်ဟာ အမှောင်ခေတ်ကြီးပါ

ရိုးရိုးမှန်မှန်ပြောလို့ မဖြစ်ဖူး။ မျက်မှောင်မကြုတ်တဲ့

လူဟာ ခေတ်ရဲ့ ဒုက္ခတွေကို မခံစားတတ်လို့ပဲ

ရီမောနေတဲ့လူဟာလဲ ကြောက်စရာကောင်းတဲ့

ခေတ်ရေစီးရဲ့ ၀ါးမျိုမလိုတက်လာတဲ့ အသံကို

မကြားသေးသူသာဘဲ ဖြစ်တယ်။

ကွယ် .. ၊ ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်

သစ်ပင်တွေရဲ့ သဘာဝအလှအကြောင်း

စကားပြောတယ်ဆိုတာ

လူ့လောကကြီးကို လျစ်လျူပြု ရက်စက်ရာ

ရောက်ပါတယ်။

မတရားတဲ့အဖြစ်သနစ်တွေကို နုတ်ပိတ်ရေငုံနေခြင်းလည်း

ဖြစ်ပါတယ်။

လမ်းကိုဖြတ်သွားတဲ့အခါ အေးအေးဆေးဆေး

လမ်းလျောက်သူဟာ

ဒုက္ခရောက်နေတဲ့ မိတ်ဆွေတွေနဲ့ ကင်းကွာနေတဲ့သူပဲ

ဖြစ်တယ်။

ငါ့အနေနဲ့တော့ အလုပ်လက်ရှိ စားနိုင်သောက်နိုင်

မှန်ပါတယ်

သို့ပေမယ့် ဒါက ကံကောင်းလို့ကွ၊ ငါတကယ်ပြောတာ

ငါကြားရသလောက်ဟာ ငါလုပ်တာနဲ့ တန်ကိုမတန်ဘူး။

ကံအကြောင်းတရားပဲ (ကံဆိုးတဲ့ အလှည့်မှာတော့ ငါလည်းငတ်မှာပဲ)။

ငါပညာရှိတဦး ဖြစ်ချင်ပါတယ်

ကျမ်းဂန်ဟောင်းကြီးတွေက ပညာရှိခြင်းဟူသည်မှာ

ဒီလိုဆိုတယ်

ပင်ပင်ပန်းပန်း ဘယ်တော့မှမလုပ်နဲ့၊ ရှောင်နေ၊

အေးအေးဆေးဆေးနေ

ဘယ်သူ့ကိုမှ ကြောက်စရာ အကောင်ကြီးလို့

ထည့်မတွေးနဲ့

အကြမ်းဖက်မှု မပြုနဲ့

သူကဆိုးပေမယ့်၊ မှားပေမယ့် ကိုယ်ကကောင်းတာ

မှန်တာနဲ့ တုံ့ပြန်

စိတ်အလိုဆန္ဒကို ချုပ်တည်းပါ၊ မေ့ထားစမ်းပါ

ပညာအကြောင်းပဲ အာရုံစူးစိုက်ပါ

ငါ ဒါတွေ တခုမှ မလုပ်နိုင်ဘူး

တကယ်တော့ ငါဟာ အမှောင်ခေတ်ကြီးထဲမှာ

နေရတာကိုး။ ။

ကစဥ့်ကရဲ ခေတ်ပျက်ထဲမှာ မြို့တော်ကြီးကို

ငါရောက်လာတယ်

လူတွေ အကုန်၊ အငတ်ငတ် အပြတ်ပြတ်

ဖြစ်နေကြတယ်

လူတွေ ဆူပူအုံကြွတော့ ငါ လူအုပ်ကြီးနဲ့

ရောပါသွားတယ်

ငါလဲ သူတို့နဲ့အတူ ဆူပူတော်လှန်တာပဲ

ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ

ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။

ထမင်းစားလည်း ဘေးပတ်လည်မှာ အလောင်းတွေ

ပြန့်ပြန့်ကြဲလို့

အိပ်နေရင်လည်း အိပ်မက်ထဲမှာ သတ်တာဖြတ်တာတွေပဲ

မြင်တယ်

ချစ်သူနဲ့ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့ တ၀က်ပဲ

ချစ်နိုင်ခဲ့တယ်

သဘာဝလောကကြီးတခုလုံးကို ငါ စိတ်တိုနေမိတယ်

ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ

ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။

ငါတို့ခေတ်မှာ ဘယ်လမ်းကို ဆုံးအောင်လိုက်လိုက်

နွံဗွက်အိုင်ကြီးတွေက ပိတ်ဆီးပြီး ရောက်လာသူကို

မျိုပစ်နေတာပဲ

စကားပြောရင်လည်း အသတ်ခံရမှာ ကြောက်နေရတယ်

ငါ မဖြစ်စလောက်ပဲ လုပ်နိုင်တတ်နိုင်တယ်

ဒါပေမယ့် ငါမရှိခဲ့ရင်

ငါတို့ခေတ်အစိုးရဟာ ခုလောက် ပြုတ်အကျ မြန်မှာ

မဟုတ်ဖူး

ငါကတော့ ပြုတ်ကျစေမယ့် ရည်မှန်းချက်နဲ့

လုပ်ခဲ့ပါတယ်

ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ

ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။

လူဆိုတာ အားပျော့ပါတယ်

ပန်းတိုင်က ဟိုး .. အဝေးကြီးမှာ ရှိတယ်လေ

မြင်သာပေမယ့် ငါတို့အဖို့ ရောက်အောင်သွားဖို့

ခက်လှပါတော့တယ်

ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ

ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။ ။

မင်းတို့ကတော့ လွတ်ပြီလေ။ ကျွတ်ပြီလေ

ဒို့ကို ဖုံးလွှမ်းနှစ်မြုပ်ခဲ့တဲ့

ဥဒကတောဝါကနေပြီး မင်းတို့ လွတ်လာပြီပေါ့

မင်းတွေးကြည့်လေ

ဒို့ ပျော့ညံ့ မှားယွင်း ချို့တဲ့ အားနည်းတဲ့

အကြောင်းရယ်

အဲဒီလိုဖြစ်စေခဲ့တဲ့ မှောင်ကျနေတဲ့

ဒို့ခေတ်ကြီး အကြောင်းရယ်

မင်းပြောတဲ့အခါတိုင်း ဒို့ဟာ ဖိနပ်သစ်တွေ အလဲလဲ

စီးဖို့ထက်

တိုင်းပြည်အခြေအနေကို ပြောင်းလဲအောင်ပဲ

အဖိနှိပ်ခံလူတန်းစားတွေ လွတ်မြောက်ရေးအတွက်

ရုန်းကန်ရင်း စိတ်ပျက်လက်ပျက်နဲ့

မတရားမှုတွေချည်းသာ တွေ့ရှိ အရှုံးပေးခဲ့ရတယ်

ဆိုတာ မမေ့နဲ့လေ။

ခါးသီးရွံမုန်းစရာတွေချည်း တွေ့ပြီး

ဒို့ တနေ့ထက် တနေ့ ငိုပြီး

မျက်မှောင်ကြုတ်နေခဲ့ရတယ်

ဒို့ခေတ်ကို အသေးစိတ် သိနေမြင်နေရတာကိုး

မတရားမှုကို ဒေါသဖြစ်လွန်းလို့မို့

စကားပြောရင်တောင် ထန်ပြင်း မာကြော

ရိုင်းစိုင်းနေတယ်

အိုကွာ ဒို့ကိုယ်တိုင်ကတော့ အကြင်နာတရား

မပွားနိုင်တော့ဘူးလေ

အကြင်နာတရား အခြေခံတဲ့ လောကသစ်ကြီးကို

တည်ဆောက်လိုတဲ့ ဆန္ဒကတော့

ဒို့ရင်ထဲမှာ အပြည့်အသိပ်ပါပဲ။

ဒီတော့ မင်းတို့ခေတ်မှာမှ လူသားအချင်းချင်း

ကြင်နာတရားထားလို့

ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားမိလေတိုင်း

ဒို့ကို ထန်ပြင်းရိုင်းစိုင်းသူတွေလို့

မပြောတော့ဘူး မယူဆတော့ဘူး မဟုတ်လားကွယ်။ ။

ဗားတော့ဗရက်

(တင်မောင်အေး မြန်မာပြန်သည်)

၁၉၇၀-ခုနှစ်က ထုတ်ခဲ့တဲ့ကဗျာစာအုပ်။

Sunday, May 17, 2009

မြန်မာဘလောဂ့်တွေကြားမှေးမှိန်နေတဲ့အခွင့်အလမ်းများ

(ရေးသားသူ - S.S.)


အခုဆိုရင် မြန်မာဘလောဂ့်လောကမှာ ဘလောဂ့်ရေးသူတွေများပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကိုခွဲခြားစိတ်ဖြာကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒိုင်ယာရီသဘောမျိုးရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက်ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကိုအသုံးချပြီး အဖွဲ့အစည်းအရတိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရတိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။

ရွှေဝါရောင်တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ခေါ်ခံခဲ့ရတဲ့ပြည်သူတွေကတဆင့် မြန်မာပြည်ကသတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး တစ်နှစ်ကျော်ကြာတဲ့အခါ သတင်းတွေနဲ့အတူ အတင်းအဖျင်းတွေပါ ရှိလာတယ် ။ နေ့တဒူဝကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေ ကိုယ်ရထားတဲ့ဗဟုသုတနည်းပညာတွေကို ဟိုတစဒီတစ ပြန်လည်ဝေမျှတာတွေလည်း ရှိတယ် ။ ဘလောဂ့်ပေါ်က အနုပညာရသ၀န်းကျင်ဟာလည်း နာမည်ကြီးစာရေးဆရာတွေသာမက တက်သစ်စတွေ အနုပညာပါရမီရှိသူတွေနဲ့ ကျယ်ပြန့်လာတယ် ။ မြန်မာဘလောဂ့်တွေကြားမှာ ဘလောဂါ့ချင်းခင်မင်ရင်းနှီးမှုတွေရှိကြတယ် ၊ ဘလော့ဂါစင်မီနာတို့ ဘလော့ဂါဂဲသားရင်းတို့လုပ်ကြတယ် ၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေ ရကြတယ် ။ တချိန်တည်းမှာ အမြင်မတူ မကြည်ဖြူသူတွေလည်း ရနိုင်တယ် ။ ဟန်ဆောင်မှုတွေပြည့်ကျပ်လာတယ် ။ အဲလိုအခြေအနေတွေကြား စဉ်းစားသင့်တဲ့အချက်တချက်က မြန်မာဘလောဂ့်တွေကို အဲလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အဆင့်လောက်မှာပဲ အဓိကထားပြီး ရပ်တန့်နေတော့မလား ။

တနေ့တခြားတိုးပွားလာတဲ့မြန်မာဘလောဂ့်တွေကြား ဘယ်သူမှစဉ်းစားမိပုံမရတဲ့မေးခွန်းကတော့ မြန်မာဘလောဂ့်တွေဟာ နိုင်ငံတကာဘလောဂ့်လောကနဲ့ယှဉ်ရင် ဘယ်လိုအဆင့်အတန်း အခြေအနေမှာ ရောက်နေပြီလဲဆိုတဲ့မေးခွန်းပါပဲ ။ အဲဒီအဆင့်အတန်းဆိုတာဟာ ဘန်နာဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာထက် ၊ ကိုယ့်ဘလောဂ့်မှာ ဟစ်ဘယ်နှစ်ခုရနိုင်တယ်ဆိုတာထက် ၊ ပို့စ်တခုမှာ ကွန်မန့်ဘယ်လောက်ရှိနိုင်တယ်ဆိုတာထက် ၊ ဘလောဂ့်ကိုဘယ်လိုလှပအောင်မွန်းမံတယ်ဆိုတာထက် ၊ မြန်မာဘလောဂ့်တွေဟာ မြန်မာလူမျိုးတွေရဲ့လက်ရှိအခြေအနေပိုတိုးတက်ဖို့ ကမ္ဘာမှာရင်ဘောင်တန်းနိုင်ဖို့ ဘယ်လိုပံ့ပိုးနေသလဲဆိုတာပဲ ဖြစ်ပါတယ် ။

နိုင်ငံတကာရဲ့ဘလောဂ့်လောကကိုလေ့လာမယ်ဆိုရင် ပထမဆုံးစိတ်ဝင်စားစရာအချက်ကတော့ ဘလောဂ့်တွေကို ပညာရေးနယ်ပယ်တွေမှာအသုံးပြုလာကြတာပါပဲ ။ ဒါဟာဘာကြောင့်လဲဆိုတော့ ခုခေတ်မှာကျင်လည်နေသူတွေဟာ ဒစ်ဂျစ်တယ်လ်ခေတ်ရေစီးကြောင်းပေါ် အလိုအလျောက်စီးနင်းလိုက်ပါနေကြသူတွေဖြစ်တဲ့အတွက် ကွန်ပြူတာ ၊ အင်တာနက် စတာတွေနဲ့ ယဉ်ပါးနေပါတယ် ။ သူတို့ရဲ့သင်ကြားလေ့လာမှုတွေမှာ သူတို့ယဉ်ပါးတဲ့အရာတွေကို အထောက်အကူအဖြစ်သုံးရင် ပိုထိရောက်မှုရှိနိုင်တယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြတယ် ။ နောက်တချက်ကတော့ ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်း (collaborative learning) ၊ အပြန်အလှန်နှီးနှောဖလှယ်သည့်သင်ယူခြင်း (interactive learning) မျိုးတွေကို စာသင်ခန်းတွေမှာ ကျောင်းသားကျောင်းသူတွေကြားဖြစ်ထွန်းစေဖို့ ကြိုးစားလာကြပါတယ် ။ ဘာလို့လဲဆိုတော့ လူတယောက်ဟာတစ်ယောက်တည်းသင်ယူတာထက် ၊ အားလုံးပေါင်းပြီး တစ်ယောက်ချင်းစီရဲ့ အကြံဥာဏ် စိတ်ကူးတွေနဲ့ပံ့ပိုးပြီးတည်ဆောက်မယ်ဆိုရင် သင်ယူခြင်းမှာပိုပြီးထိရောက်နိုင်ပြီး အသိပညာပိုတိုးပွားစေတယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြပါတယ် ။ အဲလိုလုပ်နိုင်ဖို့ ဘလောဂ့်တွေကိုအသုံးချနိုင်တာကို တွေ့ရှိသွားကြပါတယ် ။

ဒါကြောင့် နိုင်ငံတကာဘလောဂ့်လောကမှာ ပညာရေးဘလောဂ့်တွေပဲ သီးသန့်စုပေါင်းထားတဲ့နေရာဖြစ်တဲ့ EDUBLOG ဆိုတာရှိလာပါပြီ ။ အဲဒီနေရာဟာ ဆရာဆရာမတွေ ကျောင်းသားတွေအတွက် စာသင်ကြားရာမှာဘလောဂ့်ကိုအလွယ်တကူသုံးနိုင်ဖို့ သီးသန့်တည်ထောင်ပေးထားတာဖြစ်ပါတယ် ။ လက်ရှိ အဲဒီနေရာမှာဘလောဂ့်ပေါင်း နှစ်သိန်းကျော်အထိရှိနေပါပြီ ။ သူတို့ဟာဘလောဂ့်တွေကိုစာသင်ကြားရေးပိုင်းမှာ ဘယ်လိုအသုံးချကြပါသလဲ ။

သင်္ချာဆရာတယောက်ကထောင်ထားတဲ့ Mathblog မှာ တနေ့တာအတန်းထဲမှာ သင်လိုက်တဲ့သင်ခန်းစာနဲ့ပတ်သက်ပြီး ကျောင်းသားတွေက တလှည့်ချင်းစီ ဘလောဂ့်ပေါ်မှာပို့စ်အနေနဲ့ သူတို့နားလည်သလို ပြန်လည်ရှင်းပြထားတာတွေရှိပါတယ် ။ အတန်းထဲက တခြားကျောင်းသားတွေက အဲဒီပို့စ်တွေမှာ ကွန်မန့်တွေဝင်ရေးရင်းဆွေးနွေးကြပါတယ် ။ သူတို့သင်ရတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့ အင်တာနက်ပေါ်က ၀က်ဆိုဒ်လင့်ခ်တွေကိုလည်း ကွန်မန့်တွေမှာပေးပြီး ဝေမျှကြပါတယ် ။ ကျောင်းသားချင်းရှင်းပြထားတဲ့အရေးအသားဟာ သူတို့ချင်းနားလည်နိုင်တဲ့ စကားလုံးအသုံးအနှုံးတွေကိုသုံးတတ်ကြတဲ့အတွက် တခါတလေကျတော့ စာအုပ်ထဲကရှင်းပြထားတာထက် ပိုထိရောက်စေပါတယ် ။ အဲဒီဘလောဂ့်မှာ သင်္ချာဆရာရဲ့ပါဝင်မှုက ကျောင်းသားတွေရဲ့တင်ပြချက်တွေ ဆွေးနွေးတာတွေကို လမ်းမမှားရလေအောင် လိုအပ်တဲ့အခါဝင်ရောက်ပြီး ဂိုက်လုပ်ပေးတာမျိုးပါပဲ ။ တခါတလေ သူကိုယ်တိုင်လည်း ကျောင်းသားတွေအတွက် လိုအပ်မယ့်အချက်အလက်တွေကို ပို့စ်အနေနဲ့တင်ပေးပါတယ် ။ အဲလိုလုပ်တဲ့အခါ ကျောင်းသားနဲ့ဆရာကြား ပူးပေါင်းဆောင်ရွက်တာမျိုးတွေဖြစ်လာပြီး ဆရာနဲ့ကျောင်းသားကြားမှာ တသီးတသန့်ကြီးဖြစ်တာမျိုး မခံစားရတော့ပဲ ပိုမိုရင်းနီးစေပါတယ် ။ ကျောင်းသားတွေကလည်း သူတို့အထင်အမြင် အတွေးအခေါ်တွေကို ပွင့်လင်းစွာထောက်ပြရဲလာပါတယ် ။ အဲလိုဘလောဂ့်မျိုးကို သင်္ချာဘာသာတင်သာမက သိပ္ပံ ၊ ပထ၀ီ ၊ သမိုင်း စတဲ့ဘာသာရပ်အမျိုးမျိုးမှာ အသုံးပြုထားတာတွေ တွေ့ရပါတယ် ။

ဆရာဆရာမတွေသုံးတတ်တဲ့နောက်တမျိုးကတော့ အကြောင်းအရာ အချက်အလက်တွေကို ဖြန့်ဝေတဲ့သဘောမျိုးပါပဲ ။ နောက်ထပ်သင်္ချာဆရာမတယောက်ရဲ့ Class Connection ဘလောဂ့်မှာ တစ်ပတ်စာအတန်းထဲမှာသင်ကြားခဲ့တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ၊ လေ့ကျင့်ခန်းထပ်ရမယ့်နေ့ရက်တွေ ၊ ကျောင်းမှာဖြစ်နေတဲ့ ကျောင်းသားတွေသိသင့်တဲ့ တခြားအရေးကြီးတဲ့အစီအစဉ်တွေအကြောင်းပါရှိတယ် ။ ဒီဘလောဂ့် ကျတော့လည်း ကလေးတွေအတန်းထဲမှာဘာတွေသင်နေတယ် ဘာတွေလုပ်ကြမယ်ဆိုတဲ့အစီအစဉ်တွေ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတဲ့မှတ်တမ်းတွေနဲ့ဓါတ်ပုံတွေကို မိဘတွေသိအောင် ဘလောဂ့်ကိုသုံးပြီးဝေမျှပါတယ် ။

နောက်တမျိုးကတော့အင်္ဂလိပ်စာသင်ကြားရာမှာဖြစ်ဖြစ် ၊ ဘာသာစကားတခုခုကို သင်ကြားရာမှာဖြစ်ဖြစ် ဘလောဂ့်ကိုအွန်လိုင်းဒိုင်ယာရီအဖြစ် နေ့စဉ်ရေးခိုင်းတာပါပဲ ။ အဲလိုရေးပြီး ဆရာအပြင်ကျောင်းသားအချင်းချင်း အပြန်အလှန်ဖတ်ကြ ကွန်မန့်တွေရေးကြနဲ့ ဘာသာစကားတခုကို ပေါ့ပေါ့ပါးပါးနဲ့သင်ယူနိုင်ပါတယ် ။ ဒိုင်ယာရီလိုကိုယ်ရေးချင်တာကိုရေးတဲ့အခါ ရေးတဲ့သူအတွက်လည်း ဘာရေးရမှန်းမသိဖြစ်နေတာမျိုးမရှိတော့သလို ဖတ်တဲ့သူအတွက်လည်း ဖတ်စာအုပ်ထဲကစာပိုဒ်တွေမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတဲ့အတွက် စိတ်ဝင်စားမှုရှိစေပါတယ် ။

ဘလောဂ့်ဆိုတာပညာရေးပိုင်းမှာသာမက အလုပ်နဲ့သက်ဆိုင်တဲ့နေရာတွေ ပညာသည်တွေက သူတို့အတွေးအခေါ် ထင်မြင်ယူဆချက် အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်တဲ့နေရာမှာလည်း အသုံးပြုလို့ရပါတယ် ။ အဲလိုဘလောဂ့်တွေက အကြောင်းအရာ အချက်အလက်တွေဟာ သာမန်ဘလောဂ့်တွေမှာရေးထားတဲ့အကြောင်းအရာတွေလိုမဟုတ်ဘဲ ယုံကြည်နိုင်လောက်တဲ့အရည်အချင်း (credibility) အပြည့်အ၀ရှိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီဘလောဂ့်ကိုရေးသားသူတွေဟာ သူတို့ရေးသားထားတဲ့အကြောင်းအရာတွေနဲ့ဆက်စပ်တဲ့နယ်ပယ်မှာ ယုံကြည်ရတဲ့အရည်အချင်းရှိသူတွေဆိုတာ စာဖတ်သူတွေက သိရှိထားကြပါတယ် ။ အဲဒီအခါ သူတို့ဘလောဂ့်တွေဟာ အပျင်းပြေသဘောနဲ့ဖတ်တာမဟုတ်တော့ပဲ အချက်အလက်တွေကို သင်ကြားမှတ်သားစရာနေရာတခုဖြစ်လာပါတယ် ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်ရှိပြီး အဲဒီနိုင်ငံတွေကပညာတွေ အလုပ်အတွေ့အကြုံတွေရရှိထားတဲ့ မြန်မာဘလောဂါ့တွေဟာလည်း ကိုယ်နဲ့သက်ဆိုင်ရာနည်းပညာပိုင်းနဲ့ပတ်သက်တဲ့ဘလောဂ့်ကို တကိုယ်တည်းဖြစ်စေ အုပ်စုဖွဲ့ပြီးဖြစ်စေ လုပ်နိုင်ပါတယ် ။ အဲလိုဘလောဂ့်တွေဟာ မြန်မာပြည်ထဲမှာ အဲဒီနည်းပညာပိုင်းကိုလေ့လာသင်ကြားနေတဲ့တက်သစ်စမျိုးဆက်တွေကို သင်ကြားပို့ချရာနေရာ၊ အဲလိုနည်းပညာပိုင်းမှာလုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပညာနှီးနှောဖလှယ်ရာ နေရာတနေရာ ဖြစ်လာနိုင်ပါတယ် ။ ပြည်တွင်းနဲ့ပြည်ပမှာရှိနေပေမယ့် မြန်မာလူမျိုးချင်း ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်းမျိုးနဲ့အတူ မြန်မာပြည်တိုးတက်ရေးအတွက်လည်း တီထွင်ကြံစ စိတ်ကူးဥာဏ်တွေကို တစစီပိုပိုကြီးပွားလာအောင် ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါမယ် ။

ဘလောဂ့်ရဲ့အားသာချက်ထဲကတခုကတော့ ဘလောဂ့်ဆိုတာပေါ့ပါးသွက်လက်တဲ့အသွင်ရှိပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ဘောင်ခတ်ထားတဲ့နေရာမျိုးဖြစ်မနေတဲ့အတွက် အသုံးပြုသူတွေအတွက် စိတ်ကျဉ်းကျပ်တာမျိုးမဖြစ်စေပါဖူး ။ နောက်ပြီးဘလောဂ့်ဆိုတာ ခုခေတ်လူငယ်တွေနဲ့ နီးစပ်တဲ့အရာတခုလည်းဖြစ်ပါတယ် ။ ဒါ့အပြင်ဘလောဂ့်ထဲမှာ ဓါတ်ပုံတွေပြတာပဲဖြစ်ဖြစ် ဗွီဒီယိုထည့်တာပဲဖြစ်ဖြစ် အသံဖိုင်ထည့်တာပဲဖြစ်ဖြစ် စတဲ့ တခြား application အမျိုးစုံကိုလည်း ထည့်လို့ရတဲ့အတွက် စိတ်ဝင်စားစရာဖြစ်အောင်လုပ်နိုင်ပါတယ် ။

စိတ်ကူးအကြံဥာဏ်တွေကို မြန်မာအများစုဆွေးနွေးဖလှယ်လေ့ရှိကြတဲ့နေရာကတော့ Discussion Boards/ Forumတွေပါပဲ ။ အဲလိုလုပ်တာဟာလည်းအကျိုးသက်ရောက်မှုရှိနိုင်ပေမယ့် အဲဒီနေရာတွေဟာ စကားလုံးတွေနဲ့ပဲရေးလို့ရပြီး တခြား ဆော့ဖ်ဝဲတွေထည့်ဖို့ ကန့်သက်ချက်တွေရှိတဲ့အတွက် ဘလောဂ့်တွေလောက် စိတ်ဝင်စားစရာကောင်းတဲ့နှီးနှောဖလှယ်နိုင်တဲ့အခွင့်အလမ်းမျိုးတွေ မရှိပါဖူး ။

တခြားဘလောဂ့်လုပ်နည်းတခုဖြစ်တဲ့ Micro-blogging ဆိုတာ ခေါင်းထဲလျှပ်တပြက်ပေါ်လာတဲ့အတွေး ချက်ချင်းလက်ငင်းဖြစ်နေတဲ့အခြေအနေ စတာတွေကို ဘလောဂ့်ပို့စ်အသေးစားလေးတွေလိုလုပ်ပြီး အများကိုအသိပေးဝေမျှတာမျိုးဖြစ်ပါတယ် ။ Micro-blogging လုပ်တဲ့ဆိုဒ်တွေများပေမယ့် လူသုံးအများဆုံးကတော့ Twitter ပဲဖြစ်ပါတယ် ။ အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် ရုပ်ရှင်မင်းသားမင်းသမီးတွေကအစ နိုင်ငံပေါင်းစုံကပညာရှင်တွေအထိ သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို သူတို့ကိုအားပေးနေသူတွေ စိတ်ဝင်စားနေသူတွေသိရအောင် ၊ ဒါမှမဟုတ် သူတို့ဝေမျှချင်တဲ့ စိတ်ကူးအကြံအစည်တွေ အကြောင်းအရာအချက်အလက်တွေကို အားလုံးဆီရောက်ဖို့ Twitter ကိုအသုံးပြုတတ်ကြတယ် ။ အဲလိုအသုံးပြုလိုက်တဲ့အတွက် လူအများကြီးဆီ တချိန်တည်းရောက်အောင်လုပ်နိုင်တဲ့ မီဒီယာပါဝါမျိုးရှိစေပါတယ် ။

မြန်မာဘလောဂ့်လောကမှာလည်း ကိုယ့်ရဲ့လက်ရှိအခြေအနေကိုအသိပေးဖို့ Twitter ဆိုတာကို သုံးလာကြတာတွေ့ရပါတယ် ။ ဒါပေမယ့် Twitter ထဲမှာ မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ပေးတဲ့ Burmanewsnet, Burma Campaing UK, US for Burma စတဲ့အကောင့်တွေမှာ သတင်းယူတဲ့မြန်မာတွေနည်းပါးသလို သူတို့တွေရဲ့သတင်းတင်နှုန်းကလည်း အမြဲမရှိတာတွေ့ရပါတယ် ။ NY Times, CNN Breaking News စတဲ့ နိုင်ငံတကာမီဒီယာတွေကတောင် Twitter ကိုသုံးပြီး သတင်းခေါင်းစဉ်တွေကို စာဖတ်သူတွေဆီဖြန့်ဖို့ကြိုးစားနေတဲ့အချိန် မြန်မာလောက (ဘလောဂ့်နှင့် မီဒီယာများ) ကတော့ Twitter ရဲ့မီဒီယာပါဝါကို သေချာမသုံးသပ်မိလေသလားလို့ ထင်စရာဖြစ်လာပါတယ် ။

ဒါ့အပြင် မြန်မာတွေကြားမှာ Twitter ကို အကြောင်းအရာ ဗဟုသုတရယူဖို့အတွက်တော့သုံးတာ မတွေ့ရသေးပါဖူး ။ နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးသုံးထားတဲ့နမူနာကိုပြရရင်တော့ ABC News မှာကြည့်လိုက်ရတဲ့ ဆရာဝန်တွေခွဲစိတ်ကုသခြင်းတခုလုပ်နေတုန်း Twitter ကိုသုံးပြီး ဆေးတက္ကသိုလ်ကျောင်းသားတွေကို သင်ပြပေးတဲ့ဗွီဒီယိုပါ ။ ခွဲစိတ်ခံရတဲ့လူနာရဲ့သဘောတူညီချက်နဲ့အတူ အဲဒီခွဲစိတ်ကုသခြင်းကို live video transmission လုပ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေကြည့်နိုင်အောင် အင်တာနက်ကထုတ်လွှင့်ခဲ့ပါတယ် ။ ပြီးတော့ Twitter ကိုသုံးပြီး ကျောင်းသားတွေကမေးခွန်းတွေမေးတာကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ဆရာဝန်ခွဲစိတ်နေတာကိုအသေးစိတ်မြင်ရပြီး ဒါကဘာလို့ဒီလိုလုပ်တာလဲ ဆိုတဲ့မေးခွန်းမျိုး ချက်ချင်းမေးနိုင်တဲ့အတွက် သူတို့အတွက်အများကြီးအကျိုးရှိခဲ့ပါတယ်လို့ ဖြေကြားခဲ့ကြပါတယ် ။

နိုင်ငံတကာဘလောဂ့်လောကမှာ အထက်မှာဖော်ပြခဲ့သလို ဘလောဂ့်ဆိုတာကိုအကျိုးရှိအောင် အသုံးပြုနေတာကိုကြည့်ပြီး လွန်ခဲ့တဲ့သုံးနှစ်နီးပါးလောက်ကစပြီး စည်ကားလာခဲ့တဲ့မြန်မာဘလောဂ့်လောကမှာတော့ လိုအပ်နေတာတွေအများကြီးရှိပါသေးလားလို့ တွေးမိပါတယ် ။ သူတို့လိုပဲထပ်တူလုပ်ရမယ်လို့တော့ မဆိုလိုပါဖူး ။ ဒါပေမယ့် ခေတ်နဲ့ရင်ဘောင်တန်းချင်ရင်တော့ နိုင်ငံတကာမှာ ဘလောဂ့်တွေကို ဘယ်လိုသုံးနေကြပါလားဆိုတာကို စူးစမ်းလေ့လာကြည့်ဖို့လိုအပ်လာပါပြီ ။ နိုင်ငံပေါင်းစုံမှာရောက်ရှိနေကြတဲ့မြန်မာတွေ စုဝေးနားခို စိတ်ပျော်ရွှင်မှုရစေတဲ့ ပေါ့ပေါ့ပါးပါးနေရာတခုအဖြစ် မြန်မာဘလောဂ့်လောကတည်ရှိနေတာဟာ မကောင်းတဲ့အချက်တော့မဟုတ်ပါဖူး ။ လူတိုင်းဟာဘ၀မှာရွေးချယ်မှုတွေရှိကြတယ် ။ တချို့က စိတ်ဖြေသာရာအတွက်ပဲဦးစားပေးရွေးချယ် ဘယ်လိုအခြေအနေရောက်ရောက် တင်းတိမ်တတ်ကြတယ် ။ တချို့ကတော့ ဘ၀မှာအမြဲတိုးတက်ရာ တိုးတက်ကြောင်းကို ရှာကြံနေတတ်ကြတယ် ။ ပထမအဖွဲ့လူတွေအတွက်တော့ မြန်မာဘလောဂ့်လောကဟာ အတိုင်းအတာတခုအထိအကျိုးပြုနေနိုင်တာမြင်ရပေမယ့် ၊ ဒုတိယအဖွဲ့ကလူမျိုးတွေအတွက်တော့ မြန်မာဘလောဂ့်လောကက အခွင့်အလမ်းသိပ်ပေးတဲ့ပုံမပေါ်သေးပါဖူး ။

ရွှေဝါရောင်တော်လှန်ရေးကာလက မြန်မာပြည်ထဲကသတင်းတွေအလျင်အမြန်ဖြန့်ပေးနိုင်တယ်ဆိုပြီး ကမ္ဘာကအသိအမှတ်ပြုခံခဲ့ရတဲ့မြန်မာဘလောဂ့်တွေဟာ ခုချိန်မှာတော့ မသေချာမရေရာတဲ့သတင်းတွေပါဝင်နေတဲ့ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) ကိုအသားပေးနေတဲ့အဆင့်မျိုးလောက်မှာရောက်နေတာနဲ့ပဲ တင်းတိမ်ကြတော့မလား ။ အကျိုးမရှိတဲ့ငြင်းခုန်ခြင်းတွေ အတ္တအပြည့်နဲ့ရန်လိုမှုတွေကြား ဘလောဂ့်ပေါ်ကအချိန်တွေကိုကုန်စေတော့မလား ။ ဒါ့အပြင် ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက်ရော ကိုယ်နဲ့ယဉ်ပါးနေတဲ့ဘလောဂ့်တွေကို အသုံးချဖို့စိတ်မကူးကြတော့ဖူးလား ။

စိစစ်ရေး (censorship) မှာ ကမ္ဘာ့အချုပ်ချယ်ဆုံးနိုင်ငံတွေထဲပါဝင်တဲ့ မြန်မာနိုင်ငံကပြည်သူတွေအတွက်တော့ အင်တာနက်ပေါ်ကဘလောဂ့်တွေဟာ သူတို့မရောက်နိုင်တဲ့လောကကိုဝင်ရောက်ခွင့်ပေးတဲ့ ပြတင်းပေါက်လိုပါပဲ ။ အဲဒီပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့အတွေ့အကြုံတွေကို သူတို့စိတ်ဝင်စားကြမယ် ၊ သင်ကြားခွင့်ရတဲ့နည်းပညာတွေဟာ သူတို့အတွက်တန်ဖိုးရှိလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့မြန်မာလူမျိုးတွေဟာ ကိုယ့်အမိမြေမှာ တံခါးပိတ် မျက်စိပိတ် အမှောင်ချထားခံနေရတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဒီဘလောဂ့်တွေကိုသုံးပြီး ပညာဒါနတွေလှူဒါန်းနိုင်မယ့် အခွင့်အလမ်း ၊ အကျိုးရှိတာတွေ လုပ်ပေးနိုင်မယ့်အခွင့်အလမ်းတွေရှိတာ ဘလောဂ့်ရေးသူတိုင်းသိစေချင်ပါတယ် ။

ရှာဖွေလေ တွေ့ရှိလေလို့ဆိုနိုင်တဲ့ အခွင့်အလမ်းကို မရှာဖွေရင်တော့ ကိုယ့်ရှေ့မှောက်မှာရုပ်လုံးပြလာခဲ့ရင်တောင် မြင်တွေ့နိုင်ဖို့ခဲ့ယဉ်းပါတယ် ။ မြန်မာဘလောဂ့်လောကဟာလည်း မြန်မာပြည်ထဲကပြည်သူတွေအတွက် အကျိုးရှိတဲ့ပြတင်းပေါက်တပေါက်ဖြစ်လာဖို့တင်မက ၊ ပြည်ပရောက်မြန်မာဘလောဂါ့တွေရဲ့အရည်အချင်းကို ပိုမိုတိုးတက်လာနိုင်အောင် ပေးနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ် ။ ဒါပေမယ့် ဒီအခွင့်အရေးတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကတော့ မြန်မာဘလောဂါ့တွေပေါ်မှာပဲ လုံးလုံးလျားလျားမူတည်နေပါတယ်လို့ ကောက်ချက်ချလိုက်မိပါတော့တယ် ။


ဤဆောင်းပါးကို သံလွင်မဂ္ဂဇင်း ၂၀၀၉ ခုနှစ် ဧပြီလထုတ် အတွဲ (၃) အမှတ် (၂) တွင်ဖော်ပြပြီးဖြစ်သည် ။

Tuesday, May 12, 2009

'မှန်'

nweminthitSunday, April 26, 2009
'မှန်' ကို တစ်ကြိမ်တစ်ခါမျှ မကြည့်ဖူး၊ မမြင်ဖူးသူတစ်ယောက် က 'မှန်' ကို ပထမဦးဆုံးအကြိမ် မြင်တွေ့သွားရင် ဘာဖြစ်မယ်ထင် ပါသလဲ။ စဉ်းစားဆင်ခြင်နည်းကို လေ့လာသည့် ယုတ္တိဗေဒ Logic သင်ခန်းစာ ပို့ချစဉ်က မေးခဲ့ဖူး သည်။ 'လန့်သွားမယ် ထင် တယ်' ဟု ပြန်ဖြေလေ့ရှိကြသည်။ စဉ်းစား ဆင်ခြင်တဲ့ အလေ့အကျင့်မရှိတဲ့ သူတစ်ယောက်လည်း စဉ်းစားစရာ တစ်ခု စဉ်းစားဆင်ခြင်မိသွားရင် ဘာဖြစ်မယ် ထင်သလဲ။ ဆက်မေး သော မေးခွန်းဖြစ်သည်။ 'သူလည်း လန့်သွားမယ် ထင်တယ်' ဟု ဖြေ လေ့ရှိကြသည်။
'မှန်' ကို တစ် ကြိမ်တစ်ခါမျှ မတွေ့ ဖူးသူများအကြောင်း ရှေးဦးစွာ ပြော သည်။ ထင်းခုတ်သမား တစ်ယောက်တောထဲ ထင်းခုတ်သွားရင်း နေရောင် အောက်တွင် တလက်လက်ဖြစ်နေ သော အရာတစ်ခု တွေ့သည်။ ဘာ မှန်း မသိ။ ကောက် ယူကြည့်သည်။ 'မှန်' တစ်ချပ်ဖြစ် သည်။ သို့သော် 'မှန်' ကို 'မှန်' ဟု မသိ။ ကြည့်ပြီးထိတ်လန့်သွားသည်။ အံ့သြသွားသည်။ ကွယ်လွန်သွားတဲ့ အဖေရဲ့ပုံပါလားဟု ယူဆသည်။ တောစောင့်နတ်က ပေး သနားသည် ဟု မှတ်ယူသည်။ အိမ်သို့ ယူဆောင် သွားသည်။ ခေါင်းအုံးအောက်မှာ တရိုတသေထားသည်။ ညအိပ်ရာ ဝင် ကြည့်သည်။ တောထဲထင်းခုတ် သွားခါနီးကြည့်သည်။ ပီတိဖြစ်နေ သည်။ ပြီးတော့ ခေါင်း အုံးအောက်၌ တရိုတသေ ထားခဲ့သည်။
ရက်အတန်ကြာတော့ ဇနီး ဖြစ်သူက မယုံသင်္ကာဖြစ်လာသည်။ တစ်စုံတစ်ခု ကို ကြည့်ကြည့်ပြီး ပီတိ ဖြစ်နေသည်။ ဘာလဲမသိ။ တောထဲ ယောက်ျား သွား စဉ် ယူကြည့်သည်။ သူလည်း 'မှန်' ကို တစ်ခါမျှ မတွေ့ မြင်ဖူးသူ။ သူလည်း ဘာဖြစ်မလဲ။ ထိတ်လန့်ခြင်း၊ အံ့သြခြင်းနှင့်အတူ ကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသ ဖြစ်ခြင်းတို့ဖြစ်လာသည်။ သူ့ ယောက်ျား အခြားမိန်းမတစ်ဦးနှင့် ဖောက်ပြားနေပြီ။ မိန်းမတစ် ယောက်ရဲ့ပုံကို တမြတ်တနိုး ခေါင်းအုံး အောက် မှာ ထားသည်။ အိပ်ရာ ဝင်တိုင်း ကြည့်သည်။ တောထဲ သွားခါနီးကြည့်သည်။ ပီတိဖြစ် သည်။ ပြန်လာရင် သိမယ်ဟုဆို ကာ မောင်းတင်ထားသည်။
ယောက်ျားပြန်လာတော့ ဒေါ သတကြီးပြောသည်။ ရှင်နေ့တိုင်း နေ့တိုင်း မိန်းမတစ်ယောက်ရဲ့ပုံကို ကြည့်ကြည့်နေတာ မလွန်လွန်းဘူး လား။ ကိုယ့်မှာ ဇနီးတစ်ယောက်လုံး ရှိနေလျက်နဲ့ဆိုပြီး ရန်ပွဲဖြစ်သည်။ ယောက်ျားကလည်း မဟုတ်ရပါ ကြောင်း၊ သူကြည့်ကြည့်နေသည်မှာ သူရဲ့အဖေပုံဖြစ်ကြောင်း ပြန်ပြော သည်။ တစ်ဦးနှင့် တစ်ဦး ညှိနှိုင်းမရ၊ ဆွေးနွေးမရတော့။ တစ်ဦးနှင့် တစ်ဦး မပြေလည်တော့ ကျေးရွာ ထုံးစံအတိုင်း ရွာဦးဘုန်းကြီးရဲ့ အဆုံး အဖြတ် နာခံရန် ဘုန်းကြီး ကျောင်းသွားကြရသည်။
ဘုန်းကြီးက အကျိုးအကြောင်း မေးသည်။ ပြဿနာ၏ အရင်း အမြစ် ဖြစ်သော 'မှန်'ချပ်ကို ဘုန်းကြီး က တောင်းပြီးကြည့်သည်။ တကယ် တော့ ဘုန်းကြီးလည်း 'မှန်' ကို တစ် ကြိမ်မျှ တွေ့ဖူးသူမဟုတ်ပေ။ သည် တော့ ဘုန်းကြီးပြောလိုက်တဲ့ စကား က ပျံလွန်တော်မူသွားတဲ့ အရင်က ကျောင်းထိုင် ဆရာတော်ကြီးပုံပါ လား၊ မင်းတို့နှစ်ယောက်အိမ်မှာ မထားရဘူး၊ ဘုန်းကြီး ကျောင်းမှာပဲ ထားရမယ်ဟု ပြောလိုက်ပါသည်။
''စဉ်းစားဆင်ခြင်ခြင်းဆိုသည် မှာလည်း 'မှန်' နှင့်တူသည်ဟု ဗုဒ္ဓ က သား တော်ရာဟုလာအား ဆုံးမ သော သုတ္တန်တရားတွင် ဟော သည်။'' ဟု ပြော ပြသည်။ မှန်ကြည့် ဖူးကြသူများ ဘာကြောင့် မှန်ကြည့် ကြပါသလဲ။ မေးကြည့်သည်။ တစ် ယောက်တစ်မျိုးဖြေကြသည်။ လှ မလှ ကြည့်သည်။ အဆင်ပြေ မပြေ ကြည့်သည်။ အချိုးကျ မကျ ကြည့် သည်။ ကြည့်ကောင်း မကောင်း ကြည့်သည်။ ဟုတ်ပါသည်။ ထို့ အတူ စဉ်းစားဆင်ခြင်ဥာဏ်သည် မိမိ၏ အပြုအမူ၊ အပြောအဆို၊ အကြံအစည်တို့ မှန်မမှန်၊ ကောင်း မကောင်း၊ အကျိုးရှိ မရှိ ဝေဖန်ပိုင်း ခြားပေးသည်။
မစဉ်းစား မဆင်ခြင်ဘဲ ထင်ရာ စိုင်း၍ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက် ရောက်ဟုဆိုကာ ဦးတည်ချက် တိတိကျ ကျမရှိဘဲ ပြုမူပါက လို ရာပန်းတိုင် မရောက် နိုင်။ ပန်းတိုင်ပျောက် သွားနိုင်သည်။ နှုန်းစံများ ပျောက်သွားနိုင် သည်။ နှုန်းစံမရှိပါက အများ လက်ခံနိုင်သောဆုံးဖြတ် ချက်ပေးရန် ခဲယဉ်း သည်။ ဗုဒ္ဓက အလုပ် မလုပ်မီ စဉ်းစားဆင်ခြင် ရသည်။ အလုပ်လုပ် နေ ဆဲ၌လည်း စဉ်းစားဆင်ခြင်ရသည်။ ပြီးမြောက်လျှင်လည်း စဉ်းစားဆင် ခြင်ရသည်ဟုဆိုပါသည်။ အလုပ်ကို စဉ်ဆက် မပြတ် စက်ဝိုင်းသဏ္ဌာန် စဉ်းစား ဆင်ခြင်လုပ်ကိုင်ခြင်းဟု ဆိုနိုင် သည်။
မလုပ်ခင် ကြိုတင်တွေးဆချက် Hypothesis ရှိရမည်။ ခံယူချက် concept ရှိရမည်။ အချက်အလက် data ရှိရမည်။ ဒီဇိုင်း Design ရေးဆွဲရမည်။ ခွဲခြမ်းစိတ်ဖြာAnalysis လုပ်ရမည်။ လက်တွေ့လုပ် ဆောင်မှု observation and experiment ရှိရမည်။ တန်ဖိုးဖြတ် သုံးသပ်မှု evaluation လုပ်ရမည်။ ပြန်လည်သုံးသပ်မှု review လုပ်ရ မည်။ တွေးဆချက် ခံယူချက်သည် နှုန်းစံဖြစ်သည်။ နှုန်းစံမရှိဘဲ လက်တွေ့လုပ်ဆောင်မှုသာ ပဓာန ထားလုပ်ပါက တစ်ပွဲတိုးလုပ်ရပ် ဖြစ်မည်။
လူ့သမိုင်းတွင် လူ့အဖွဲ့အစည်း ရှိ လူတို့၏ အောင်မြင်မှုများသည် စဉ်းစားဆင်ခြင်ဥာဏ်ကြောင့်ဟု ဆိုပါသည်။ လူတို့၏ စဉ်းစား ဆင်ခြင်ဥာဏ်ကြောင့်ပင်ကောင်းကင် ကို ပျံသန်းနိုင်သည့် လေယာဉ်ပျံများ တီထွင်နိုင်ခဲ့ကြသည်။ မြေလျှိုးသည့် မြေအောက် ရထားလမ်းများ၊ ကား လမ်းများ ဖောက်လုပ်နိုင်ခဲ့ကြသည်။ ဆက်သွယ်မှု ချောမွေ့လွယ်ကူစေ သည့် အိုင်တီကွန်ရက်များ ဖန်တီး နိုင်ခဲ့ကြသည်။ 'မှန်' နှင့်တူသော စဉ်း စားဆင်ခြင်ဥှုာဏ်ဖြင့်သာ လူ့အဖွဲ့ အစည်းတစ်ခု အောင်မြင်တိုးတက် နိုင်သည်။ ကောင်းမွန် ပြည့်စုံနိုင် သည်ဟု ယူဆမိပါသည်။
Posted by Thulay at 5:36 AM

Sunday, May 10, 2009

Plight of Burmese people

20 June 2008 Posted by Thway Ni at 11:52 AM Labels: Poem

Gone with the wind,
Countless numbers of lives.

Numb with tears,
This undescribable feeling of pain.

Faced with fear,
The possibility of lost future.

Grappling with darkness,
A chance to see a glimpse of light at the end.

မြန်မာတွေရဲ့ဖြစ်ထွေ

မရေမတွက်နိုင် ဘဝတွေကို
လေထုက မောင်းနှင်သယ်ဆောင်ခဲ့ပြီ . . .
အနှိင်းအဆမဲ့ နာကျင်ခြင်းတွေက
မျက်ရည်တွေနဲ့အတူ ထုံထိုင်းမှိုင်းဝေစေခဲ့ပြီ . . .
အနာဂတ်ပြင် ဆုံးရှုံးသွားရတဲ့အခြေအနေမှာ
အကြောက်တရားက ဦးနှင့်နေပြီ . . . .
လုံးထွေး လွမ်းခြုံ အမှောင်နက်နက်ရဲ့ အဆုံးမှာ
ရိုးရိုးရိပ် အလင်းသဲ့သဲ့ကို မြင်ခွင့်ရတာ အခွင့်အရေးလေးတစ်ခုပါ . . . ။

(မူရင်းရသတောင်ပျာက်သွားမလားတော့ မသိဘူး ရည်ရွယ်ချက်မရှိပဲ မြန်မာပြန်ပါထည့်ဖြစ်လိုက်တယ်)

ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလို ကွန်ပျူတာ ဆော့ဖ်ဝဲ ထွက်ပြီ

ဝဏ္ဏကိုကို

မေ ၈၊ ၂၀၀၉
အိုးပင်းအော့ဖ်ဖစ် ၃.၁ ကို ၂၀၀၉ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ အများပြည်သူတို့ အသုံးပြုနိုင်ကြောင်း တရားဝင် ကြေညာလိုက်ရာ၊ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတခုမှာ ဗမာစာ လက္ခဏာများ စတင်ပါဝင် လာပြီဖြစ်ပါတယ်။ ယခု ဆော့ဖ်ဝဲဟာ ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလိုကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။
ဗမာစာဟာ မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကား တစ်ခုဖြစ်ပြီး၊ လူဦးရေ သန်း ၃၀ ကျော်ဟာ မိခင်ဘာသာ စကားအဖြစ်သုံးစွဲ ကြပါတယ်။ မြန်မာနိုင်ငံကို မှီတင်းနေ့ထိုင်သူတွေ နိုင်ငံရပ်ခြားကို ရေကြည်ရာ မြက်နုရာ ပြောင်းရွေ့လာကြတဲ့အခါ ဗမာစာဟာလဲ ကမ္ဘာ့နိုင်ငံအရပ်ရပ်ကို ပြန့်နှံ့လာပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူ ကွန်ပျုတာ အသုံးပြုသူတွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ကြသူတွပေါ။ အဲဒီတော့ “ဘာဖြစ်လို့ ဗမာလို လိုအပ်မှာလဲ …” ဆိုတဲ့ မေးခွန်းရှိပါတယ်။ ဗမာစာ လက္ခဏာတွေ ဆိုတာ ကွန်ပျုတာ မီနှူးတွေကို ဘာသာပြန်တာတစ်ခုထဲ မဟုတ်ပါဘူး။ ပြက္ခဒိန် က ရက်တွေ ကို ဗမာလို တွက်တာ၊ ဗမာနာမည်တွေကို အစီအစဉ်လုပ်တာ (Sorting in Burmese)၊ စာလုံးပေါင်းစစ်တာ စသည်ဖြင့် အများကြီးပါ။

ဗမာစာအကြောင်း ပြီးတော့ အိုးပင်းအော့ဖ်ဖစ် အကြောင်းပြောကြရအောင်။ အိုးပင်းအော့ဖ်ဖစ် ဆိုတာ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုပါ။ အဓိကပံ့ပိုးသူက Sun Microsystem ဖြစ်ပြီးတော့ အိုပင်းအော့ဖ်ဖစ် အဖွဲ့ဝင် တွေက ကူညီထုတ်လုပ်တာပါ။ ကမ္ဘာ့သုံး Open Source License ဖြစ်တဲ့ LGPL (GNU Lesser General Public License) နဲ့ ထုတ်လုပ်တော့ ကမ္ဘာ့ပေါ်မှာရှိတဲ့နိုင်ငံအားလုံးမှာ တရားဝင် အခမဲ့ သုံးနိုင်ပါတယ်။

အိုးပင်းအော့ဖ်ဖစ်မှာ ရုံးသုံးစရာတွေ ဖြစ်တဲ့ စာရေးစရာ (Writer)၊ စာရင်းဇယား ဆွဲဖို့ (Calc)၊ ဒေတာတွသေိမ်းဖို့ (Base)၊ တင်ဆက်ပြသဖို့ (Impress) နဲ့ အတူ ကိရိယာတွေ စုံလင်လှပါတယ်။

၂၀၀၇ ခုနှစ် နှစ်လယ်လောက်မှာ စာရေးသူက ဗမာစာပရောဂျက် (စေတနာ့ဝန်ထမ်း) ကို စတင်ဖို့ အိုးပင်းအော့ဖ်ဖစ်မိသားစုကို တင်ပြခဲ့ပါတယ်။ ဒီအလုပ်ဟာ နိုင်ငံရေးနဲ့ပတ်သက်မှု မရှိပါဘူး။ ဒါပေမယ့် နိုင်ငံရေး နွယ်လာပါတယ်။ အကြောင်းကတော့ ဗမာစာဟာ မြန်မာနိုင်ငံရဲ့ ရုံးသုံးစာဖြစ်နေ့ပြီး၊ စာရေးသူ က အဲဒီ အချိန်မှာ မြန်မာနိုင်ငံမှာ နေထိုင်နေလို့ပါပဲ။

ဒီနေ့ရာမှာ စကားစပ်လို့ အကြောင်းအရာ တစ်ခု ကိုပြောရရင်၊ ၂၀၀၄-၀၅ လောက်ကထင်ပါရဲ့ (နှစ်တော့ အတိအကျ မမှတ်မိတော့ဘူး) မြန်မာနိုင်ငံက ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှုးချုပ် သိန်းဇော်ကိုယ်တိုင် မိုက်ခရိုဆော့ဖ်က President လား CEO လား တာဝန်ထမ်းဆောင်နေတဲ့ Steve Ballmer ဆီကို မိုက်ခရိုဆော့ဖ်ကထုတ်တဲ့ ဆော့ဖ်ဝဲတွေမှာ ဗမာစာထည့်ဖို့ စာရေးဘူးပါတယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူး ကတော့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲတွေမှာ အခုအချိန်အထိ မပါသေးပါဘူး။ အဓိက ပြဿနာက အမေရိကန်ပြည်ထောင်စုအစိုးရ ရဲ့ ပိတ်ဆို့မှုလို့ ခေါ်တဲ့ Sanction နဲ့ စီးပွားရေးတွက်ခြေမကိုက်မှုပါပဲ။

အိုးပင်းအော့ဖ်ဖစ်ကျတော့ စီးပွားရေးကိစ္စထည့်တွက်စရာ မလိုတော့ဘူး။ သူက အခမဲ့လေ။ Sanction ကိစ္စကျတော့ နိုင်ငံရေးဖြစ်လာရော၊ နောက်ဆုံးပေါ် နည်းပညာကို မြန်မာပြည်မပို့ရ ဆိုတဲ့မူနဲ့ အဲဒီအချိန်က မြန်မာနိုင်ငံထဲနေတဲ့ စာရေးသူ ငြိ တော့တာပါပဲ။ ဒါပေမယ့် အိုးပင်းအော့ဖ်ဖစ် မိသားစု ရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်တဲ့ နေရာ (loophole) ကို ရှာတွေ့ခဲ့ပါတယ်။

ဗမာစာကို စိတ်ဝင်စားတဲ့ ဗြိတိန်နိုင်ငံသား Keith Stribley ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ၂၀၀၈ ခုနှစ် ဧပြီလ ပထမ ပတ်မှာ အစမ်း စတင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အစမ်းသုံးစွဲလိုသူတွေအတွက် my.openoffice.org မှာ ဒေါင်းလုတ် လင့်ခ်တွေ ပေးခဲ့ပါတယ်။ မန္တလေးက Alpha Zawgyi အဖွဲ့တွေကလည်း အစမ်းဖိုင် တွေကို သူတို့ရဲ့ ဆာဗာတွေမှာ တင်ခွင့်ပြုခဲ့ပါတယ်။
ပြဿနာ တစ်ခုကြုံပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ ပိတ်ဆို့မှု၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပိတ်ဆို့မှုပါ။ ပုဂံ ဆိုင်ဘာတက် က www.openoffice.org ကို ပိတ်ထားပါတယ်။ အော် … နိုင်ငံရေး မပါ၊ ဘာမပါနဲ့ ဘာလို့များ ပိတ်ရတာလဲ စုံစမ်းကြည့်တော့ အိုးပင်း (open) ဆိုတဲ့ စကားလုံး ပါလို့ သူတို့ရဲ့ကီးဝတ် (Keyword) နဲ့ ငြိဆိုပဲ။ “Closed Home” ဆိုပြီး ပြောင်းဖို့ ကျတော့လဲ လက်တွေ့မှာ မဖြစ်နိုင်ဘူးလေ။ ပုဂံဆိုင်ဘာတက်ကို ဖွင့်ပေးဖို့ နည်းအမျိုးမျိုးရှာပြီး ပြောရပြန်ရော။ နော့က်ဆုံးတော့ အောင်မြင်သွားပါတယ်။
အိုးပင်းအော့ဖ်ဖစ်အဖွဲ့ကလည်း ကုဒ်တွေကို တော်တော် စိစစ် ပါတယ်။ သူတို့ကလည်း ဘာသာစကားပေါင်း ၉၀ ကျော်နဲ့ လုပ်ထားတာလေ။ Keith က သူ့ရဲ့ ကုဒ်တွေကို ၂၀၀၈ ခုနှစ် ဆန်းပိုင်းလောက်ကတည်းက အိုးပင်းအော့ဖ်ဖစ်ကို ပို့ထားတာပါ။ အခုမှ တရားဝင် ထွက်လာတာသာ ကြည့်တော့။ ကြားထဲမှာ သူတို့ရဲ့ မူတွေ၊ စံနှုံးတွေနဲ့ မကိုက်လို့ ပြင်ရတာတွေလည်း အများကြီးပါ။
အခုတော့ တရားဝင်ထွက်လာပါပြီ။ ထွက်လာတော့လဲ အဆင်သင့်ပါ။ ဝင်းဒိုး (Windows) သုံးသူတွေအတွက်သာမက လင်းနစ် (Linux)၊ မက် (Mac) နဲ့ ဆိုလာရစ် (Solaris) အသုံးပြုသူတွေ အတွက်ပါ အသင့်ရှိနေပါပြီ။
လုပ်စရာတွေက အများကြီးကျန်ပါသေးတယ်။ ဘာသာပြန်တာဆိုရင်လဲ ၃၀ ရာခိုင်နှုန်းးသာသာပဲ ပြီးသေးတယ်။ တခြား ဗမာစာလက္ခဏာတွေလဲ ထည့်ဖို့ အများကြီးကျန်သေးတယ်။ ဒါပေမယ့် တက်တက်ကြွကြွလုပ်မယ့်လူက - ကွန်ပျုတာအပိုင်းက Keith ရယ်၊ ဘာသာပြန်အပိုင်းက ဦးမျိုးအောင် (Kanhaiya Verma) ရယ်ပဲရှိတယ်။ စာရေးသူကလည်း ဖြီးစားတာကလွဲလို့ ဘာမှ မလုပ်တတ်။ ပိုဆိုးတာက ဒီအလုပ်က စေတနာ့ဝန်ထမ်းအလုပ်။ ဘယ်ကမှ ပိုက်ဆံမရဘူး။ စိတ်ဝင်စားပါတယ်လို့ ပြောတဲ့လူတွေကတော့များသား။ စွဲစွဲမြဲမြဲ လုပ်မယ့်လူ နောက်ထပ် ပေါ်လာကောင်းပါရဲ့လို့ မျှော်လင့်နေရတယ်။ များများ ဝိုင်းလုပ်ရင် မြန်မြန် ပြီးတာပေါ့။
အခုလို တရားဝင် မထွက်ခင် အစမ်းထုတ်ဝေတုန်းက စမ်းသပ်ပေးခဲ့ကြတဲ့ လူများကို လည်း ကျေးဇူးတင်ပါတယ်။ တရားဝင်ထွက်တယ်ဆိုပေမယ့် အခုမှ စ လုံးရေ စ ရတာပါ။ အမှားတွ ပေါ ခဲ့ရင်လဲ dev @ my.openoffice.org ကို သော်လည်းကောင်း wunnakoko @ openoffice.org ကို သော်လည်းကောင်း ပေးပို့ အကြောင်းကြားမယ်ဆိုရင် ကူညီရာ ရောက်ပါတယ်။ လုပ်စရာတွေက များတော့ ကွန်ပျုတာအကြောင်း နားမလည်လည်း ကူညီချင်သပဆိုရင် ကူညီနိုင်ပါတယ်။ အီးမေးလ်လေးသာ ပို့လိုက်ပါ။
(မိုးမခ မှတ်ချက် - ၀ဏ္ဏကိုကိုသည် မိုးမခ၏ မြန်မာစာယူနီကုတ် ၅.၁ စာမျက်နှာဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် စေတနာဝန်ထမ်းတဦးလည်း ဖြစ်ပါသည်)

Saturday, May 9, 2009

ကိုလေးဖြူ အင်တာဗျူး


အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။
ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။
ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။
ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။
ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ - ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။
ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။
ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။
ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။
မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။
ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။
မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။
ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။
မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။
မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။

ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။

မုန်းမှ ကယ်လီဖိုးနီးယားသို့

ဒဂုန်တာရာ
မေ ၉၊ ၂၀၀၉

(ဆရာ ဒဂုန်တာရာ မေ ၁၀မှာ အသက် ၉၀ ပြည့်မယ်လို့ ဆရာအောင်ဝေးက သတိပေးထားပါတယ်။ အဲသည့်အတွက် ဆရာကြီးရဲ့စာ၊ ကဗျာတွေကို အမှတ်တရ တင်ဖို့ စီစဉ်ပါတယ်။ ပထမဦးဆုံး ဆရာရေးခဲ့တဲ့ ၁၉၈၅ ခုနှစ်ကကဗျာ - မုန်းမှ ကယ်လီဖိုးနီးယား သို့ - ကို တင်ဆက်လိုက်ပါတယ်။ ဆရာအမျိုးအဆွေတို့ အနောက်ကမ္ဘာသို့ ပြောင်းရွှေ့ကြချိန်မှာ ဆရာရေးခဲ့တဲ့ ကဗျာလို့ ဆိုပါတယ်။ ဟိုး မြန်မာပြည်အလယ်ပိုင်း မုန်းချောင်းနဲ့ အညာဒေသက မြန်မာတို့ ရုန်းကန်တည်ဆောက်ခဲ့ကြရာ၊ သို့မှ အဆင့်ဆင့် ရွှေ့ပြောင်းပြီး ရေကြည်ရာ မြက်နုရာ အခြေချခဲ့ကြရာ၊ ၁၉၈၅ ခုနှစ်မှာ သူ့မျိုးဆွေတို့ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့အခြေချခဲ့စဉ် ခံစားမိသမျှကို ရေးထားတာ ဖြစ်ပါတယ်။)
(ကဗျာထဲမှာပါတဲ့ မြန်မာမှုဝေါဟာရလေးများကို ရင်ခုန်စွာဖြင့် ဒီကဗျာကို တင်ပါတယ်)


မုန်းချောင်းဘေးမှ

အညာဒေသ၊ ရွာကလေးများ

ဘိုးဘွားစဉ်ဆက်၊ ဆင်းသက်လာရာ

ကြည်လင်စိမ်းပြာ၊ နွေခါဒူးဆစ်

ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ

လက်လက်ရေတွင် မြင်ရ၏။



ဗုဒ္ဓကြွလာ

ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်

ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်

ဖခင်ခေါ်ရာ၊ လိုက်ပါလာစဉ်

ဝန်းကျင်ရွာများ၊ လှည့်လည်သွားကြ

အဘွားပြောဖူး၊ ဘူးသည်ဇောင်းချမ်းကုန်း

မုန်းချောင်း၊ မန်းချောင်း

ကျောင်းထိုင်ဦးပဏ္ဍိ၊ ရှိရာတည်းခို

စိုရွှဲဆီများ၊ ရေမုန့်ဖဲ့စား

တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား

ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ

မြင်ရ ကြားရ၊ တွေ့ခဲ့ရသည့်

မုန်းချောင်းဒေသ ပုံကားချပ်။



သီပေါနန်းကျ

တိုင်းပြည်ပျက်စ၊ မုန်းမှစွန့်ခွာ

ဧရာဝတီ၊ စုန်လာလိုက်ကြ

မြစ်ဝကျွန်းပေါ်၊ ရေ၀န်းကမ်းညို

ကနစိုတောအုပ်၊ ရှင်းလင်းခုတ်တူး

ဓားမဦးချ၊ မြေဆွထွန်ယက်

မျိုးဆက်ပြန့်ပွား၊ လယ်သမားများ

အိမ်ခြေများလာ၊ ဖွဲ့စည်းကာလျှင်

ထိုင်ကူဆိုသော ရွာကလေး။

လယ်ကွင်းရေပြည့်

လှေဖြင့်ထိုးသွား၊ ၀ါးလုံးကျိုးကျ

ရယ်ကြမောကြ၊ စပါးပင်ကြား

ရေထုဆင်းမှ၊ လှေထွက်ရတော့

မျှော့နက်တွယ်ကပ်၊ ရယ်ရာမှငို

မိုညိုလာပြီ၊ ရွာဆီမည်းမှောင်

မိုးထဲလေထဲ၊ လှေကိုပစ်ထား

ပြေးကြလွှားကြ ပျော်စရာပ။



လရောင်ကျိုးကျဲ

ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်

မြေ၀ိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွတ်

လတ်လပ်တေးဆို၊ ပျိုအိုတစ်သင်း

အတင်းပြောရင်း ၀ိုင်းလုပ်ကြ။



နှင်းခ တလင်း

ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ

လေကအဝေ့၊ စပါးလှေ့ကြ

ကွေ့ကာဝိုက်ကာ၊ ကောက်လှိုင်းပုံဘေး

ပြေးကာဆော့ကာ၊ လ၀ါဝါလေး

တိမ်ပြာမဟူရာ၊ ဇာပါးအထွေး

ညဥ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး

ပြေးလိုက် ပုန်းလိုက်၊ ကောက်ရိုးပုံနွေး

တိုးဝင်အကွေး၊ လမြရေးရေး

စပါးပေါ်ချိန် လွမ်းမိသေး။



မြစ်လက်တက်တွင်

စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ

တံငါလှေပျက်၊ လှဲလျောင်းလျက်တည့်

မောင်းသံဒူဒူ၊ ထုသူကင်းမဲ့

ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ

ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်

မပြောနိုင်ရှာ၊ ယခုခါမူ

ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍

ကိုရင်တစ်ပါး၊ လှော်ခတ်သွားသည်

ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ

လှိုင်းထပွတ်ထိ၊ လှုပ်မိရာမှ

ဇလပ်သီးကြွေကျ

တင်ကျီးငှက်က လန့်ပြေး။



မော်တော်ပေါ်တွင်

ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး

ကိတ်မုန့်ကျွေးခဲ့၊ ရေခဲ့မုန့်နှင့်

ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်

ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်

ဗျိုင်းငှက်တကောင်ငေး။



ငယ်စဉ်ဘဝ

ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့

နွားချေးနံ့နှင့်၊ ပဲရစ်ညခင်း ရေမွှေးနံ့

ထွေးရောမတူ၊ ကျေးလက်နှင့်မြို့ပြ

ဘုန်းကြီးကျောင်းမှ တက္ကသိုလ်

ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့

မုန်းကျောက်စရစ်၊ သဲပွင့်ရွေ့လျား

သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်

လှေပျက်ကြွင်းကျန်၊ ရွှေရောင်ယွင်းလွင့်

ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ၊ ပြစရာတည့်

အမည်စာလုံးသာ

ပထမမျိုးဆက် ပုံပြင်များ။



ဒုတိယမျိုးဆက်

ငါတို့လက်ထက်၊ သည်မျိုးဆက်ကား

မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်

အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း

ထိုင်ပြီးစားကြ၊ မတိုးပွားခဲ့

နှစ်များကြာလျှင်၊ မြေရှင်စံနစ်



ခေတ်နှင့် ကွာဝေး၊ တဖြေးဖြေးချင်း

သက်ဆင်းရွေ့လျော၊ တိမ်ကောလာစဉ်

ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်

လက်ထက်ရောက်ခါ၊ ပြစရာကား

စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်

ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓားမြှောင်

မဟော်ဂနီရောင် ဗီရို၊ ရွှေတိုရွှေစ

သက္ကလတ်စ၊ ရှန်ဟဲဖဲစ

ဇင်းမယ်ထဘီ၊ ဗန်ကောက်လုံချည် မြင်းချေးရောင်

သည်လောက်သာ၊ ကြည့်စရာတည့်

မျက်စိပေကလတ်၊ တဖျတ်ဖျတ်နှင့်

ရင်သပ်ရှုမော၊ အံ့သြတွေဝေ

ဘာတွေပါလိမ့်၊ ခုခါခေတ်သစ်

ခရစ်ပြိုးပြက်၊ ပဂ္ဂီပါတိတ်

ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ

အိတုန်အိရှံ၊ မလေးရှံတဲ့

ရှေးနဲ့မတူ သူတို့ခေတ်။



သူတို့မေးကြ

ဒုတိယ မျိုးဆက်၊ကျနော်တို့ လက်ထက်အကြောင်း

ဆောင်းလဟေမန်၊ နှင်းခညတွင်

မောင်းနှင်ခုတ်သွား၊ မီးရထားက၊ ရိုးမကိုဖြတ်

နှင်း တရစပ်၊ တောအထပ်ထပ်

ပတ်သန်းခရီး၊ တောင်တွင်းကြီးလမ်း

တောပန်း တောင်ပန်း၊ သင်းပျံ့ ကြိုင်လှောက်

ထိုရေနံချောင်း ချောက်၊ ရေနံမြေတလျှောက်

နှင်းပေါက်ဇာပါး၊ လူထုကြားတွင်

တရားဟောကြ၊ စည်းရုံးကြနှင့်

အလယ်ပစ္စယံ၊ အရန်ဇရပ်

သပိတ်တပ်စခန်း

ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်

အလုပ်သမား၊ လယ်သမားများနှင့်

ထမင်းထုပ် အတူ စားကြသည့်အကြောင်း

သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်

စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်

သက်သေခံပစ္စည်း၊ ကြီးကြီးမားမား

ထောက်ထားမရှိ၊ တိုတိတိုစ

ပုံတိုပတ်စ၊ ကဗျာစ ၀ထ္ထုစ

မှတ်မိသမျှ၊ ပြောပြနေစဉ်

မျက်စိပေကလတ်၊ တဖျတ်ဖျတ်နှင့်

ရင်သပ် အံ့သြ၊ ငေးမော ပန်းလျ

ဒုတိယမျိုးဆက် ပုံပြင်များ။



တတိယမျိုးဆက်

သည်လက်ထက်ကား၊ ရုန်းကန်မှုများ

လှုပ်ရှားမှုများ၊ အဟုန်ကြီးမား

အမျိုးအစား၊ ထွေပြားယှက်သန်း

နက်နဲရှုပ်ထွေး၊ အမေးပုစ္ဆာ

အဖြေရှာကြ၊ များလှစွာပင်

လူငယ်သဘာဝ၊ တွေးဆ စဉ်းစား

ဥာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်

စာအုပ်ရှာလည်း၊ မတွေ့ဘဲလျှင်

ကျောင်းနံရံပြင်ပ၊ မြင်ရ ကြားရ

တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက

တီးကြ မှုတ်ကြ၊ ကော်ပီ ဂီတ

ဗီဒီယိုမှ၊ ပစ်ကြ ခတ်ကြ

ချွတ်ကြ ဖော်ကြ၊ ပျော်ကြ ပါးကြ

သရဲကား ဓားကား၊ နံချပ်ကူကား

မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ

နေကာမျက်မှန်စိမ်းများ၊ အသံသွင်း တိပ်ခွေများ

သံလိုက်ထိန်းချူပ်၊ ကစားစရာအရုပ်များ

ဈေးကွက်စည်ကား၊ ဆူးလေဘုရားလမ်းဘေး

ဟေး ဟေး ငြာသံ၊ ဆူညံအော်လျက်

လက်မှတ်ရုံပေါက်၊ တယောက်ကို တယောက်တွန်း

ဂျိန်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။



ဤပတ်ဝန်းကျင်

တွေ့မြင်ခံစား၊ အာရုံများစွာ

လှုပ်ရှားလူးလွန့်၊ ရေသေ ကူးခပ်

ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်

တဖြောက်ဖြောက်လျှင်၊ မိုးပေါက်သံထင်

မှန်ရိပ်ဖိတ်စဉ်၊ ကြည်လင်သံမျှင်း

“လေဆိပ် ဆင်းတော့မယ်” ဟု၊ အငယ်လေးထံမှ

နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား

“ဘာမှာမလဲ”မေး၊ ရင်ထဲတုန်ယင် “ပန်းချီဆေး”ဟု

နွမ်းလျသံဖြင့်၊ ဖြည်းညင်းပြန်ပြော

စကားသံအဆုံး၊ ဖုန်းချသွားပြီ

အဝေးဆီလွင့်

ညီမများရှိရာ၊ ထွက်ခွာသွားစဉ်

မိုးသားညိုဆင်၊ မျောပါလေနှင်

ငါလျှင်ငေးမော၊ မုတ်သုံကြားမှ

မျိုးဆက်များကား

ဝေးကွာ သွားကြ၊ မုန်းမှ လော့စ်အိန်ဂျယ်လိစ်

ရေကြည်ရာလွှမ်း၊ ငြိမ်းချမ်းပင်လယ်

ကျယ်လည်းတမုဟုတ်၊ ခလုတ်နှိပ်ရုံ

ရုပ်မြင်သံကြားတယ်လီဖုန်းမှာ တွေ့ကြစို့နော။ ။

(ကယ်လီဖိုးနီးယားရောက် ဆွေမျိုးများသို့)
[ဒဂုန်၊ မေ ၁၉၈၅]

Tuesday, May 5, 2009

What is ProfessionalBlogging and How to?[ 2 ]

By Mhaw Sayar on June 4th, 2008
ဘလော့ဂ် ခြင်း အမျိုးအစားများ နှင့် ဘလော့ဂ် တို့၏ အရေးပါမှု အဆင့်အတန်း
Open Diary, LiveJournal, Blogger.com, နှင့် WordPress.com စတဲ့ Blogging Community ကြီးတွေရဲ့ လျင်မြန်စွာ ပေါက်ကွဲ ကြီးထွားမှု တွေနဲ့ အတူ Internet တစ်ခွင်လုံး မှာလည်း ဘလော့ဂ်တွေ၊ ဘလော့ဂ်တွေ မိုးဦးကျ မှိုတွေလို အပြိုင်းပြိုင်း ပေါက်ရောက် လာခဲ့ကြပါတယ်။ တချို့ကလည်း မိမိ ၀ါသနာ ပါတဲ့ အကြောင်းအရာ တွေကို မျှဝေ လိုတဲ့ ဆန္ဒနဲ့ရေး၊ တချို့ကလည်း မိမိရဲ့ အိမ်၊ ကျောင်း၊ အလုပ်က ကိစ္စရပ်များကို မှတ်တမ်းတင်ရာ၊ စိတ်ခံစားမှုများ လျော့ချရာအဖြစ်ရေး၊ တစ်ချို့ကလည်း ကိုယ်နှင့် ကိုယ့်မိသားစုအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း စတာတွေကို မှတ်တမ်း မှတ်ရာ၊ ဒိုင်ယာရီ အနေနဲ့ရေး၊ တချို့ကလည်း ယခင် ကတည်းက ဓာတ်ခံရှိခဲ့တဲ့ စာ၊ ကဗျာ စတဲ့ အနုပညာ တွေကို လွတ်လွတ်လပ်လပ် ကိုယ်တိုင်စာစီ၊ ကိုယ်တိုင် တည်းဖြတ်နိုင်ပြီး ကိုယ်တိုင် ထုတ်ဝေခွင့် ရတဲ့ နေရာတစ်ခုအဖြစ် ရေး စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ဘလော့ဂ် တွေကို ပုံစံမျိုးစုံနဲ့ ကမ္ဘာ အရပ်ရပ်ကလူတွေ ရေးသား လာခဲ့ကြတာကို တွေ့ရမှာပါ။
အဲဒီလို အမျိုးမျိုးသော ပုံစံတွေနဲ့ ရေးသားလာခဲ့ကြတဲ့ ဘလော့ဂ်တွေ ကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။
1. ကိုယ်ရေးကိုယ်တာဆိုင်ရာ (Personal)
2. သတင်းဆိုင်ရာ (News)
3. အတင်းအဖျင်းဆိုင်ရာ (Gossip)
4. နိုင်ငံရေးဆိုင်ရာ (Polities)
5. နည်းပညာဆိုင်ရာ (Technology)
6. အထွေထွေ နှင့် (General)
7. အခြား (Other)
Modern Life က ၂၀၀၆ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ အောက်ပါအတိုင်း ဘလော့ဂ် အမျိုးအစားများ ခွဲခြား ဖော်ပြပြီး လေ့လာ ဆန်းစစ်မှု လုပ်ထားတာကို တွေ့ရပါတယ်။ အခြေပြု ဆန်းစစ်ရာ နောက်ခံ အကြောင်းအရာများ ကတော့ ရေးသားသော အကြောင်းအရာ၊ သုံးစွဲသော ဘလော့ဂ် ဆော့ဖ်ဝဲလ်၊ အသုံးပြုသော ဘာသာစကား၊ နောက်ခံအရောင် အသုံးပြုမှု အစရှိတာတို့ ဖြစ်ကြပါတယ်။
၁။ အသုံးပြုသော ဆော့ဖ်ဝဲလ် အလိုက်
Trends of Blogging Application
အဲဒီ ၂၀၀၆ ကာလက Moveable Type က ၁၅ ရာနှုန်းနဲ့ ဦးဆောင်ကာ၊ WordPress က ဒုတိယလိုက်လို့၊ Blogger.Com ကတော့ စတုတ္ထနေရာ အဖြစ်နဲ့ တွေ့ရှိရပါတယ်။ ( လက်ရှိမှာတော့ WordPress က ဦးဆောင်သူ၊ Blogger.Com က ဒုတိယ ဖြစ်နေပါပြီ။ :) )
၂။ ရေးသားသော အကြောင်းအရာ အလိုက်
Trends of Blogging Types
ဒီနေရာမှာတော့ နည်းပညာ ဆိုင်ရာ ဆိုတဲ့ ကဏ္ဍကို ရေးသားကြသူအများဆုံး ဖြစ်ပြီး အထွေထွေက ဒုတိယလိုက်လို့ နိုင်ငံရေး ဘလော့ဂ်များက တတိယနေရာ လိုက်ပါတယ်။
၃။ အသုံးပြုသော ဘာသာစကား အလိုက်
Trends of Blogging Languages
အင်္ဂလိပ် လိုရေးသားကြသူ အများဆုံးဖြစ်ပြီး ဘာသာစကား တစ်ခုချင်းစီ အလိုက်ကြည့်ရင် ဂျပန်က ဒုတိယလိုက်ပါတယ်။ လူဦးရေ သန်း ၁၀၀၀ ကျော် တရုတ်က စတုတ္ထနေရာမှာပါ။ (Apprenticeship ပြောခဲ့တဲ့ မှတ်ချက်တစ်ခု နဲ့လည်း သွား တိုက်ဆိုင်နေပါတယ်။)
၎။ နောက်ခံအရောင် အသုံးပြုမှု အလိုက်
Trends of Blogging Background Colors
ဘလော့ဂ် တွေရဲ့ နောက်ခံ အရောင် အသုံးပြုမှုမှာတော့ အဖြူရောင် က ပထမနေရာ နဲ့ ဗိုလ်စွဲပါတယ်။
ဒါကတော့ Modern Life ရဲ့ ၂၀၀၆ က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ ဖြစ်ပါတယ်။ ဒီစစ်တမ်းတစ်ရပ်ထက် ပိုမို Update ဖြစ်တဲ့ စစ်တမ်းတစ်ရပ်ကိုတော့ Problogger က ၂၀၀၈ ခုနှစ် အတွင်းမှာပဲ ကောက်ယူ ခဲ့ပါသေးတယ်။ အဲဒီ စာရင်း မှာကတော့ မိမိ ရေးသားတဲ့ အကြောင်းအရာကို လိုက်ပြီး ဘလော့ဂ် အမျိုးအစားခွဲခြားခြင်း ဆိုတဲ့ စစ်တမ်း တစ်ခုသာဖြစ်ပြီး ကျန်တဲ့ ဘာသာစကား၊ အသုံးပြုတဲ့ အရောင် စတဲ့အရာတွေ တော့ မပါဝင်ပါဘူး။ အမျိုးအစားတွေ ကတော့ Modern Life ကထက် ပိုမိုစုံလင်စွာ ခွဲခြား ထားတာကို တွေ့မြင်ရမှာပါ။ Problogger ရဲ့ စစ်တမ်းကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
အထက်ပါ စစ်တမ်း (၂) ရပ် အရကြည့်မယ်ဆိုရင် ဘလော့ဂ် ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးနှင့် အတူ ကြီးထွား ရှင်သန် လာတဲ့ ကွန်ယက် စာမျက်နှာ တစ်မျိုးဟာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ နေ့စဉ် မှတ်တမ်းလောက် အဖြစ် အသုံးပြုရုံသာမကပဲ နယ်ပယ် အသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ အသုံးပြုနေကြတယ် ဆိုတာ ထင်ရှားပါတယ်။ အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံကြီးတွေမှာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး နှင့် အားကစား၊ ကြော်ငြာကဏ္ဍ စတဲ့ အသီးသီးသော ကဏ္ဍကြီးတွေမှာ ၀ဘ်ဘလော့ဂ်တွေကို အစွမ်းထက် လက်နက်တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးချလာခဲ့ ကြတာ ၂၀၀၀ ခုနှစ် အလွန် သက်တမ်းများက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ဘလော့ဂ် လောကကြီး ကြီးထွားရှင်သန်လာခြင်း နှင့် အတူ သူရဲ့ ကြီးကျယ် အစွမ်းထက်မှု ကို အင်တာနက်ကမ္ဘာရဲ့ လူသားတို့ အသိအမှတ်ပြုကြပြီးသကာလမှာ Blog လောကအတွက် အသုံးအနှုန်း ဆိုင်ရာများ၊ Blog ရှာဖွေရေး အင်ဂျင်များ စတာတွေ ပါ သီးသန့် အနေနဲ့ ပေါ်ထွက်လာ ခဲ့ကြပါတယ်။ ကိုယ်ပိုင် Blog တွေကနေတဆင့်လည်း Blogging သင်ခန်းစာများကို ပို့ချရင်း ကမ္ဘာအရပ်ရပ်မှာပါ အောင်မြင်ကျော်ကြားတဲ့ Blogger University ကြီးတွေလို့ ပြောလို့ရအောင် ကြီးကျယ်ထင်ရှားတဲ့ Blog ကြီးတွေ ပေါ်လာတာလည်း မနည်းလှပါဘူး။
အမှန်တစ်ကယ်လည်း ဘလော့ဂ်ဆိုတဲ့ ကွန်ယက်စာမျက်နှာ တစ်မျိုးဟာ ပြုလုပ်ဖန်တီးရန် လွယ်ကူသလောက် အသုံးချသူရဲ့ ကျွမ်းကျင်မှု၊ အချိန်ကာလ၊ နေရာ၊ ဒေသနှင့် လိုအပ်ချက် ကို သိရှိ ဖြည့်ဆည်းပေးနိုင်မှု စတဲ့ အချက်တွေပေါ်ကို မှီခိုပြီး ကြောက်စရာ ကောင်းလောက်အောင် ကို အစွမ်းထက် လက်နက် တစ်ခုအဖြစ် အသုံးချနိုင်တာကို တွေ့ရပါတယ်။
သာဓကအနေနဲ့ ကြည့်မယ်ဆိုရင် ဘလော့ဂ်တွေကို ကွန်ယက်သဖွယ် ထပ်မံချိတ်ဆက်ပြီး ပညာရေးဆိုင်ရာ ဘလော့ဂ်ကွန်ယက် စာမျက်နှာ များ အဖြစ် ထိရောက်စွာ အသုံးချ နေခြင်းကို Wikipedia စာမျက်နှာ က တစ်ဆင့် လေ့လာနိုင် ပါတယ်။ အဲဒီလိုပဲ နိုင်ငံရေး ဆိုင်ရာများ မှာလည်း ဘလော့ဂ် တွေရဲ့ စွမ်းပကားကို ဘယ်လို အသုံးချ နေကြတယ်ဆိုတာ ဒီစာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
စီးပွားရေး ဆိုင်ရာမှာတော့ ဒီဆောင်းပါးခေါင်းစဉ် ရဲ့ မူရင်း ရည်ရွယ်ချက် အရ သာမန် အပျော်တမ်း ဘလော့ဂ် ရေးသားခြင်းမှ သည် ရေးသားသမျှ အကြောင်းအရာတိုင်းကို တစ်စုံတစ်ခုကို စူးစိုက်ရေးသားပြီး ဖတ်သူတိုင်းအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေတဲ့ ဆောင်းပါးများကို ရေးသားပြီးသကာလ ထို ဘလော့ဂ်ဂင်းမှ တစ်ဆင့် ထိရောက်တဲ့ အပိုဝင်ငွေ၊ ပြင်ပ ၀င်ငွေ ရရှိအောင် ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေး ပြောဆိုသွား လိုပါတယ်။
အမှန်ပါပဲ။ အပျော်တမ်း ဘလော့ဂ်ဂါတွေကနေ တဆင့် လစဉ် ဒေါ်လာ ထောင်ချီ၊ သောင်းချီရနေတဲ့ ဘလော့ဂါတွေ ဖြစ်လာအောင် လုပ်ကိုင် နေကြသူတွေ တစ်ကယ်ရှိပါတယ်။ သူတို့ အနေနဲ့ ကတော့ အခုအချိန်မှာ ဘလော့ဂ် ရေးသားခြင်းဟာ သူတို့ အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်လုပ် ရင်းကနေလဲ ဘလော့ဂ် ရေးသားခြင်းကနေ အပိုဝင်ငွေ ရှာဖွေနေကြသူတွေလည်း ရှိပါသေးတယ်။
ဒီနေ့ ခေတ် မျက်မှောက် ကမ္ဘာရဲ့ ဘလော့ဂ်တို့၏ အရေးပါမှုကို အထိရောက်ဆုံး အသုံးချပြီး ဘလော့ဂ် ရေးသားခြင်းကနေ သူတို့ အပို ၀င်ငွေတွေ ဘယ်လို ရှာနေကြသလဲ..???

ဆက်လက်ဖော်ပြပါမည်…Ref;
1. Wikipedia
2. Problogger
3. Modern Life
4. John Chow

What is Professional Blogging and How to? [ 1 ]

By Mhaw Sayar on May 19th, 2008
အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း

၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။

Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။
အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။
နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။
ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။
A blog (an abridgment of the term web log) is a website, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse chronological order. ဘလော့ဂ်တစ်ခု ( Web Log ၏ အတိုကောက် အသုံးအနှုန်း) ဆိုသည်မှာ ကွန်ယက် စာမျက်နှာတစ်ခု ပင်ဖြစ်ပြီး အဖြစ်အပျက် များ၏ ရှင်းလင်းချက်များ သို့မဟုတ် ရုပ်ပုံ ဖော်ပြချက်များ နှင့် ရုပ်သံဆိုင်ရာ ပစ္စည်းများပါဝင်ကာ တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဦးထက်ပိုသော ပုံမှန် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ တစ်ခုခု မှ သော်လည်းကောင်း ပြုပြင် ထိန်းမှုပုံမှန် ပြုလုပ်သည်။ ၎င်းတွင် ဖော်ပြ ထားသမျှသော အရာအားလုံးတို့အား များသောအားဖြင့် နှစ်ကာလ အစီအစဉ်လိုက် ပြောင်းပြန် အားဖြင့် ဖော်ပြထားလေ့ရှိသည်။
အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။
ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။
Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။
တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။
အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။
Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။
* Open Diary - ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး မကြာခင် ကာလအတွင်း မှာပဲ အွန်လိုင်း ဒိုင်ယာရီ ရေးသားသူ အရေအတွက် ထောင်ပေါင်း များစွာ အထိရောက်ရှိခဲ့ပါတယ်။
* Brad Fitzpatrick - ဘလော်ဂါ တွေရဲ့ အစလို့ လူသိများတဲ့ LiveJournal က ၁၉၉၉ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တာပါ။
* Blogger.com - Evan Williams နှင့် Meg Hourihan တို့ နှစ်ဦး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ မှာ စတင် တည်ထောင်ခဲ့ပြီး Google က ဖေဖော်ဝါရီ ၂၀၀၃ မှာ ကုမ္ပဏီ တစ်ခုလုံး ကို ပြန်လည် ၀ယ်ယူ ခဲ့ပါတယ်။

ဆက်ပါဦးမည်.

Monday, May 4, 2009

ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်ဆိုထားသော RUDWARD KIPLING ၏ “IF” ‘IF. . . .’ ‘အကယ်၍’

ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်ဆိုထားသော RUDWARD KIPLING ၏ “IF”
‘IF. . . .’

‘အကယ်၍’


If you can keep your heard when all about you,
Are losing theirs and blaming it on you,

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all doubt you,
But make allowance for their doubting too,

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

IF you can bear to hear the truth you’ve spoker
Twisted by knaves to make atrap for fools,
On watch the things you gave your life to broken.
And stoop and build’em up with won-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။

If you can wait and be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with triumph and Dister,
And tread those two imposters just the same;

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

ဘာသာပြန်ဆိုသူ ဒေါ်အောင်ဆန်းစုကြည်
(Translated by Aung San Su Kyi)

saffrontoward ကူးယူဖေါ်ပြပါသည်။

Saturday, May 2, 2009

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)
By Mhaw Sayar on December 22nd, 2008

အပိုင်း (၁)
ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)
(က) မြစေတီ
၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ် ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက် ၊ မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင်အထည် ဖော်ရေး အဖွဲ့များ စတင် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာ etrademyanmar.com တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်အား တစ်ပြည်လုံး ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရေး အတွက် နေရာတိုင်းတွင် အခမဲ့ ဖြန့်ဝေခွင့်ပေးခြင်း၊ အသုံးပြုနည်းများ၊ ပိုမို ကောင်းမွန်သော ဗားရှင်းများ အတွက် ထပ်မံ တိုးတက် (Develop) ထုတ်လုပ်နိုင်ရန် အခြေခံ သီအိုရီများ ဖြန့်ဝေ ပညာပေးခြင်း၊ ထိုမှ တစ်ဆင့် ပထမဆုံးသော မြန်မာယူနီကုဒ် ဖြစ်သည်နှင့် အညီ မြစေတီအား အနည်းဆုံး ပြည်တွင်း အဆင့် ခိုင်မာတိကျသော စံသတ်မှတ်ချက် တစ်ခုဖြစ်လာအောင် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပဲ ဦးစွာ စီးပွားရေး လုပ်ငန်းသုံးရန် အဓိကထား ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း တို့သည်ကား မြစေတီ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ထို အတွက် ထင်သာမြင်သာ ရှိလှသော ဥပမာ တစ်ခုကား “လယ်သမား ကောင်းဟူသည် လယ်မြေကို ညက်စွာ ထွက်ယက်ပြီးမှ မျိုးစေ့၊ မျိုးပင် တို့ကို စနစ်တကျ စိုက်ပျိုးအပ်ခြင်း” ဟူသော ဥပမာ ဖြစ်ပေလိမ့်မည်။ မြန်မာတို့ အတွက် အလွန့်အလွန် အခြေခံကြီးဖြစ်သော၊ လယ်မြေနှင့် တူသော မြန်မာစာ အတွက် ယူနီကုဒ်စနစ် ကို မှ အားလုံး အကျွမ်းတဝင် ကြေညက်စွာ အသုံးမပြု နိုင်ကြသေးမှီ ၎င်းမှ ထပ်မံ ပေါက်ရောက် ထွက်ရှိ လာမည့် သီးပင်၊ စားပင် တို့အား အောင်မြင်စွာ သီးပွင့် ဆွတ်ခူးရန် အတွက် မျှော်လင့်ခြင်း ပြုနိုင်အံ့ မထင်ပေ။

(ခ) မြန်မာ - ၁၊ ၂၊ ၃ (Myanmar1, 2, 3)
မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ၏ ကြီးကြပ်မှုဖြင့် မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့ (Myanmar Unicode and National Language Processing Research Center – MyanmarNLP) အား ၂၀၀၂-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MyanmarNLP အဖွဲ့မှ Myanmar1, Myanmar2 နှင့် Myanmar3 ယူနီကုဒ် ဖောင့်ထ် များကို အများပြည်သူတို့ အခမဲ့ သုံးစွဲရန် အတွက် အဆင့်ဆင့် တီထွင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ် ယူနီကုဒ် ဗားရှင်းမှာ ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ (၁၄.၁၂.၂၀၀၇) တွင် ဖြန့်ချီခဲ့သော Myanmar3 ဖြစ်သည်။ ၎င်း Myanmar3 ဖောင့်ထ် အား နိုင်ငံတကာ စံပြုအဖွဲ့အစည်း (ISO) ၏ စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထားသည်ဟု သိရပြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စနစ်၊ ပန်းသီး ၏ OS စနစ်နှင့် Linux စနစ်များတွင်ပါ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားကာ မြန်မာ ကွန်ပြူတာ အသုံးပြု သူများ အတွက် ထပ်မံ စောင့်ကြည့် လေ့လာရမည့် ယူနီကုဒ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၏။

Myanmar NLP မှ ထုတ်လုပ်ဖြန့်ချီသော ဖောင့်ထ် ဒီဇိုင်းနှင့် လက်ကွက်များကို အသုံးပြုရန် မြန်မာ-၁၊ မြန်မာ-၂ နှင့် မြန်မာ-၃ တို့ အတွက် ကိုယ်ပိုင် Open Type ဖောင့်ထ် များနှင့် လက်ကွက်မြေပုံဖိုင် တစ်ခုစီ ကိုယ်ပိုင် တီထွင် ပါရှိပြီး နောက်ဆုံးထုတ် မြန်မာ-၃ ဖောင့်ထ် ကို မိမိ ကွန်ပြူတာ တွင်ထည့်သွင်းပြီး လက်ကွက် အသုံးပြုနိုင်ရန် အတွက် Tavultesoft Keyman (Home Free Version) ကို အသုံးပြုထားသည်။ လက်ရှိ နောက်ဆုံးထုတ် Myanmar3 ဖောင့်ထ် သည် ယူနီကုဒ်၏ နောက်ဆုံး စံသတ်မှတ်ချက် ၅.၁.၀ နှင့် ကိုက်ညီအောင် ပြုပြင်ထားသည် ဟုသိရှိရပြီး Myanmar NLP ၏ ဝဘ်ဆိုဒ်တွင်မူ ပထမဦးဆုံးထုတ် ဗားရှင်းဖြစ်သော မြန်မာ-၁ ကိုသာလျင် Standard Version အဖြစ် ဖော်ပြထားသေးသည် ကို တွေ့ရှိရသည်။

ယူနီကုဒ်၏ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိပြီး အစိုးရမဟုတ်သော၊ မြန်မာ ယူနီကုဒ်ကို လေ့လာဖွံ့ဖြိုးမှုများ ပြုလုပ်နေသော အဖွဲ့များ အနက် တာဝန်အရှိဆုံး ဖြစ်သော အမျိုးသား စီမံကိန်း အဖွဲ့တစ်ခုမှ ထုတ်ဝေသော အခမဲ့ ဗားရှင်း ဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ နှင့် ၃ ဖောင့်ထ် တို့ကို အသုံးပြုသူ နည်းပါးခဲ့ကြ၏။ အကြောင်းရင်းမှာ အဆိုပါ ယူနီကုဒ် စနစ်၏ (ယူနီကုဒ် စနစ်ကို အတိအကျ လိုက်နာထားသော စနစ်ဖြစ်သည့် အလျောက်) အသုံးပြုရာတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါရှိနေခြင်း ၊ ဗားရှင်း တစ်ခုနှင့် တစ်ခု အပြောင်းအလဲများ ကြားတွင် စံပြုသတ်မှတ်မှုများ ကွာဟချက် ကြီးမားနေခြင်း၊ ဖောင့်ထ် ပုံစံ သေသပ်မှု အနည်းငယ် လိုအပ်နေခြင်း နှင့် နောက်ဆုံး Myanmar NLP ကိုယ်တိုင် အဆိုပါ Myanmar 1, 2, 3 Font များကို အသုံးပြုသူများ မြန်ဆန်စွာ လက်ခံ အသုံးပြု လာနိုင်စေရေး အတွက် ကျယ်ပြန့်စွာ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရသည်။ (မြန်မာ-၁ [၂၀၀၆] မထွက် မှီ ဇော်ဂျီ-၁ [၂၀၀၅] ထွက်ရှိခဲ့ပြီး တွင်ကျယ်ခဲ့မှု ကလည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ဖွယ် ရှိသည်။)

အငြင်းပွားဖွယ် ပြဿနာများ ရှိနေသော်ငြားလည်း လက်ရှိ Myanmar 1,2,3 Unicode Font များသည် ယူနီကုဒ် အကျိုးတူ အဖွဲ့အစည်း ကြီးမှ သတ်မှတ်ထားသော ကမ္ဘာသုံး ယူနီကုဒ် စနစ်၏ မြန်မာစာ အတွက် စံနှုန်းများကို အတိကျနိုင်ဆုံး ဖြစ်အောင်နှင့် မြန်မာစာ ရေးထုံးများအတိုင်း လိုက်နာပြီး ရေးသား အသုံးပြုနိုင်ရန် တီထွင်ဖန်တီး ထားသည်ကို တွေ့ရှိရကာ (ဥပမာ - န ငယ် ၂-မျိုး၊ န နှင့် န၊ ရ ရစ် ၄-မျိုး၊ြြြြ ၊ တစ်ချောင်းငယ်၊ နှစ်ချောင်းငယ် ၂-မျိုးစီ၊ုူ စသည်တို့ သတ်မှတ်ထားခြင်း မရှိပဲ အသုံးပြုသော စကားလုံးနှင့် အသုံးပြုပုံ ကိုလိုက်၍ ကီးတစ်ခုတည်းကို ရိုက်နှိပ်ရုံဖြင့် အလိုအလျောက် ပြောင်းလဲအောင် ဖန်တီးထားခြင်း . စသည်…) တရားဝင် အနေအထား တစ်ခုအတွက် အသုံးပြုရန် မူရင်း ဆော့ဖ်ဝဲ ကို မြန်မာဘာသာသို့ ပြန်ဆို ရေးသားသူများ၊ ဝဘ်ဆိုဒ် ဖန်တီး ရေးသားသူများ စသူတို့ အနေဖြင့် ပြည်တွင်းမှု ပြုခြင်း (WordPress & Joomla စသည့် အခြေခံ ဆော့ဖ်ဝဲရ် အထုပ်များကို မြန်မာဘာသာ ဖြင့် အလွယ် အသုံးပြုနိုင်ရန် ပြန်ဆိုခြင်း စသည်…)၊ အခြားသော မြန်မာဘာသာသို့ ပြန်ဆိုခြင်း (Officially Localizations For Software & Web Development ) စသည့် လုပ်ငန်း ဆောင်တာတို့အတွက် အလွယ် တစ်ကူ အခမဲ့ ရရှိနိုင်သော မရှိမဖြစ် နှင့် မသုံးမဖြစ် သုံးရမည့် မြန်မာ ယူနီကုဒ် ဖောင့်တစ်ခု ဖြစ်သည် ဆိုခြင်းကိုမူ ငြင်းပယ်ဖွယ် မရှိပါချေ။

(ဂ) ဇော်ဂျီ (ZawGyi )

လက်ရှိ မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှုအများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ်စနစ် (ZawGyi Myanmar Unicode Font) ကို မြန်မာ့ အိုင်တီ နယ်ပယ်မှ ပညာရှင် ငါးဦး ပါဝင်သော ဇော်ဂျီ အဖွဲ့ နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ် တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်။ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် ကို အသုံးပြုထားပြီး ပြုပြင်မှုများ၊ အသစ်ထပ်မံ ထုတ်လုပ်မှုများ အဆင့်ဆင့် နှင့် မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (အထူးသဖြင့် ဘလော်ဂါများ) လောကဝယ် လွယ်လင့်တစ်ကူ၊ ထိထိရောက်ရောက် ၊ အခမဲ့ အသုံးချနိုင်ခြင်း တည်းဟူသော အချိန်အခါ၏ လိုအပ်ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇော်ဂျီ မြန်မာယူနီကုဒ် သည် ၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association) Excellent Award ဆုကို ရရှိသည် အထိ အောင်မြင်ခဲ့သည်။

ဇော်ဂျီ ယူနီကုဒ် ကို ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်းသည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း မရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာဖောင့်ထ် သည် အသုံး ပြုရန် လွယ်ကူမှု ရှိခြင်း နှင့် ဖောင့်ပုံစံ သေသပ် လှပခြင်းတို့မှ အပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ်မှတ်ထားချက် များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပမာအားဖြင့် ဆိုရလျင် ဇော်ဂျီသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ(End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။

ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ အရေးကြီး အဆင့်အတန်း သတ်မှတ်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ်လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ်၏ စံသတ်မှတ် ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများနှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက် ထုတ်လုပ်ရန် သာဖြစ်သည်။ ထိုအချက်များ မပါရှိပဲ ဆက်လက်ထွက်ရှိမည့် ဗားရှင်း အသစ်များသည်လည်း ယခုအတိုင်းသာ ဖြစ်နေပါက ရေရှည်တွင် ကွန်ပြူတာသုံး မြန်မာစာ စနစ်အတွက် ကြီးမားသော အခက်အခဲ နှင့် အဟန့် အတား တစ်ခုအဖြစ် ပေါ်ပေါက်လာရန် မရည်ရွယ်ပဲ အားထုတ်နေမိ သကဲ့သို့ ရှိနေပေလိမ့်မည်။

ပုံ (၄) ယူနီကုဒ် ၅.၁.၀ တွင် သတ်မှတ်ထားသော မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
Myanmar Characters in Unicode 5.1

Positions of Myanmar Characters in Unicode 5.1

ပုံ (၅) လက်ရှိ အသုံးပြုနေသော ဇော်ဂျီ မြန်မာ ယူနီကုဒ် ၏ မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
Zawgyi Font Character Map

Character Map of Zawgyi Font

ပုံများ- ယူနီကုဒ် ၅.၁.၀ စံသတ်မှတ်ချက်များ နှင့် ဇော်ဂျီတို့၏ အသုံးပြုပုံ ကွဲလွဲနေခြင်းအား သရုပ်ပြပုံ

ယခုလက်ရှိ အနေအထားတွင်မူ ဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိက သတင်း ဝဘ်ဆိုဒ်ကြီးများ ကိုယ်တိုင် အလေးထား သုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင် လတ်တလော အနေဖြင့် အလွန့်အလွန်မှပင် အဆင်ပြေလျက် ရှိနေခြင်းမှာ အငြင်းပွားဖွယ် မရှိသော အချက်ဖြစ်သည်။ သို့သော် အမှန်တစ်ကယ် အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များ အတိုင်း လိုက်နာထားသော လူသုံးများ ဆော့ဖ်ဝဲရ်များ၊ ပင်မ မောင်းနှင်စနစ်များ (Operating Systems)၊ ဝဘ်ဆိုဒ် ဖွံ့ဖြိုးခြင်း နည်းပညာများ (Web Development) ၊ ဘာသာစကား အဘိဓာန်များ (Lexicon)၊ အလိုအလျောက် ဘာသာပြန်ဆိုခြင်း(Machine Translation) လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ကား လွန်စွာမှ အလှမ်းဝေးလျက် ရှိပြီး လက်ရှိ ဇော်ဂျီကို အသုံးပြုနေသော ဝဘ်ဘလော့ဂ်များ၊ သတင်းဆိုဒ်ကြီးများ၊ တစ်ကိုယ်ရေ အသုံးပြုသူများ အနေဖြင့် မိမိ၏ လတ်တလော အဆင်ပြေမှုထက် ကျော်လွန်၍ ဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ် ကာလအထိ စဉ်းစားရန်မှာ လွန်စွာမှ ပြုလုပ်သင့်သော အချက်တစ်ခု ဖြစ်သည်။ ထင်သာမြင်သာ အရှိဆုံး နှင့် အခြေခံ အကျဆုံး ဥပမာ ပေးရလျင် ယခု ကျွန်ုတို့ အနေဖြင့် ဂူဂဲယ်လ် ဘာသာပြန် စာမျက်နှာ သုံးပြီး ယူနီကုဒ် စံသတ်မှတ်ချက် အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာများအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာ ပြောင်းလဲ ကြည့်ရှုနိုင်၏။ မကြာတော့သော ကာလတွင် ယူနီကုဒ် ၅.၁.၀ ကိုလိုက်နာသော မြန်မာစာ စနစ်အား အဓိက ဆော့ဖ်ဝဲရ် ကုမ္ပဏီကြီးများ ထည့်သွင်း အသုံးပြုလာကြပြီး သကာလတွင် လက်ရှိ ဇော်ဂျီသုံး ဝဘ်စာမျက်နှာများ အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ လူများ ထိုသို့ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ခွင့် ရပါမည်လော။ စဉ်းစားဖွယ် ဖြစ်၏။

×××××××××××××××××××××

ဆက်လက် ဖော်ပြပါမည်…

ရည်ညွှန်း ကိုးကား

(က) မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)

(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha Mandalay, UniBurma Project, UniMM, KeyMagic Project, MMLT Progects )
Related Posts with Thumbnails